မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မစ္စတာဂမ်ဘာရီ ရှင်းလင်းဆွေးနွေး

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်
ရေးဖြစ်ပေါ်ဖို့ ကုလသမဂ္ဂဘက်က ကြားဝင်
ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂအတွင်း
ရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူး
အကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်
ဂမ်ဘာရီဟာ မနေ့က ညနေ အမေရိကန်
စံတော်ချိန် ၃ နာရီကနေ ၄ နာရီအထိ ကုလ
သမဂ္ဂရဲ့ အထွေထွေညီလာခံထဲမှာ အဖွဲ့ဝင်
နိုင်ငံတွေကို သူ့ရဲ့ မြန်မာ့အရေး ကြိုးပမ်း ဆောင်ရွက်မှုတွေနဲ့ပတ်သက်လု့ိ အချိန်
တနာရီကြာ တံခါးပိတ် ရှင်းပြဆွေးနွေးခဲ့
ပါတယ်။ အဲဒီဆွေးနွေးပြီးတဲ့နောက် သတင်းသမားတွေကို သူပြောဆိုခဲ့တဲ့ထဲက
တချို့ကို ဦးကျော်အောင်လွင်က စုစည်းတင်ပြထားပါတယ်။

ဒီနေ့ အထွေထွေညီလာခံမှာ မြန်မာပြည်နဲ့ပတ်သက်ပြီး အရေးကြီးတဲ့သတင်းစကား
တခုကို ကျနော်ပြောခဲ့ပါတယ်။ အဲဒါကတော့ မြန်မာပြည်ရဲ့အခြေအနေဟာ နောက်
ကိုပြန်မဆုတ်ဖို့၊ ရှေ့ကိုဆက်တိုးပြီး သိသာထင်ရှားတဲ့ အဆင့်တခုရောက်အောင် တက်လှမ်းနိုင်အောင်လုပ်ဆောင်ဖို့၊ နိုင်ငံတကာမိသားစုဝင်တွေကလည်း မြန်မာ့
အရေးကို စိုးရိမ်မှုတွေရှိလာနေတဲ့အကြောင်း ကျနော်ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကျနော်တို့ တွေ့ချင်မြင်ချင်နေတာကတော့ ဒေါ်အောင်
ဆန်းစုကြည်နဲ့ စစ်အစိုးရကြားမှာ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှုတွေ ရှိလာဖို့ပါ။ အဲဒီ
ကိစ္စတွေကို အချိန်သတ်မှတ်ချက်တွေနဲ့ လုပ်ကိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့
အဲန်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင်တွေ တကြိမ်ထက်မက တွေ့ဆုံခွင့်တွေပေးဖို့၊ တွေ့ဆုံဆွေးနွေးရေးတွေလုပ်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်မှာ သူ့ရဲ့ အဖွဲ့အစည်းက
လူတွေ ရှိနေဖို့ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးသင့်ပါတယ်။ ပြန်လွှတ်ပေးရေးကိစ္စကို အချိန်ထပ်မဆွဲသင့်ပါဘူးလို့ မစ္စတာဂမ်ဘာရီက ပြောခဲ့ပါ
တယ်။

နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲနေတဲ့နေရာမှာလည်း ပွင့်ပွင့်
လင်းလင်း ရှိသင့်ပါတယ်။ မူကြမ်းကို နောက်ဆုံးအဆင့်ရေးဆွဲလို့ မပြီးခင်မှာ တခြား
နိုင်ငံရေးအင်အားစုတွေကို ပါဝင်ခွင့်မပေးတာမျိုးတွေ မဖြစ်သင့်ပါဘူး။ သူတို့အားလုံး
ပါဝင်ဖို့လိုပါတယ်။

မြန်မာအာဏာပိုင်တွေကို ကျနော်တို့ တကယ်ပဲတိုက်တွန်းနေတာကတော့ မြန်မာ
ပြည်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေမှန်တွေကို ပြည်သူတရပ်လုံးသိအောင်
ဖွင့်ပြောပြဖို့၊ ဆင်းရဲမွဲတေမှုတိုးပွားလာနေတာဟာ ပြဿနာတွေရဲ့ အရင်းအမြစ်
ဖြစ်တယ်ဆိုတာ သိအောင်ရှင်းပြဖို့ လိုပါတယ်။ နောက်လထဲမှာ ကျနော် မြန်မာပြည်
ကို နောက်တခေါက်ပြန်သွားဖို့လည်း ရည်ရွယ်ထားပါတယ်။ ဒီကိစ္စကတော့ ပြောဆို
နေတုန်းပါ။ နောက်ဆုံး မြန်မာပြည်က တိုးတက်မှုတွေ ဘာတွေများရှိပါသလဲလို့
မစ္စတာဂမ်ဘာရီကို သတင်းထောက်တွေက မေးပါတယ်။

