သံဃာ့လှုပ်ရှားမှုအတွက် မစိုးရိမ်ဆရာတော်ကို ပါရဂူဘွဲ့ဆက်ကပ်

ပြီးခဲ့တဲ့ စက်တင်ဘာလက ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေအတွင်းမှာ သံဃာတော်တွေရဲ့ မေတ္တာပို့ ကြွချီခဲ့ကြတဲ့ အဖြစ်ဟာ ငြိမ်းချမ်းမှုအတွက် ရဲရင့်ကြတဲ့ သံဃာ့လှုပ်ရှားမှုတွေပဲ ဖြစ်လို့ အဲဒီလှုပ်ရှားမှုကို ဂုဏ်ပြုတဲ့အနေနဲ့ သာသနာ့ ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်က ပဓါနာစေရ ဆရာတော် ဦးကောဝိဒ ဘိဝံသကို အခုလာမယ့် ဒီဇင်ဘာလ (၁၄)ရက်နေ့မှာ ဂုဏ်ထူးထောင်ပါရဂူဘွဲ့ ဆက်ကပ်ဖို့လို့ ဆန်ဖရန်စစ္စကို တက္ကသိုလ်ကနေ စီစဉ်နေပါပြီခင်ဗျ။ မြန်မာပြည်က ရဲရင့်တဲ့ သံဃာတော်တွေ အားလုံးရဲ့ကိုယ်စား မစိုးရိမ်ဆရာတော်ဘုရား ဦးကောဝိဒက အဲဒီ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရယူမှာဖြစ်ပါတယ်။

မစိုးရိမ် ဆရာတော် ဦးကောဝိဒ ဘိဝံသကို ဦးကျော်အောင်လွင်က လျှောက်ထား မေးမြန်းထား ပါတယ်။

မြန်မာပြည်က ရဲရင့်တဲ့ သံဃာတော်တွေအတွက်ဆိုပြီးတော့ အမေရိကန်နိုင်ငံအနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားက ဆန်ဖရန်စ္စကို တက္ကသိုလ်ကနေပြီးတော့ ဆရာတော်ဘုရားကို ဆက်ကပ်မယ်လို့ တပည့်တော်တို့ သိရပါတယ် ဘုရား။ အရှင်ဘုရား ဒီဆုကို လက်ခံမှာလားဘုရား။

“ဆန်ဖရန်စ္စကို တက္ကသိုလ်က ပေးတဲ့ ဘွဲ့ကို ၁၄ရက်နေ့ တက်ယူမှာပါ။”

သံဃာတော်တွေအတွက် ဆုပေးတဲ့ အတွက် အရှင်ဘုရားရဲ့ သဘောထား ဘယ်လိုရှိပါသလဲဘုရား။

“သံဃာတော်တွေရဲ့ ကိုယ်စားဘုန်းကြီးကို ဘာလို့ ပေးတာလဲဆိုတော့ ဗမာနိုင်ငံမှာ ရှိနေတဲ့ သံဃာတွေကို ရဲရင်စွာနဲ့ လက်နက်မဲ့ပြီးတော့ ပရိတ်တွေ ရွတ်ပြီးတော့ စီတန်းလှည့်လည်တဲ့ သံဃာတော်တွေကို သေနတ်နဲ့ ပစ်သတ်တယ်ဆိုတဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ရှုံ့ချတဲ့အနေနဲ့က တကြောင်းပေ့ါ။ ပရိတ်တွေ လျောက်ရွက်နေတဲ့ ကိစ္စကို သေနတ်နဲ့ ပစ်တဲ့ကိစ္စဟာ အင်မတန် မိုက်ရိုင်းတဲ့ အလုပ်ပဲလို့ ဖော်ပြတဲ့အနေနဲ့လည်း ဆုပေးတာဖြစ်ပါတယ်။ ပြီးတော့လည်းပဲ စစ်တပ်က လူတွေကို သူက ဘယ်လိုအသိပေးချင်လဲဆိုတော့ မင်းတို့တွေ ဘယ်လိုပဲ ဖုံးဖွက် ပြီးတော့ နားမကြားအောင်လည်း ပိတ်ထားတယ်၊ မျက်စိမမြင်အောင်လည်း ပိတ်ထားတယ်၊ ဘယ်လိုပဲ ဖုံးနေ ပိတ်ထားပေမယ့် ကမ္ဘာက ခေတ်မီနေတဲ့အတွက် ဒင်းတို့ မတရားရက်စက်ရုတ်မာစွာ သံဃာတော်တွေကို သတ်ပစ်နေတာကို တို့တွေသိပါတယ်လို့ ကမ္ဘာကို ကြေညာတာလည်း ဖြစ်ပါတယ်။ ကြေညာတဲ့ အတွက်ကြောင့်လည်းပဲ ဗမာနိုင်ငံမှာရှိတဲ့ သံဃာတွေကလည်းပဲ တို့ကို အသိအမှတ်ပြုတဲ့ ပုဂ္ဂိုလ်တွေ၊ တို့ကို အားပေးတဲ့ ပုဂ္ဂိုလ်တွေရှိပါလားဆိုပြီး ရဲရင့်သတ္တိတွေရှိသထက် ပိုရှိလာမယ်လို့ မျှော်လင့်ပါတယ်။ အခုလည်းပဲ ဗမာပြည်မှာရှိတဲ့ သံဃာတွေဆီကနေ အဆက်အသွယ်တွေရပါတယ်။ သေနတ်နဲ့ ပစ်သတ်နေလို့၊ ဒုတ်နဲ့ ရိုက်သတ်နေလို့လည်း သံဃာတွေက စိတ်ဓာတ်ကျသွားတာမျိုးမရှိပါဘူး။ ပြည်သူပြည်သားတွေကလည်းပဲ စိတ်ဓာတ်ကျ သွားတာမရှိပါဘူး။ အချိန်အခါ အခွင့်အခါအရ သင့်လျော်သလို ကြည့်ပြီးတော့ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။”

