ပါကစ္စတန် အတိုက်ခံခေါင်းဆောင် ဘူတိုက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုလား

ပါကစ္စတန် သမ္မတ ပါဗက်မူရှာရစ်ဖ်နဲ့ လက်တွဲဖို့ ရည်မှန်းထားဆဲ ဖြစ်ပေမယ့် နောက်လ ကျင်းပမယ့် ရွေးကောက်ပွဲတွေက လွတ်လပ်ပြီး တရားမျှတမှုရှိမှ ဖြစ်ပါမယ်လို့ ပါကစ္စတန် အတိုက်ခံ ခေါင်းဆောင် ဘာနေဇာယာဘူတိုက ပြောဆိုလိုက်ပါတယ်။ သမ္မတ မူရှာရစ်ဖ်ကတော့ နိုဝင်ဘာလ ကတည်းက အမိန့်ချမှတ်ထားတဲ့ နိုင်ငံတော် အရေးပေါ် ကြေငြာချက်ကို ရုတ်သိမ်း ပေးလိုက်ပါပြီ။ ဒါတွေနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် ဂယ်ရီသောမတ်က သတင်းပေးပို့ ထားပါတယ်။

မစ္စ ဘာနေဇာယာ ဘူတိုက သမ္မတ မူရှာရဖ်နဲ့လက်တွဲလုပ်ကိုင်ဖု့ိ ဖြစ်နိုင်သေးတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း ဇန်နဝါရီ (၈)ရက်နေ့မှာ လုပ်မယ့် ရွေးကောက်ပွဲမှာ ဘာတွေဖြစ်မလဲပေါ်မှာ အများကြီး မူတည်တယ်လို့ မစ္စ ဘူတိုက ဗွီအိုအေကို တယ်လီဖုန်းနဲ့ပြောခဲ့ပါတယ်။

ဒီအခြေအနေမှာ တခုခုနဲ့ပတ်သက်ပြီးတော့ ပြောဖို့ခက်ခဲပါသေးတယ်။ ဘာတွေ ဖြစ်လာမလဲ ဆိုတာက ရွေးကောက်ပွဲ အပေါ်မှာရော ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်း လူတွေရဲ့ စိတ်ဆန္ဒ အများကြီး ဘယ်လို ရှိနေလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ရွေးကောက်ပွဲတွေကို ကိုယ်ကျိုးအတွက် စီမံ ပြုလုပ်တယ်ဆိုရင်တော့ ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်နဲ့ အတိုက်အခံပါတီတွေ ထိပ်တိုက်တွေ့ရမှာလို့ မစ္စဘူတိုက ပြောသွားပါတယ်။

သမ္မတ မူရှာရက်ဖ် အနေနဲ့လည်း ရိုးသားမှန်ကန်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးခြင်းဖြင့် လူတွေ မျှော်လင့်မထားနိုင်တာ လုပ်နိုင်ပါသေးတယ်။ ဒါပေမဲ့ ဒါကလည်း ဖြစ်နိုင်ခြေနည်းပါတယ်လို့ မစ္စဘူတိုကဆိုပါတယ်။

ဘယ်သူဘယ်ဝါမှန်းမသိရမဲထည့်ဖို့လာ မှတ်ပုံတင်တယ်ဆိုတာမျိုး ဒေသန္တရ အစိုးရတွေ ခန့်အပ်ထားတဲ့အရာရှိတွေ မဲလာတည့်သူတွေကို ငြိမ်းခြောက် ပြောဆိုတာ မျိုးတွေ၊ ရွေးကောက်ပွဲကို မသမာမှုနဲ့ လုပ်ဆောင်မှုတွေ အခုကတည်းက စနေပါပြီလို့ မစ္စဘူတိုကပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပရေး စည်းမျဉ်း အောက်မှာရှိတဲ့ နိုင်ငံရေး ပါတီတွေရဲ့ ထုံးတမ်း စဉ်လာ လှုပ်ရှားမှုတွေကို သမ္မတ မူရှာရက်ဖ်က ကန့်သတ်ထားတယ်လို့ တောင်အာရှ ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး တယ်ရီဆီတာရှဖ်ဖါ့က ပြောပါတယ်။