သံဃာတော်တွေအပါအဝင် ဖမ်းဆီးခံထားရတဲ့ သူတချို့ကို မြန်မာအာဏာပိုင်တွေက
မနေ့ကပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။ ကျနော့်အနေနဲ့ မြန်မာစစ်အစိုးရကို တိုက်တွန်း
နေတာက နိုင်ငံရေးအရ ဖမ်းဆီးထားတဲ့သူတွေ အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေး
ဖို့ပါ။ နောက်ထပ်ဖမ်းဆီးတာတွေ ဆက်ရှိနေတဲ့ကိစ္စကိုရော မစ္စတာဂမ်ဘာရီ သိပါ
သလားလို့ သတင်းထောက်ကမေးတော့ …
ခင်ဗျားတို့ အသစ်အဖမ်းခံထားရတဲ့သူတွေစာရင်းရှိရင် ကျနော့်ကိုပေးပါဆိုပြီးတော့ သတင်းသမားတွေနဲ့ မစ္စတာဂမ်ဘာရီ အနည်းအကျဉ်း အငြင်းအခုံ ဖြစ်ခဲ့ကြပါတယ်။

မြန်မာပြည်အတွင်း စက်တင်ဘာလအတွင်းမှာ လူတွေတော်တော်များများ အသတ်ခံ
ရတာတွေရှိပါတယ်။ ဒီကိစ္စတွေဟာ မစ္စတာဂမ်ဘာရီအတွက် တော်တော်စိုးရိမ်စရာ၊ စိတ်ပျက်စရာတွေ ဖြစ်နေပါသလားလို့ သတင်းထောက်တွေက မေးပါတယ်။ မြန်မာ
ပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေဟာ ကျနော့်အတွက် အင်မတန်မှ စိုးရိမ်စရာကောင်းပါ
တယ်လို့ မစ္စတာဂမ်ဘာရီက ပြောခဲ့တာပါ။

မကြာခင်တုန်းကပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပါမောက္ခ ပေါ်လို
ဆာဂျီယို ပင်ညဲရိုးရဲ့ အစီရင်ခံစာတွေထဲက အချက်အလက်တွေကိုပဲ နောက်ဆုံး အခြေ
အနေတွေအဖြစ် ကိုးကားပြီးတော့ မစ္စတာဂမ်ဘာရီက ကုလသမဂ္ဂရဲ့ အထွေထွေ
ညီလာခံမှာ ပြောဆိုသွားခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာ့အရေးကို အထူးကိုယ်စားလှယ်တဦးက
အခုလို အချိန်ယူပြီး ရှင်းပြခဲ့တယ်ဆိုတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ကုလသမဂ္ဂ
ရဲ့ မြန်မာပြည်ဆိုင်ရာကိစ္စတွေကို အရင်ကနဲ့မတူတဲ့ လုပ်ဆောင်ချက်တွေ ရှိလာနေ
တယ်၊ ပြောဆိုလာနေတဲ့အပေါ်မှာ ဘယ်လိုများသဘောထားပါသလဲလို့ ပြည်ထောင်စု
မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအဖွဲ့ (NCGUB) က ကုလသမဂ္ဂဆိုင်ရာတာဝန်ခံ ဒေါက်တာသောင်းထွန်းကို မေးကြည့်ပါတယ်။

အခုဆိုရင် ကုလသမဂ္ဂဘက်က မြန်မာပြည်အရေးကိစ္စကို မစ္စတာဂမ်ဘာရီတို့က
အရင်ထက်ပိုပြီး သိသိသာသာ ပြောလာတယ်၊ ရှင်းပြလာတယ်၊ အထွေထွေညီလာခံ
မှာလည်း အခုလိုမျိုးတွေပြောလာတယ်။ တဖက်မှာက မြန်မာစစ်အစိုးရက မစ္စတာ
ဂမ်ဘာရီရဲ့ အကြံပေးမှုနဲ့ ခန့်အပ်ထားတဲ့ ဆက်ဆံရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်း
စုကြည် တွေ့တာတွေက ထပ်ပြီးတော့ ရှိမလာတော့ဘူး၊ တွေ့ခဲ့တဲ့အခြေအနေတွေက
လည်း ဘာတွေဖြစ်ခဲ့သလဲဆိုတာလည်း ဘာမှမသိရဘူးဆိုတော့ မြန်မာပြည်ထဲမှာ
နိုင်ငံရေးအရ ထူးခြားတဲ့တိုးတက်မှုတွေ ဖြစ်မလာဘူး။ တဖက်မှာတော့ ကုလသမဂ္ဂ
ဘက်က ကြိုးစားနေပြီ။ ဒီလိုအခြေအနေတွေကို ဒေါက်တာသောင်းထွန်းတို့ ဘယ်လို
သုံးသပ်ပါသလဲ။

