ကမ္ဘာတလွှား ရွှေ့ပြောင်းနေထိုင်မှုတွေနဲ့ လူကုန်ကူးမှု ပြဿနာတွေ ရင်ဆိုင်နေရတဲ့ အထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ကြောင်း ဒီကနေ့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများနေ့မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ ရွှေ့ပြောင်းနေထိုင်မှုတွေနဲ့အတူ လူကုန်ကူးမှုတွေမှာ မြန်မာနိုင်ငံက လူငယ်လူရွယ်တွေ သားကောင်ဖြစ်နေကြရတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုဇော်မိုးကျော် တင်ပြထားပါတယ်။
အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ လူကုန်ကူးသူတွေရဲ့ အဓိကအသုံးချရာ နိုင်ငံတခုဖြစ်လာတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာသူများနေ့မှာ အစီရင်ခံစာထဲမှာ ရေးသားထားတာပါ။
အာရှ-ပစိဖိတ်ဒေသမှာ လူကုန်ကူးသူတွေဟာ လမ်းကြောင်းမျိုးစုံကိုသုံးပြီး လူကုန်ကူးနေကြပါတယ်။ အရှေ့တောင်အာရှမှာတော့ ထိုင်းနိုင်ငံဟာ ကမ္ဘောဒီယား၊ လာအိုနဲ့ မြန်မာနိုင်ငံကသူတွေ အများဆုံးသွားတဲ့နိုင်ငံ ဖြစ်လာပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံဟာ လူကုန်ကူးမှုတွေမှာ ပတ်သက်နေတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်နေတယ်လို့ UNDP ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ လေးနှစ်အတွင်း အရှေ့တောင်အာရှမှာ အွန်လိုင်းငွေလိမ် ရာဇဝတ်လုပ်ငန်းတွေက အတော်လေး ခေတ်စားလာပါတယ်။ ဒီလုပ်ငန်းတွေဟာ ဝန်ထမ်းရဖို့အတွက် အလုပ်ရှာဖွေရေး ကြားခံပွဲစားတွေကို အသုံးပြုနေကြတယ်လို့ UNDP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနယ်စပ် မြဝတီမြို့က အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေမှာ အာရှနိုင်ငံသားတွေ လိမ်ညာစေခိုင်းခံနေရကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်လည်း ထိုင်း၊ မလေးရှား၊ တရုတ်နိုင်ငံက လုပ်ငန်းခွင်တွေမှာ လုပ်ခလစာမရဘဲ စေခိုင်းခံနေရတာပါ။ လူကုန်ကူးပွဲစားတွေအတွက် မြန်မာနိုင်ငံက လူငယ်၊ လူလတ်ပိုင်းတွေဟာ အဓိကဝင်ငွေရှာရာ လမ်းကြောင်းဖြစ်နေကြောင်း ထိုင်းအခြေစိုက် အလုပ်သမား မဟာမိတ်အဖွဲ့က ကိုမုန်တိုင်းက ပြောပါတယ်။
"မြန်မာနိုင်ငံက စပြီးတက်လာပြီဆိုရင် သူတို့တော်တော်များများ အွန်(လိုင်း)က မြန်မာနိုင်ငံသား လူတင်ပွဲစားတွေက ထိုင်းသူဌေး တဆင့်ခံအလုပ်သမားတွေနဲ့ ချိတ်တယ်၊ ချိတ်ပြီး ဒီအလုပ်သမားကို တသိန်းဆိုတသိန်း၊ လူဆယ်ယောက် ၁သိန်းပေး၊ လူတယောက် တသောင်းနှုန်းနဲ့ လူခေါ်ခရယ်၊ တင်ခရယ်ဆိုပြီး အဲလိုယူပြီး ဒီအလုပ်သမားတွေကို ထားသွားတယ်။ ထားသွားတော့ ဒီအလုပ်ကို အလုပ်သမားတွေက မလုပ်ချင်ဘဲ လုပ်ရတယ်။ လုပ်အားခကြလည်း သူတို့(ထိုင်းအလုပ်ရှင် က မရှင်းပေးဘူး၊ ဘာလို့လဲဆို ပွဲစားတွေယူသွားတဲ့ ပိုက်ဆံက မြန်မာပွဲစား ဖြစ်တယ်ပေါ့၊ အဲဒါကြောင့် သူဌေးတွေက မပေးတော့တာ။ အဲဒါတွေ အများကြီး ကြုံတွေ့နေရတယ်။"
အစားအစာ မလုံလောက်မှုကလည်း ရွှေ့ပြောင်းနေထိုင်ဖို့အတွက် ဆုံးဖြတ်ချက်ချတာမှာ အဓိက အကြောင်းရင်း ဖြစ်နေတယ်လို့ UNDP ရဲ့စာမှာ ဖော်ပြထားပါတယ်။ ၂၀၂၂ရဲ့ အချက်အလက်အရ အာရှနဲ့ ပစိဖိတ်ဒေသက လူဦးရေအတော်များများဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ဝယ်မစားနိုင်ကြကြောင်း ပြောပါတယ်။
အဲဒီထဲမှာ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံဟာ အာရှပစိဖိတ်မှာ ပဋိပက္ခတွေ၊ စားနပ်ရိက္ခာ မလုံလောက်မှုတွေနဲ့ ကြုံနေရတယ်လို့ ၂၀၂၂ က FAOနဲ့ UNICEF ရဲ့ အချက်အလက်တွေကို ကိုးကားပြီး UNDP ရဲ့ ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားထားတာပါ။