ခြံအမှတ် ၅၄ လေလံတင်နိုင်ရေး ဦးအောင်ဆန်းဦး လျှော့ပေးတဲ့ကြမ်းခင်းဈေး တရားရုံးလက်မခံ

Your browser doesn’t support HTML5

တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) ကို တတိယအကြိမ်ကြမ်းခင်းဈေး ၂၉၇ ဘီလီယံ နဲ့ လေလံတင်ရောင်းချဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ ဒုတိယအကြိမ် လေလံဈေး ဘီလီယံ ၃၀၀ ကနေ ဦးအောင်ဆန်းဦးဘက်က ၁၀ဘီလီယံ လျှော့ဈေးပေး ဈေးခေါ်ထားတဲ့ လေလံကြမ်းခင်းဈေး ၂၉၀ ကို တရားရုံးဘက်က လက်မခံဘဲ ၃ဘီလီယံဘဲ လျော့ခွင့်ပေးလိုက်တာပါ။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်ကို တတိယအကြိမ်ကြမ်းခင်းဈေး ၂၉၇ ဘီလီယံ နဲ့ လေလံတင်ရောင်းချဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ ဒုတိယအကြိမ် လေလံဈေး ဘီလီယံ ၃၀၀ကနေ တရားလို ဦးအောင်ဆန်းဦးဘက်က ၁၀ဘီလီယံ လျှော့ဈေးပေး ဈေးခေါ်ထားတဲ့ လေလံကြမ်းခင်းဈေး ၂၉၀ ကို တရားရုံးဘက်က လက်မခံဘဲ ၃ဘီလီယံဘဲ လျော့ခွင့်ပေးလိုက်တာပါ။ ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဆန္ဒမပါပဲ ရောင်းချဖို့ တရားရုံးအမိန့်က ဥပဒေအရ တရားမဝင်ဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိပါတယ်။ ဒီသတင်းရန်ကုန်ကပေးပို့လာတာကို ကပြောပြမှာပါ။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အမွေဆိုင်အငြင်းပွားမှုရှိနေတဲ့ ခြံအမှတ် (၅၄) နေအိမ်ကို လေလံတင် ရောင်းချနိုင်ဖို့အရေး ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ ပထမတကြိမ်၊ ၃၀၀ ဘီလီယံနဲ့ ဒုတိယတကြိမ် လေလံတင် ရောင်းချခဲ့ပေမဲ့ လေလံဆွဲ ဝယ်ယူသူမရှိတာကြောင့် အခုလို တတိယအကြိမ်မြောက် လေလံကြမ်းခင်းဈေးသစ် ၂၉၇ဘီလီယံ နဲ့ လေလံဆွဲဖို့ တရားရုံးက အမိန့်ချမှတ်လိုက်တာပါ။

တရားလို ဦးအောင်ဆန်းဦးဘက်က ဒုတိယအကြိမ် ဈေးခေါ်ထားတဲ့ လေလံကြမ်းခင်းဈေး ကျပ်ငွေ ၃၀၀ ဘီလီယံတန်ဖိုးကနေ ကျပ် ၁၀ဘီလီယံ လျှော့ဈေးပေးပြီး ကျပ်၂၉၀ ဘီလီယံနဲ့ လေလံတင်ဖို့ အောက်တိုဘာလ ၂၂ရက်နေ့က တရားရုံးကို လျှောက်ထား တင်သွင်းခဲ့တာပါ။ တရားရုံးဘက်က လက်မခံဘဲ ၃ဘီလီယံဘဲ လျော့ခွင့်ပေးလိုက်ပြီး ၂၉၇ဘီလီယံ နဲ့ ရောင်းချဖို့ တရားရုံးက အမိန့်ချမှတ်လိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။ လာမယ့် ၂၀၂၅ ဖေဖော်ဝါရီ ၅ရက်နေ့မှာ အဲ့ဒီ့နေအိမ်မှာဘဲ ထပ်မံလေလံဆွဲဖို့ တရားရုံးကအမိန့်ချမှတ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတာ၊ ဒေါ်အောင်ဆန်းစုကြည် မသိရှိသေးဘဲ လေလံဆွဲခွင့်ပေးတဲ့အပေါ် ဥပေဒေနဲ့ မညီညွတ်ဘူးဆိုပြီး တရားရုံးမှာ ကန့်ကွက်မှုတွေ တောက်လျှောက်လုပ်လာပေမယ့် တရားရုံးဘက်က ထည့်သွင်းစဉ်းစားပေးခြင်း မရှိခဲ့ပါဘူး။ အမှုနဲ့ပတ်သက်လို့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ရမှာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့က စစ်ကောင်စီကို အကြိမ်ကြိမ် တရားဝင်စာတင် တောင်းဆိုထားပေမဲ့ ဒီနေ့အထိ တွေ့ခွင့်မရသေးဘူးလို့လည်း ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ခြံအမှတ် (၅၄) နေအိမ်ဟာ သမိုင်းဝင်အိမ်တခုဖြစ်သလို ကာယကံရှင်ဒေါ်အောင်ဆန်းစုကြည်မသိဘဲ ရောင်းချခွင့်ပြုတာဟာ ဥပဒေနဲ့ မညီညွတ်သလို ဈေးဘယ်လောက်လျော့လျော့ ဝယ်ယူမယ့် သူရှိလာနိုင်စရာ မရှိဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ အခုလို သုံးသပ်ပါတယ်။