“ဒီကနေ့ အထွေထွေညီလာခံမှာ မစ္စတာဂမ်ဘာရီလာပြီး တင်ပြဆွေးနွေးတာကို
ကျနော်တို့ ကြိုဆိုပါတယ်။ အခုလိုမျိုး အထွေထွေညီလာခံမှာ လာပြီးအစီရင်ခံတာ၊ ကျန်တဲ့နိုင်ငံတွေနဲ့ အပြန်အလှန် ဆွေးနွေးမှုတွေလုပ်တာဟာ ပထမဆုံးအကြိမ်လို့
ပြောလို့ရပါတယ်။ ဒီနေ့ဆွေးနွေးပွဲဟာ တံခါးပိတ်အစည်းအဝေးဖြစ်တဲ့အတွက်
အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဘယ်လိုမျိုး ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေတော့ ကျနော်တို့ မသိသေးပါဘူး။ အခုလိုမျိုး ယူအဲန်ကနေပြီး မြန်မာပြည်အရေးကိစ္စကို လျစ်လျူရှုမထားဘဲ အာရုံစိုက်လုပ်လာတဲ့အပေါ်မှာ အတိုင်း အတာတခုအထိ အားရပါတယ်။

“ဒါပေမယ့် ပြည်တွင်းမှာဖြစ်နေတဲ့အနေအထား တွေ့ဆုံဆွေးနွေးရေး အခြေအနေ
ဟာ နောက်ကြောင်းပြန်သွားတဲ့ အနေအထားတွေ ဖြစ်နေတယ်။ တိုးတက်မှုတွေ
မတွေ့ရဘူး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖမ်းဆီးမှုတွေကလည်း ဆက်ပြီးရှိနေ
တဲ့အတွက် ကုလသမဂ္ဂအနေနဲ့ ဒီ့ထက်ပိုပြီး လုပ်သင့်လုပ်ထိုက်တဲ့ ဆောင်ရွက်မှုမျိုး
တွေကို လုပ်သင့်တယ်လို့ ကျနော်တို့မြင်ပါတယ်။

“အထွေထွေညီလာခံမှာ အခုလိုမျိုး ဆွေးနွေးကြတာ၊ ညှိနှိုင်းကြတာ၊ နိုင်ငံတွေရဲ့ သဘောထားအမြင်တွေကို တင်ပြတာ၊ ဒီလိုဆွေးနွေးတင်ပြမှုတွေထဲမှာ နအဖ
ကိုယ်စားလှယ်ကလည်း ရှိနေတဲ့အတွက်ကြောင့် နအဖအနေနဲ့ နိုင်ငံတကာရဲ့ ပြောင်းလဲလာတဲ့အနေအထားကို အလေးအနက် သတိပြုသင့်ပါတယ်။ နိုင်ငံတကာက အကြံပြုချက်တွေကို နားထောင်ပြီး အကောင်အထည်ဖော်သင့်တယ်။ နိုင်ငံတကာမှာ အထီးကျန်နေမယ်ဆိုရင် ကျနော်တို့တိုင်းပြည် နစ်နာပါတယ်၊ လူထုလည်း နစ်နာပါ
တယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သင့်တယ်လို့ ကျနော်တို့မြင်ပါတယ်။

“ကုလသမဂ္ဂအနေနဲ့လည်း အထွေထွေညီလာခံမှာ အခုလိုမျိုး ညှိနှိုင်းမှုတွေတင်မက
ဘဲ လုံခြုံရေးကောင်စီအဆင့်မှာလည်း လုပ်သင့်လုပ်ထိုက်တဲ့ ဆောင်ရွက်မှုမျိုးတွေကို
လုပ်ဖို့လည်း ကျနော်တို့ ဆက်ပြီးတိုက်တွန်းနေပါတယ်။ မစ္စတာဂမ်ဘာရီရဲ့
နောက်တကြိမ်ခရီးစဉ်ဟာ သူ့အနေနဲ့ ဇန်နဝါရီမှာသွားနိုင်ဖို့ မျှော်လင့်တယ်လို့
ပြောပေမယ့် မရေမရာဖြစ်နေတဲ့ အနေအထားမှာရှိပါတယ်။ နအဖဘက်ကလည်း
တစုံတရာ အကြောင်းမပြန်ကြားသေးတဲ့ အနေအထားမှာ နိုင်ငံတကာကနေ ပိုပြီး
တော့ ဖိဖိစီးစီးဆောင်ရွက်သင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်”
ဒေါက်တာသောင်းထွန်း ရှင်းပြသွားတာဖြစ်ပါတယ်။