အရှင်ဘုရားက မြန်မာစစ်အစိုးရရဲ့ အကျဉ်းချတာကိုလည်း ခံခဲ့ရတဲ့ သံဃာတော် ဆိုတော့ အခု မြန်မာပြည်အတွင်းမှာလည်း ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာ ပို့ကြွချီခဲ့ကြတဲ့ သံဃာတော်တွေထဲမှာ တချို့ဟာ အခု အကျဉ်းချခံထား ရပါတယ်ဘုရား။ ဒီသံဃာတော်တွေနဲ့ ပတ်သက်ပြီးတော့ အရှင်ဘုရား ဘာများ မိန့်စရာ ရှိပါသေးလဲဘုရား။

“ထောင်ထဲမှာ ထောင်လိုပဲ အညှဉ်းအဆဲခံရတာပေါ့။ ဒါပေမဲ့ သတ္တိရှိပြီး ခိုင်မာဖို့ လိုပါတယ်။ ဘုန်းကြီးလည်း ထောင်ထဲရောက်သွားတုန်းက ထောင်ထဲမှာ ထောင်သားတွေလိုပဲ စားရသောက်ရတာပါပဲ။ ဒါပေမဲ့ ဘုန်းကြီးက စိတ်မပျက်ပါဘူး။ စိတ်မပျက်ဘဲနဲ့ မြတ်စွာဘုရားပဲ အားကိုးပြီးတော့ နေ့တိုင်းနေ့တိုင်း မနက် လင်းတယ်ဆိုရင်ပဲ တခါတည်း မျက်နှာသစ်တယ်၊ ပဌာန်းတွေရွတ်တယ်၊ ဘာမှ စိတ်ဓာတ်တွေ ကျမသွားဘူး။ ဘုန်းကြီးက ထောင်ထဲရောက်သွားတုန်းက အသက် (၆၄)နှစ် အသက်အကြီးဆုံးထောင်ကျတဲ့ ဘုန်းကြီးပေါ့။ ဒါပေမဲ့ စိတ်ဓာတ်မကျဘဲနဲ့ တင်းတင်းမာမာနဲ့ မြတ်စွာဘုရားဟောတာတွေကို နှလုံးသွင်းနေတဲ့အခါမှာ ဒီလိုပဲ စစ်အာဏာရှာင်ရဲ့ နှိပ်စက်တဲ့ ဒဏ်ကို မခံရဘူးပေါ့။ စိတ်ဓာတ်ကျမသွားဘသးပေါ့၊ စိတ်ရောဂါတွေ ဖြစ်မသွားဘူးပေါ့။ တကယ်လို့သာ စိတ်ဓာတ်ကျမယ်ဆိုလို့ရှိရင် နှလုံးရောဂါတောင် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ ထောင်ထဲမှာ ရောက်နေပေမယ့် စိတ်ဓာတ်မကျကြနဲ့။ တို့မှာ တရားတော်တွေရှိတယ်လို့ ထောင်ထဲက သံဃာတော်များ သဘောပေါက်ဖို့လိုပါတယ်။”