နိုင်ငံရေး ပါတီတွေရဲ့ အချိန်ယူ လှုပ်ရှားမှုတွေကို ပိတ်ပင်ထားတယ်။ လူထု စည်းဝေးပွဲ တွေကိုလည်း အစိုးရဲ့ ခွင့်ပြုချက်ယူပြီးမှ လုပ်လို့ရပါတယ်။ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေ လွတ်လွတ်လပ်လပ် လုပ်ကြပါ။ ဒါပေမဲ့ လူထုလှုံ့ဆော်မှုတွေ မရှိစေရ ဘူးလို့ သမ္မတ မူရှာရဖ်က ပြောပါတယ်။

ရွေးကောက်ပွဲအတွက် ဘာပဲလုပ်လုပ် လူစုလို့ မရဘူးဆိုတဲ့သဘောပါ။ ပါကိစ္စတန်မှာ ရွေးကောက်ပွဲ လုပ်တယ်ဆိုတာကလည်း လူစုတာက ထုံးစံပါပဲ ဒီပုံစံနဲ့မှ မဲဆွယ်ရတာ၊ ကိုယ့်စကား ပြည်သူ့နားထဲ ပေါက်အောင် လုပ်ရတာပါလို့ မစ္စရှဖ်ဖါ့က ပြောပါတယ်။

မစ္စဘူတိုဟာ (၁၉၉၀)ပြည့်လွန်တုံးက ပါကစ္စတန်ရဲ့ ဝန်ကြီးချုပ်အဖြစ်နဲ့ (၂)ကြိမ် တာဝန်ထမ်းခဲ့ဖူး ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ပြည်ပမှာ နှစ်အကြာကြီး သွားရောက် နေထိုင်ပြီး သူ့ကို အဂတိ လိုက်စားမှုနဲ့တရားစွဲဆိုထားတာ ရုတ်သိမ်းပေးမယ်ဆိုရင် နိုင်ငံကို ပြန်လာပါမယ် ဆိုပြီးတော့ သမ္မတ မူရှာရက်ဖ်နဲ့ အပေးအယူလုပ်ပြီး ပါကစ္စတန်ကို ပြန်ရောက်လာခဲ့တာပါ။ သမ္မတ မူရှာရက်ဖ် ကျင်းပပေးမယ့် ရွေးကောက် ပွဲကို အတိုက်အခံတွေက သပိတ်မှောက်ကြပေမယ့် မစ္စဘူတိုနဲ့ သူ့ပါတီကတော့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျမအဖေက စစ်အုပ်ချုပ်ရေးအစောပိုင်းကာလမှာ ပြောခဲ့ဖူးတာ ရှိပါတယ်။ ကျမတို့ရဲ့ နိုင်ငံရေး ပါတီ ဆက်လက် လည်ပတ်ခွင့်ရမှ အများပြည်သူနဲ့ ထိတွေ့ ခွင့်ရမယ်။ ကိုယ်ဘာပြောချင်လည်း ပြည်သူတွေ ကြားသိခွင့်ရမယ်လို့ အဖေက ပြောခဲ့ဖူးတာရှိပါတယ်။ ပြီးတော့ ကျမတို့အနေနဲ့ နိုင်ငံရေး ယှဉ်ပြိုင်မှုှမှာ တဖက် အတွက် ရည်ရွယ်နေရာဖယ်မပေးထားဘဲနဲ့ ပါဝင်ယှဉ်ပြိုင်ရရင် ပိုကောင်း ပါတယ်လို့ မစ္စဘူတိုပြောသွားပါတယ်။

မစ္စ ဘူတိုဟာ သူ့ရဲ့ပါကိစ္စတန် ပြည်သူ့ပါတီ အကြီးအကဲအဖြစ်နဲ့ ပါလီမန် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီးတော့ ဝန်ကြီးချုပ် တခါ ထပ်ဖြစ်လာဖို့ မျှော်မှန်းထားပါတယ်။ နောက် နိုင်ငံရေး ပါတီတခုရဲ့ ခေါင်းဆောင်လည်းဖြစ်၊ ဝန်ကြီး ဟောင်း တဦးလည်းဖြစ်တဲ့ နဝတ်ရှာရက်ဖ် က တော့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ပိတ်ပင်ခံရပါတယ်။ သူ့ပါတီကတော့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။