ငါးဖမ်းစက်လှေတွေကို မြန်မာရေတပ် ပစ်ခတ်မှုအတွက် ထိုင်းအစိုးရကန့်ကွက်

ထိုင်းငါးဖမ်းစက်လှေပေါ် အလုပ်လုပ်နေကြတဲ့ မြန်မာရေလုပ်များ (AP Photo/Apichart Weerawong)

ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်ခဲ့မှုအတွက် ကန့်ကွက်လိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

မနေ့တုန်းက ပစ်ခတ်မှုကြောင့် ထိုင်းရေလုပ်သားတဦး ရေနစ်သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရခဲ့သလို၊ ရေလုပ်သား ဒါဇင်နဲ့ချီကိုလည်း ဖမ်းဆီးသွားခဲ့တာပါ။ မြန်မာရေပိုင်နက်ထဲ ဝင်ရောက်လာတာကြောင့် ထိုင်းငါးဖမ်းစက်လှေတွေ ပစ်ခတ်ခဲ့တာလို့ ပြောဆိုနေတာကိုလည်း ထိုင်းဝန်ကြီးချုပ်က မေးခွန်းထုတ်ခဲ့ပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီးကတော့ ငါးဖမ်းစက်လှေ ၁၅ စင်းအနက် ၂ စင်းဟာ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းအနီး မြန်မာရေပိုင်နက်ထဲ ရေမိုင် ၄ - ၅ မိုင်ကျော်လောက် ရောက်နေခဲ့ကြောင်း အစောပိုင်းမှာ ပြောဆိုထားတာပါ။ ထိုင်းဝန်ကြီးချုပ်ကတော့ မြန်မာရေပိုင်နက်ထဲ ငါးဖမ်းစက်လှေတွေ ရောက်နေကြောင်း တိတိကျကျ မပြောနိုင်ကြောင်းနဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အကြမ်းဖက်ဖြေရှင်းတာကို အားမပေးကြောင်းလည်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အဖြစ်အပျက်နဲ့ ပတ်သက်လို့ အသေးစိတ် သိရဖို့ တောင်းခံထားပြီး ဖမ်းဆီးခံထားရတဲ့ ငါးဖမ်းသမား ၃၁ ယောက်ထဲက ၄ ယောက်ကို ချက်ခြင်းပြန်လွှတ်ပေးဖို့ ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီကတော့ လတ်တလော တစုံတရာ ပြောဆိုတာ မရှိသေးပါဘူး။ အင်အားသုံး ဖြေရှင်းတဲ့ ကိစ္စအပေါ် ကန့်ကွက်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ကလည်း စာပေးပို့ထားပြီး အသေးစိတ်ဖြေရှင်းဖို့နဲ့ ဖမ်းဆီးထားသူတွေ အမြန်ဆုံး ပြန်လွှတ်ဖို့ တောင်းဆိုခဲ့တာပါ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ကလည်း အခုဖြစ်ရပ်အတွက် စိုးရိမ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပြီး၊ ဖြစ်ရပ်ကိုဖြေရှင်းဖို့နဲ့ ဖမ်းဆီးထားသူတွေ အမြန်ဆုံး ပြန်လွှတ်ပေးရေး ဆွေးနွေးဖို့ မြန်မာသံအမတ်ကြီးကို တနင်္လာနေ့မှာ ဆင့်ခေါ်ထားပါတယ်။