အရှင်ဘုရားကို အဲဒီတုန်းက သင်္ဃန်းချွတ်ပြီးတော့ လူဝတ်လဲသေးလားဘုရာ့။

“လဲပါတယ်။ အဝတ်လဲပေမယ့် သံဃာက သံဃာပဲဖြစ်တာကိုး။ သိက္ခာမချမခြင်း သံဃာက သံဃာပါပဲ။”

တင်ပါ့ဘုရား။ ဗုဒ္ဓဘာသာ အစဉ်အလာအရ သံဃာတပါးကို သင်္ဃန်းချွတ်ပြီးတော့ လူဝတ်လဲတာတွေ လူနာမယ် အတင်းပြောင်းပြီးတော့ ထောင်သွင်းအကျဉ်းချတာတွေဟာ သာသနာ့ ဝိနည်း စည်းကမ်းတွေအရ ဘယ်လိုအဓိပ္ပါယ်သက်ရောက်စေပါလဲဘုရား။

“ဘယ်လိုပဲ လူနာမယ်တွေ ပြောင်းပြောင်း၊ ဘယ်လိုပဲ အဝတ်တွေ ချွတ်ခိုင်းချွတ်ခိုင်း မြတ်စွာဘုရားက နှစ်ပေါင်း ၂၅၀၀ ကျော်လောက်ကတည်းက အနာဂတ်ကို ဘယ်လို မြင်ထားလဲဆိုတော့ ငါ့သာသနာတော်ကို ဖြတ်လို့ရှိရင် ဖြတ်လို့မရအောင်ဆိုပြီးတော့ ပညတ်ထားတာရှိပါတယ်။ ဘယ်လိုပညတ်ထားသလဲဆိုလို့ရှိရင် ရဟန်းတပါးသည် ရဟန်းဘဝမှ ထွက်ချင်တယ်ဆိုရင် ရဟန်းကိုယ်တိုင် ထွက်ချင်တဲ့စိတ်နဲ့ထွက်မှရပါမယ်။ ထွက်ချင်တဲ့စိတ်မရှိဘဲနဲ့ သိက္ခာမချဘူးဆိုလို့ရှိရင် ဘယ်လိုလုပ်လုပ် သိက္ခာကျမသွားတဲ့အတွက် လူနာမယ်ပဲ ပေးပေး၊ ဘယ်လိုပဲ ခေါ်ခေါ်၊ ဘယ်လိုပဲ လုပ်လုပ် ရဟန်းဟာ ရဟန်းပါပဲ။”

အရှင်ဘုရားစုစုပေါင်း အကျဉ်းကျခံကာလ ဘယ်လောက်များကြာခဲ့ပါသလဲ။

“အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်ချပါတယ်။”

အလုပ်ကြမ်းတွေရော အရှင်ဘုရားကို ခိုင်းပါသေးလားဘုရား။

“အဲဒါတော့ မခိုင်းပါဘူး။”

အရှင်ဘုရားကို ဘယ်လို ပုဒ်မတပ်ပါသလဲဘုရား။

“၅ည၊ နိုင်ငံရေး ပုဒ်မလို့ ပြောတာပဲ။ ဘုန်းကြီးက ငါးညဆိုလို့ ငါးညပဲနေမယ်လို့မှတ်တာပဲ။ ငါးညမကဘူး ထောင်သုံးနှစ်နေခဲ့ရတယ် ဒကာကြီးရယ်။”

အရှင်ဘုရား၊ ဒါဟာ နိုင်ငံရေးသမားတွေကို ချတဲ့ ပုဒ်မပဲ။ အရှင်ဘုရားက နိုင်ငံရေးလုပ်လို့လား၊

“ဘုန်းကြီးက နိုင်ငံရေးကို စိတ်တောင်မကူးပါဘူး။ ဒီစစ်အစိုးရက သူပြောချင်တာပြောတာကြီးပဲ။”

အခုဆို တပည့်တော်တို့ ကြားတာက အထူးသဖြင့် ရန်ကုန်မြို့အတွင်းမှာဆိုလို့ရှိရင် သံဃာတော်တွေဟာ အကြီးအကျယ်နည်းပါး နေတယ်။ တခြားမြို့တွေမှာ ဆိုလို့ရှိရင်လည်း သံဃာတော်တွေရဲ့ အခြေအနေဟာ သတိထားပြီးတော့ နေနေရတယ်လို့ သပည့်တော်တို့ ကြားနေရပါတယ်ဘုရား။ မြန်မာပြည်တွင်းက သံဃာထုတွေကို အရှင်ဘုရားအနေနဲ့ ဘာများမိန့်စရာရှိပါသလဲ။

