ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆုချီးမြှင့်ရန် အမေရိကန်အောက်လွှတ်တော်က ကန့်ကွက်မဲမရှိ အတည်ပြု

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်ကို အမေရိကန် ကွန်ဂရက်လွှတ်
တော်ရဲ့ ရွှေတံဆိပ်ဆုကို ချီးမြှင့်ရေးအတွက်
မနေ့က အမေရိကန်အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ကြပြီး ကန့်ကွက်မဲမရှိ အတည်ပြု
ထောက်ခံခဲ့ပါတယ်။ မြန်မာနိုင်ငံ့အရေးဟာ အရှေ့တောင်အာရှရဲ့ ဒေသတွင်းပြဿနာတခု ဖြစ်လာနေတာကြောင့် မြန်မာပြည်ဒီမိုကရေစီ
ရေး တည်ဆောက်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ မဖြစ်မနေ ထောက်ခံအားပေးနေတာဖြစ်တဲ့အကြောင်း အမေရိကန်လွှတ်တော်အမတ်တွေက
ပြောဆိုပါတယ်။ မြန်မာပြည်မှာ စစ်အစိုးရ အဆုံးသတ်သင့်ပြီဆိုတာ အမေရိကန် ပြည်ထောင်စုအနေနဲ့ အကြောင်းကြားလိုက်တာလို့လည်း ပြောဆိုပါတယ်။
ကိုသိန်းထိုက်ဦးက ဆက်ပြီးတင်ပြပါလိမ့်မယ်။

မြန်မာပြည်ငြိမ်းချမ်းရေး အကြမ်းမဖက်တဲ့ နှလုံးရည်တိုက်ပွဲနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်
အရေးအတွက် မယိမ်းမယိုင် ရုန်းကန်တိုက်ပွဲဝင်နေသူ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုကို ချီးမြှင့်ရေးအတွက် HR – 4286
ခေါ် ဥပဒေကြမ်းကို မဲပေးဆုံးဖြတ်ဖို့ အမေရိကန်အောက်လွှတ်တော်အတွင်းမှာ
မနေ့က ကြေညာခဲ့တဲ့အသံပါ။

ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်နိုင်ရေး ဦးဆောင်ဦးရွက် အဆိုတင်သွင်းခဲ့
သူတွေထဲက တဦးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် အောက်လွှတ်တော်အမတ် ဂျိုးဆက်ဖ် ခရိုးလီး (Joseph Crowley) က ဒီဆုနဲ့
ပတ်သက်လို့ …

အမေရိကန်ပြည်ထောင်စုအနေနဲ့ တသီးပုဂ္ဂလနဲ့ အဖွဲ့အစည်းသုံးရာလောက်ကို အမေ ရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ဖူးပါတယ်။ အများအကျိုးအတွက်
ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်ဆောင်တဲ့နေရာမှာ စံနမူနာထားရမယ့်သူတွေကို အမေ ရိကန်လွှတ်တော်က ရွေးချယ်ဆုချီးမြှင့်တာ ဖြစ်ပါတယ်။

တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား၊ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးခဲ့တဲ့ သူတော်စင် ဖွားသီလရှင် မာသာထရီဇာ၊ တောင်အာဖရိ
က လွတ်မြောက်ရေးခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလားတို့ကို ဆုချီးမြှင့်ခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ
ဖခင်ဖြစ်သူ မြန်မာပြည်ရဲ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းလို တိုင်းပြည်
အကျိုးကို ဘဝတသက်တာ သယ်ပိုးထမ်းရွက်ခဲ့သူပါလို့ ပြောဆိုပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကာလတလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်အနေ
နဲ့ နေအိမ်အကျယ်ချုပ်နဲ့ ချုပ်နှောင်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီလို အကျယ်ချုပ် ချုပ်နှောင်ခံရပေမယ့် မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီ အစစ်အမှန်ရရေး သူမ
ရဲ့ သန္နိဋ္ဌာန်ကိုပဲ ပိုမိုခိုင်မာလာစေခဲ့ပါတယ်။ စစ်အစိုးရက တိုင်းပြည်ကနေ ထွက်ခွာ
သွားဖို့ ကြိုးစားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ပါဘူး။

မြန်မာပြည်ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေ ရိကန်သမ္မတကတော် လော်ရာဘုရှ်တို့ အပါအဝင် နိုင်ငံတကာရဲ့ ကြိုးပမ်းဆောင်ရွက် မှုတွေအကြောင်းကို အောက်လွှတ်တော်အမတ် ဂျိုးဇက်ဖ် ခရိုးလီးက ပြောဆိုသွား
ပါတယ်။

