ကိုထင်ကျော့်အမှုကို လုံခြုံရေးအကြောင်းပြချက်ဖြင့် အင်းစိန်ထောင်တွင် သီးသန့်ရုံးထိုင်စစ်ဆေး

ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြခဲ့သူ ကိုထင်
ကျော်ကို ဒီကနေ့ ရန်ကုန်မြို့မှာ တရားရုံးတင် စစ်ဆေးဖို့ရှိခဲ့ပေမယ့် အာဏာပိုင်တွေဘက်က
လုံခြုံရေးအခက်အခဲကြောင့်လို့ဆိုပြီး အင်းစိန်
ထောင်ထဲမှာပဲ ရွှေ့ပြောင်းစစ်ဆေးဖို့ ဆုံးဖြတ်
ခဲ့တယ်လို့ သိရပါတယ်။ ထိန်းသိမ်းခံနေရာမှာ ရက်အတော်ကြာအောင် အစာငတ်ခံဆန္ဒပြနေ
တဲ့ ကိုထင်ကျော်ရဲ့ တရားခွင်ကိုတော့ မြန်မာ
နိုင်ငံသားတွေသာမက ပြည်ပက စိတ်ဝင်စား
သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အကြောင်းစုံကို ကိုအောင်လွင်ဦး တင်ပြပေး
ထားပါတယ်။

ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူလို့ လူသိများတဲ့ ကိုထင်
ကျော်တယောက် ဒီကနေ့ ရန်ကုန်မြို့ ပန်းဘဲတန်းတရားရုံးမှာ ရုံးတင်စစ်ဆေးဖို့ရှိပေ
မယ့် တရားရုံးက လုံခြုံရေးအခြေအနေ အကြောင်းပြပြီး ရွှေ့ဆိုင်းခဲ့တာလို့ ကိုထင်
ကျော်ရဲ့အမှုမှာ လိုက်ပါကူညီပေးနေတဲ့ ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းက ပြောပါ
တယ်။ ဒီကနေ့ တရားရုံးမှာ ကိုထင်ကျော်အမှုအတွက် လိုက်ပါဆောင်ရွက်ဖို့ ကြိုးစားခဲ့
ပေမယ့် အထမမြောက်ခဲ့တဲ့ အကြောင်းကိုတော့ ရှေ့နေကြီး ဦးအောင်သိန်းက အခုလို ပြောပြပါတယ်။

“ဒီနေ့ ကိုထင်ကျော်အမှုကို ပန်းဘဲတန်းမြို့နယ်တရားရုံးမှာ ကြားနာမယ်၊ မြို့နယ်တရား
ရုံး အမှုခေါ်စာရင်းမှာလည်း ကပ်ပြီးပြီ။ ကျနော်တို့ ၁၂ နာရီအထိ သွားစောင့်ပေမယ့်
ကိုထင်ကျော့်ကို ဒီဘက်ရုံးပေါ်လည်း မထုတ်ဘူး။ ပန်းဘဲတန်းမြို့နယ်တရားရုံး
အောက်ဘက်က အချုပ်ခန်းမှာရှိမလားလို့ သွားမေးတော့လည်း အချုပ်ခန်းကိုမထုတ်
ဘူး။ အချုပ်ခန်းမှာလည်း မရှိဘူး။ မရှိတော့ ၁၂ နာရီခွဲလောက်ကျတော့ တရားရုံးက ကျနော်တို့ကိုခေါ်ပြောတယ်။ ကိုထင်ကျော့်အမှုကို ဒီမှာမစစ်တော့ဘူးတဲ့၊ လုံခြုံရေး
အခြေအနေကြောင့် အင်းစိန်ထောင်မှာ သီးသန့်ရုံးထိုင်ပြီး စစ်တော့မယ်လို့ပြောပါ
တယ်။ ဆိုတော့ ဒီနေ့ အင်းစိန်ထောင်ကို သွားရမှာပေါ့။ ကျနော်လည်း တနာရီမှာ
အခြားရုံးတွေ အမှုစစ်စရာရှိတယ်၊ မနက်ဆယ်နာရီထဲက လာစောင့်နေတာ၊ အဲတော့ နောက်ရုံးချိန်းကိုပဲ သိချင်တယ်လို့ပြောတော့ နောက်ရုံးချိန်းကို ၂၆ ရက်နေ့လို့ ပြော
လိုက်တယ်။ ပန်းဘဲတန်းမြို့နယ် အင်းစိန်ထောင် သီးသန့်ရုံးထိုင်အနေနဲ့ ထောင်ထဲမှာ
ပဲစစ်မယ်။ ဒီအများသူငါရုံးမှာ မစစ်တော့ဘူးပေါ့။ လုံခြုံရေးအရ အင်းစိန်ထောင်မှာပဲ အမှုကိုပြောင်းစစ်တော့မယ်လို့ တရားသူကြီးကိုယ်တိုင် ပြောသွားပါတယ်”

တရားခွင်ကို လုံခြုံရေးအကြောင်းပြ ရွှေ့ပြောင်းခဲ့ပေမယ့် အခုဆိုရင် တရားခွင်ကို
စိတ်ဝင်စားသူတွေထဲမှာ မြန်မာနိုင်ငံသားတွေသာမက နိုင်ငံခြားသားတွေပါ ပါဝင်လာ
နေတာဟာလည်း အကြောင်းရင်းတခုဖြစ်နိုင်တယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

“ဒီနေ့ အမေရိကန်သံရုံးက နိုင်ငံခြားသားတယောက်နဲ့ စကားပြန်တယောက်တော့
တရားရုံးရှေ့မှာ လာစောင့်ပြီးတော့ ကြည့်တာတော့ရှိတယ်။ အဲဒါကြောင့်ပဲလား၊
ဘာကြောင့်လဲတော့ ပြောလို့တော့မရဘူး”

ဒီလို တရားခွင်ကို အများပြည်သူ ကြားနာနိုင်ခွင့်မရှိဘဲ ထောင်တွင်းကို ရွှေ့ပြောင်း
စစ်ဆေးဖို့ စီစဉ်ခဲ့တဲ့အပေါ် ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းကတော့ …

“အန်ကယ်တို့က အများသူငါရုံးရှေ့မှာ တရားစီရင်စစ်ဆေးမှုလုပ်တာဟာ တရားစီရင်
ရေးဥပဒေနဲ့ ညီညွတ်တယ်၊ ကောင်းလည်းကောင်းပါတယ်။ လူအများလည်း
နားထောင်ခွင့်ရတာပေါ့။ အဲဒီလို ပြောလည်းပြောခဲ့ပြီးပါပြီ။ ဒီနေ့မှ အဲလို ထူးခြားချက် တွေဖြစ်သွားတယ်။ ရှေ့နေရှေ့ရပ်ငှားရမ်းခွင့်၊ လိုက်ပါဆောင်ရွက်ခွင့်၊ ခုခံခွင့်ပေးတယ်
ဆိုတာတော့ ဘယ်မှာဖြစ်ဖြစ်ရှိတယ်။ သို့သော်လည်း ဒါတင်မကဘူး၊ တရားစီရင်ရေး
ဥပဒေမှာ ထူးခြားတဲ့ဟာမရှိရင် အများပြည်သူရှေ့မှောက်မှာ စစ်ဆေးစီရင်ရမယ်ဆို
တာတော့ တရားစီရင်ရေး ဥပဒေမှာတော့ ပြဋ္ဌာန်းထားတာပဲ။ ဒီမှာကျတော့ Open
Court ပေါ့ဗျာ။ ဟိုမှာကျတော့ ဘယ်လိုလုပ် Open Court ခေါ်မလဲ။ ရှေ့နေပဲ ဝင်ရတာ။ မိသားစု ဝင်တောင်မှ သန်းခေါင်စာရင်းအရ ကန့်သတ်ပြီးဝင်ရတာ၊ ဘယ်သူမှ နားထောင်လို့ မရဘူး”

အခု တရားရုံးတင်စစ်ဆေးခံရမယ့် ကိုထင်ကျော်ဟာ ထိန်းသိမ်းခံနေရစဉ်မှာ အစာ
ငတ်ခံ ဆန္ဒပြနေတာ အခုဆိုရင် ၂ ပတ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။ ကိုထင်ကျော်ရဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ဇနီးသည်ရဲ့ ပြောပြချက်တွေကို ရှေ့နေကြီး
ဦးအောင်သိန်းက အခုလို ပြောပြပါသေးတယ်။

“ကိုထင်ကျော်နဲ့ တွေ့ခွင့်ရတော့ ကိုထင်ကျော်က ထောင်ဝင်စာထုပ်ကို မယူဘူးတဲ့။ သူ့ကျွေးမယ့်ဟာကို ဘုန်းကြီးကိုလှူလိုက်ပါလို့ ပြောတယ်တဲ့။ သူကတော့ အစာငတ်ခံ
ဆန္ဒပြပြီး သွားမှာပဲ။ အခု ဆေးရုံမှာတင်ထားတယ်တဲ့။ ဆေးရုံကနေဆင်းပြီး လာတွေ့
တာပေါ့လေ။ သူ့မိန်းမပြောပြတာပဲ၊ ဒီနေ့”

အလားတူ လွန်ခဲ့တဲ့တပတ်ကျော်က ကိုထင်ကျော်တို့နဲ့အတူ ထိန်းသိမ်းခံနေရာမှာ အစာငတ်ခံဆန္ဒပြနေသူတွေထဲက တဦးဖြစ်သူ လူ့အခွင့်အရေးလှုပ်ရှားသူများ
ကွန်ယက် (HRDP) အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုမျိုးသန့်ရဲ့ ညီမဖြစ်သူကလည်း ကိုထင်ကျော် နဲ့ ဆန္ဒပြသူတွေရဲ့ အခြေအနေတွေဟာ စိုးရိမ်စရာရှိနေတယ်လို့ ဆိုပါတယ်။ ဒီကနေ့ ထောင်ဝင်စာ သွားတွေ့ခဲ့ပြီး သူကြားသိခဲ့သမျှကို ကိုမျိုးသန့်ရဲ့ညီမဖြစ်သူ မသီသီစိုးက ပြောပြရာမှာတော့ …

“ဒီနေ့ကြားခဲ့တာတော့ ကိုထင်ကျော်က ကျန်းမာရေးအခြေအနေ အဆိုးဆုံးပဲ။ အခု
တော့ ကျမအစ်ကိုက ခရစ်စမတ်နေ့မှာ ရေသောက်မယ်လို့ပြောတယ်။ လောလော
ဆယ်တော့ ကော်ဖီမစ်တို့ အအေးတို့ သောက်နေပါတယ်။ ကျန်းမာရေးအခြေအနေက
တော့ ကျမက စိုးရိမ်တယ်။ သူကတော့ စိုးရိမ်ကြောင်းကို သိပ်မပြဘူး။ ၁၀ ရက်နေ့
မတိုင်ခင် ဆယ်နာရီကစပြတာ။ အခု ၁၈ ရက်နေ့ဆိုတော့ တပတ်ကျော်သွားပြီ”

ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင်ခဲ့သူ ကိုထင်ကျော်နဲ့ သံဃာတော်
တွေ ဦးဆောင်ဆန္ဒပြပွဲတွေရဲ့ နောက်ဆက်တွဲ ဖမ်းဆီးမှုတွေမှာ အဖမ်းခံခဲ့ရသူတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ အမှုမှာ လိုက်ပါကူညီနေတဲ့ ဗဟိုတရားရုံးရှေ့နေ ဦးအောင်
သိန်းနဲ့ မိသားစုဝင်တွေရဲ့ ပြောပြချက်တွေပဲ ဖြစ်ပါတယ်။