“ကောင်းတာက ဘာမှ အားမလျော့နဲ့ ပြည်ပကနေ သာသနာ့ ဥသျှောင်အဖွဲ့ဖွဲ့ပြီးတော့ သာသနာကို ထိမ်းသိန်းဖို့ အဖွဲ့ဖွဲ့ထားပြီ။ ဗမာနိုင်ငံမှာရှိတဲ့ သံဃာတော်များ အားလုံးစိတ်ထားညီရမယ်။ ညီညွတ်ရမယ်။ ကြောက်စိတ်တွေ မမွေးရဘူး။ တနေ့ကျရင် အာဏာရှင်စနစ်ဟာ ကွယ်ပျောက်သွားမှာပဲ။ သာသနာ့ အန္တရယ်တွေ ကွယ်ပျောက်သွားမှာပဲလို့ အားတင်းထားရမယ်။ ဒါဟာ ဘုန်းကြီးတို့ သာသနာ့ ဥသျှောင်အဖွဲ့ကနေပြီးတော့ တိုင်းပြည်မှာ အုပ်စိုးနေတဲ့ ခေါင်းဆောင်တွေ၊ တိုင်းပြည်မှာရှိနေတဲ့ ဘာသာရေးခေါင်းဆောင်တွေ အကုန်လုံးစာတွေ ဖြန့်ဝေထားတာပဲ။ ဗမာနိုင်ငံမှာ သာသနာကို ဒီလိုပဲ စော်ကားခံနေရပြီ။ဗမာနိုင်ငံသာသနာကိုတော့ ဝိုင်းပြီးတော့ ကူညီစောင့်ရှောက် ကြပါအုန်းလို့ ဘုန်းကြီးက ပန်ကြားထားတာပဲ။”

နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေမှာရောအရှင်ဘုရားတို့ ဘယ်လို သဘောရပါလဲဘုရား။

”အားပေးကြပါတယ်။ အားလုံးအားပေးကြပါတယ်။ ပုပ်ရဟန်းမင်းကြီးကဆိုလို့ရှိရင် ဗုဒ္ဓဘာသာကို စော်ကားတာဟာ သူတို့ဘာသာကို စော်ကားတာနဲ့ အတူတူပါပဲလို့ ပုပ်ရဟန်းမင်းကြီးက ပြောထားတာရှိပါတယ်။”

မြန်မာစစ်အစိုးရက တကယ်တမ်းမှာ သံဃာထုအများစုက ဒီကိစ္စတွေမှာ စိတ်ဝင်စားတာမဟုတ်ဘူးလို့ပြောဆိုနေတာတွေနဲ့ ပတ်သက်ပြီးလို့ အရှင်ဘုရားဘယ်လို တုန့်ပြန်ချင်ပါလဲဘုရား၊

“ဘုန်းကြီးက ဆန်ဖရန်စ္စကိုဘက်မှာ တရားဟောမှာပါ။ တရားဟောတဲ့အခါမှာ သံဃာဟာ အတုမရှိတဲ့အကြောင်း မြတ်စွာဘုရားက သံဃာတုလို မဆိုခဲ့တဲ့အကြောင်း တရားဟောမှာပါ။ တရားဟောပွဲ လေးပွဲ ငါးပွဲလောက် ဟောဖို့ အစီအစဉ်ရှိပါတယ်။ ဘုန်းကြီးက ကံကြီးထိုက်သူများအကြောင်းစဟောမှာဖြစ်ပါတယ်။ သက်သေသက္ကာယတွေနဲ့ ဟောမှာပါ။ ဒီလိုသံဃာတော်ကို စော်ကာတွေနဲ့ ဟောမှာပါ။ ဒီလိုသံဃာတော်ကို စော်ကားတဲ့အခါမှာ ပစ္စုပ္ပန်မှာ ဘယ်လိုခံရတယ်၊ သမန်လွန်မှာ ဘယ်လိုခံရတယ်၊ ရာဇဝင် သမိုင်းအထောက်အထားတွေ နဲ့ ဘုန်းကြီးက ဟောမှာဖြစ်ပါတယ်။ ပြီးတော့ အာဏာရှင်ဇာတ်သိမ်းလဲ ဟောအုန်းမယ်။ ဗမာပြည်ဘာကြောင့်ဆင်းရဲသလဲဆိုတာလည်း ဟောအုန်းမယ်။ ရဲသော်မသေ၊ သေသော်ငရဲမလားဆိုတဲ့ တရားလည်း ဟောမယ်။”