မြန်မာနိုင်ငံ့အရေးဟာ အရှေ့တောင်အာရှရဲ့ ဒေသတွင်းပြသနာတခု ဖြစ်လာနေတာ
ကြောင့် မြန်မာပြည်ဒီမိုကရေစီ တည်ဆောက်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်
စုအနေနဲ့ မဖြစ်မနေ ထောက်ခံအားပေးနေတာ ဖြစ်တဲ့ကြောင်း နယူးယောက်ခ်
ပြည်နယ် အောက်လွှတ်တော်အမတ် ဂျိုးဆက်ဖ် ခရိုးလီးက ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု အီလီနွိုင်းပြည်နယ် ရစ်ပတ်ဗလင်ကန် အောက်လွှတ်တော်
အမတ် ဒွန် မန်ဇူလို (Don Manzullo) က ...
ဒီနှစ် စက်တင်ဘာလက မြန်မာပြည်မှာ နှစ်ပေါင်း ၂၀ အတွင်း အကြီးမားဆုံး လူထု
ဆန္ဒပြပွဲတွေ တွေ့မြင်ကြရပါတယ်။ စစ်အုပ်စုရဲ့ စီးပွားရေးစီမံခန့်ခွဲမှုတွေအောက် ဆင်းရဲတွင်းနက်နေရတဲ့ အခြေအနေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆုံးရှုံးနေရတာ
တွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။

သံဃာတော်တွေဦးဆောင်တဲ့ ဒီ ငြိမ်းချမ်းတဲ့လှုပ်ရှားမှုတွေဟာ မြန်မာနိုင်ငံအတွင်း
အဓိပ္ပာယ်ပြည့်ဝတဲ့ အပြောင်းအလဲတွေကို ဦးတည်စေနိုင်မယ်လို့ အားလုံးက မျှော်
လင့်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဟာ ၁၉၈၈ ခုနှစ်ကလို ပြည်သူတွေဘက်ကို သေနတ်ပြောင်းလှည့်ပြီး အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်လို့ အောက်လွှတ်တော်အမတ် ဒွန် မန်ဇူလိုက ပြောဆိုသွားတာပါ။

ဒီဆန္ဒပြပွဲတွေကို နိုင်ငံတကာက စောင့်ကြည့်နေပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ပြန်လည်သင့်မြတ်ရေးအတွက် တံခါးဖွင့်နေချိန်မှာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေး
စားဖို့ အချိန်ကြရောက်နေပြီလို့ သတိပေးပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆု ချီးမြင့်
ခြင်းအားဖြင့် မြန်မာပြည်က အာဏာရှင်စစ်အစိုးရ အဆုံးသတ်သင့်ပြီဆိုတာကို အမေ ရိကန်ပြည်ထောင်စုအနေနဲ့ အကြောင်းကြားလိုက်တာပါ။ မြန်မာပြည်သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့အကြောင်း အကြောင်းကြားလိုက်တာပါလို့ ပြောဆိုသွားပါတယ်။

အမေရိကန် ဆာမိုဝါကျွန်းက အောက်လွှတ်တော်အမတ် အနီ ဖာလီအို မာဗက်ဂါ
ကတော့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေ ပြေလည်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်
ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်
နေတဲ့အကြောင်းနဲ့ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ပြည်လည်သင့်မြတ်
ရေးကနေ မြန်မာပြည်သူတွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မယ့်
လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုသွားပါတယ်။

အခုလို အမေရိကန် ကွန်ဂရက်လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးဖို့ အတည်ပြုဆုံးဖြတ်လိုက်တာနဲ့ပတ်သက်လို့ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ
ဦးဉာဏ်ဝင်းက ဝမ်းသာကျေးဇူးတင်တဲ့အကြောင်း ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ
လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ရုန်းကန်လှုပ်ရှားနေသူအားလုံးကို အားပေး
လိုက်တာလို့ ပြောဆိုပါတယ်။

အောက်လွှတ်တော်က ထောက်ခံမဲ လေးရာ၊ ကန့်ကွက်မဲမရှိ အတည်ပြု ဆုံးဖြတ်လိုက်
ပြီးတဲ့နောက် အဆုံးသတ်ရွေးချယ်ဆုံးဖြတ်ဖို့ ဆီးနိတ်အထက်လွှတ်တော်ရဲ့ အတည်ပြု
ထောက်ခံချက် ရယူရမှာဖြစ်ပါတယ်။ ဆီးနိတ်အထက်လွှတ်တော်ရဲ့ အတည်ပြုချက်
ရပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်
လွှတ်တော်ရဲ့ အရပ်သားတွေကိုပေးအပ်တဲ့ အမြင့်ဆုံးရွှေတံဆိပ်ဆုပိုင်ရှင်အဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။