"လေလံဆွဲတဲ့သူမရှိမခြင်း လေလံပစ်နေမှာကတော့ ဥပဒေနဲ့ ညီတယ်။ သို့သော် ဥပဒေနဲ့မညီတာက ကာယကံရှင် ပစ္စည်းပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒမပါဘဲနဲ့ ဆန္ဒမယူဘဲနဲ့ လေလံတွေကို လျှော့ပေါ့နေတာ ပစ္စည်းတန်ဖိုး လျှော့နေတာ တရားရုံးက သူပိုင်ပစ္စည်းလဲ မဟုတ်ဘူး တရားသူကြီးက အဲလိုလုပ်ပိုင်ခွင့် မရှိဘူး။"

လွန်ခဲ့တဲ့၂ဝဝ၁ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို ဦးအောင်ဆန်းဦးက တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄) နေအိမ်ကို အမွေခွဲဝေယူလို ကြောင်း တရားရုံးမှာ လျှောက်ထားခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာတော့ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ ၂ ယောက်ခွဲယူဖို့ အမိန့်ချထားတာကို အိမ်မကြီးကို ဒေါ်အောင်ဆန်းစုကြည်ကရပြီး ဦးအောင်ဆန်းဦးက ပြိုပျက်နေတဲ့ အိမ်အသေးကိုရလို့ မကျေနပ်ဖြစ်ပြီး အိမ်ကိုလေလံတင်ခွဲ ယူမယ်ဆိုပြီး တရားရုံးအဆင့်ဆင့်မှာ ထပ်မံတရားစွဲ လျှောက်လဲခဲ့ပါတယ်။

တရားရုံးအဆင့်ဆင့်နဲ့ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီး ၉ ဦးပါ စုံညီခုံရုံးက ပယ်ချခဲ့ပေမယ့် ၂ဝ၁၉ခုနှစ်အတွင်းမှာ ထပ်မံ အထူးလျှောက်လွှာ တင်သွင်းခဲ့လို့ ပြည်ထောင်စုတရားလွှတ်တော်က မူလ ဆုံးဖြတ်ချက်ကိုပြင်ပြီး ဦးအောင်ဆန်းဦး လျှောက်ထားခဲ့တဲ့အတိုင်း ခြံနဲ့ နေအိမ်ကို လေလံပြန်ပစ်ပြီး ခွဲဝေယူကြဖို့ ပြင်ဆင်အမိန့်ချခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည် အဲ့ဒီ့နေအိမ်ထဲမှာပဲ နှစ်ရှည်အကျယ်ချုပ်ချခံခဲ့ရဖူးသလို၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Ban Ki-moon၊ အမေရိကန်သမ္မတဟောင်း Barack Obama၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ သမိုင်းဝင်တွေ့ဆုံခဲ့ကြတဲ့ နေအိမ်လည်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးအတွက်အရေးပါတဲ့ အဆောက်အဦး တခုဖြစ်တာကြောင့် ဒီခြံဝန်းကြီးကို ထိန်းသိမ်းထားဖို့ ပြည်သူတချို့က ဆန္ဒရှိကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခြံအမှတ် ၅၄ ခြံထဲမှာရှိတဲ့ အဆောက်အအုံတွေကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့အတွက် မည်သူတဦးတယောက်မှ ရောင်းချခြင်း၊ ရောင်းချရန် ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်ဖို့ကို တားမြစ်ထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲကမှ ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲ ဖြစ်ပါတယ်။ အဲ့ဒီ့လို နှစ်ရှည်ထောင်သွင်းအကျဉ်းချခံထားရတဲ့ အမှုပြိုင် ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ စစ်ကောင်စီကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က ၁၀ ကြိမ်ထက်မနည်း စာတင်တောင်းဆိုထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေနဲ့ သူမ တွေ့ဆုံခွင့်မရတာ ၂ နှစ်ပြည့်တော့မှာပါ။