ပင်ညဲရိုးရဲ့လူ့အခွင့်အရေးအစီရင်ခံစာ ပြည့်စုံမှုရှိ၊ အသေးစိတ်အချက် အလက်တွေပါ

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို သေစေတဲ့ထိ အင်အား အလွန်အကျွံသုံး နှိမ်နင်းခဲ့တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပင်ညဲရိုးက ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ အစီရင်ခံလိုက်ပါတယ်။ မနေ့က သူ့ရဲ့ အစီရင်ခံစာကို ကောင်စီကို တင်သွင်းချိန်မှာ သူက အဲဒီလို ထည့်ပြောသွားတာပါ။

“ရဲတပ်ဖွဲ့၊ စစ်တပ်၊ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းနဲ့ စွမ်းအားရှင်အဖွဲ့တွေဟာ ကျနော့် အမြင်မှာတော့ အရပ်သားတွေပေါ်မှာ လိုအပ်မှုမရှိဘဲ သေစေ နိုင်လောက်တဲ့ထိ အင်အားအလွန်အကျွံ အသုံးပြုခဲ့ပါတယ်၊ ဆန္ဒပြပွဲတွေကို ကိုင်တွယ် ရာမှာ အင်အား အသုံးပြုတာကို ရှောင်ကျဉ်ဖို့ နိုင်ငံတကာက ဝိုင်းဝန်းတောင်းဆိုနေတဲ့ကြားထဲကပဲ အခုလို အသုံးပြုခဲ့တာပါ။” လို့ မစ္စတာပင်ညဲရိုးက အစီရင်ခံပါတယ်။

ဒီနေရာမှာ မစ္စတာပင်ညဲရိုးရဲ့ အသုံးအနှုန်း အတိအကျအတိုင်းဆိုရင်တော့ စွမ်းအားရှင်အဖွဲ့ကို SAS Militia လို့ ညွှန်းသွားပြီး စစ်သွေးကြွ စွမ်းအားရှင်အဖွဲ့လို့ ဆိုရမယ်ထင်ပါတယ်။ အင်အားအသုံးပြု နှိမ်နင်းတာမျိုးမလုပ်ခင်မှာ ဆန္ဒပြသူတွေနဲ့ ဆွေးနွေးပြောဆိုတာမျိုး မလုပ်ခဲ့သလို ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတဲ့ အရင်းခံ အကြောင်းရင်းကိုလည်း မရှာဖွေခဲ့ဘူးလို့ မစ္စတာပင်ညဲရိုးက ထောက်ပြသွားပါတယ်။

ထိန်းသိမ်းထားသူတွေကို အစိုးရက လွှတ်ပေးခဲ့တာတွေရှိပေမယ့် ဆက်ပြီးဖမ်းဆီးတာတွေလည်း ရှိနေသေးတာကိုတော့ သူ ကန့်ကွက် ကြောင်း မစ္စတာပင်ညဲရိုးက ထည့်ပြောသွားပါတယ်။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ ဖွဲ့စည်းခွင့်တွေကို ငြိမ်းချမ်းစွာကျင့်သုံးခဲ့ကြလို့ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိလွှတ်ပေးဖို့ အစိုးရကို ကျနော် တောင်းဆိုပါတယ်။ ဒီထဲမှာ အရင်ကတည်းက ဖမ်းထားသူတွေရော၊ မကြာသေးခင် က ဖမ်းဆီးထားသူတွေရော ပါဝင်ပါတယ်။ ဒါ့အပြင် နောက်ထပ် ဖမ်းဆီးမှုတွေ မလုပ်ဖို့ကိုလည်း တောင်းဆိုပါတယ်။” တဲ့။

သံဃာတော်တွေပေါ်မှာ အကြမ်းဖက်တာ၊ ဘုန်းကြီးကျောင်းတွေကို စီးနင်းတိုက်ခိုက်တာတွေကတော့ အထူးသဖြင့် ထိတ်လန့်ဖွယ်ပါပဲလို့ မစ္စတာပင်ညဲရိုးက အလေးထား အစီရင်ခံသွားခဲ့ပါသေးတယ်။ သံဃာတော် ၅၃၃ ပါးကို ဖမ်းဆီးခဲ့ပြီး ၃၉၈ ပါးကို ပြန်လွှတ်ပေးခဲ့ပြီးပြီလို့ အာဏာပိုင်တွေက ပြောပါတယ်တဲ့၊ ဒါပေမယ့် -

“ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ သံဃာတော်အရေအတွက် အများအပြားဟာ ထိန်းသိမ်း ခံထားရ၊ ဒါမှမဟုတ် ပျောက်ဆုံးနေကြပါ တယ်။ ဘုန်းတော်ကြီးကျောင်းတွေကို အာဏာပိုင်တွေက မပြတ်စောင့်ကြည့်နေဆဲပါ။ စက်တင်ဘာလ ၂၆ ရက်ကနေ အောက်တိုဘာလ ၆ ရက်အတွင်း လုံခြုံရေးတပ်တွေဟာ နိုင်ငံတဝှမ်းက ဘုန်းတော်ကြီးကျောင်း ၅၂ ကျောင်းကို ဝင်ရောက်စီးနင်းခဲ့ပြီး သံဃာတော်ပိုင် ပစ္စည်း တွေကို လုယက်၊ သံဃာတော်တွေကို ရိုက်နှက် ဖမ်းဆီးတာတွေကို ကျယ်ကျယ်ပြန့်ပြန့်ကို လုပ်ခဲ့ပါတယ်။” လို့ မစ္စတာပင်ညဲရိုးက ထောက်ပြ အစီရင်ခံသွားခဲ့ပါတယ်။

သူ့ရဲ့ခရီးစဉ်ကို အချက်အလက်ရှာဖွေဖို့ရာ ပြည့်စုံလုံလောက်တဲ့ ခရီးစဉ်တခုအဖြစ် မယူဆ သင့်ကြောင်းနဲ့ စုဆောင်းရရှိတဲ့ အချက်အလက် တွေ မှန်ကန်ကြောင်း သက်သေထူနိုင်ဖို့ရာ နေရာ အားလုံးကို လွတ်လွတ်လပ်လပ် သွားနိုင်ပြီး လူတွေအားလုံးနဲ့လည်း တွေ့နိုင်ဖို့လိုပါတယ် လို့ မစ္စတာ ပင်ညဲရိုး က ထည့်ပြောသွားပါတယ်။

မစ္စတာပင်ညဲရိုးရဲ့ အခုအစီရင်ခံစာပေါ်မှာ မြန်မာစစ်အစိုးရက ချက်ခြင်းပဲ ပယ်ချလိုက်ပြီး အစီရင် ခံစာပါအချက်အလက်တွေဟာ အစိုးရကို ဆန့်ကျင်နေသူတွေဆီက ရတဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ တုန့်ပြန်သွားပါတယ်။ မစ္စတာပင်ညဲရိုးဟာ တခြား ဖြစ်ပေါ် တိုးတက်မှုအများအပြားကိုလည်း ကြိုဆိုကြောင်းထည့်ပြောသွားပါသေးတယ်။ အဆုံးသတ်မှာတော့ သူ့ကိုလာရောက်ခွင့်ပေးတဲ့အတွက် လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာ အစိုးရပေါ် ကျေးဇူး တင်သင့်ပါကြောင်းနဲ့ အခုလို ဆွေးနွေးပြောဆိုမှုတွေ ဆက်ပြီး ဖြစ်သွားလိမ့်မယ်လို့ သူ ရိုးသားစွာ မျှော်လင့်ပါကြောင်း ပြောသွားခဲ့ပါတယ်။

မစ္စတာပင်ညဲရိုးအစီရင်ခံစာ ထွက်လာပြီးတဲ့နောက် အမေရိကန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ရဲ့ ထုတ်ပြန်ချက်တွေ ချက်ခြင်း ဆိုသလိုပဲ ထွက်လာခဲ့ပါတယ်။

သမ္မတဘုရှ်က မစ္စတာပင်ညဲရိုးအစီရင်ခံစာအရ သံဃာတော်တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို မြန်မာအာဏာပိုင်တွေက နှိမ်နင်း ဖြိုခွဲ ခဲ့တာအတွက် နောက်ထပ် အထောက်အထားတခုဖြစ်တယ်၊ ဒီအပေါ်မှာ အထူးပဲ စိတ်ပျက် စိုးရိမ်မိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီအစီရင်ခံစာဟာ အရေးကြီးတဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြသွားတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ကမ္ဘောဒီးယားနိုင်ငံကတော့ အစီရင်ခံစာကို ဝေဖန်လိုက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ပြစ်တင်ဝေဖန်တဲ့ အစီရင်ခံစာတွေ ထုတ်ပြီး စစ်အစိုးရရဲ့ ဒီမိုကရေစီရေး လုပ်ဆောင်မှုဆိုင်ရာ တိုးတက်မှုတွေကို အနှောင့်အယှက်မပြုသင့်ဘူးလို့ ဆိုကြောင်းပါ။