မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေလုပ်ဖို့ အိန္ဒိယ ဝန်ကြီးချုပ် တိုက်တွန်း

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) ဗုဒ္ဓဟူးနေ့က နယူးဒေလီမြို့မှာ ဧည့်သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံကြောင်း၊ မြန်မာပြည်မှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များနဲ့ အမျိုးသား သင့်မြတ်ရေး ပြုလုပ်ဖို့ အလွန်အမင်း လိုအပ်နေပြီလို့ အလေးထား ပြောကြားကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန် ကြေငြာပါတယ်။

မြန်မာပြည်က နိုင်ငံရေးလုပ်ငန်းတွေကို ကျယ်ကျယ် ပြန့်ပြန့် အခြေခံပြီးတော့ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့အစည်း အားလုံး ပါဝင် ရမယ်လို့ အိန္ဒိယ ဝန်ကြီးချုပ်က နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းကို ပြောဆို လိုက်ပါတယ်။

အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း ဦးဉာဏ်ဝင်းဟာ နိုင်ငံခြားရေး ဝန်ကြီး ပရာနပ်ဘ် မူခါဂျီးနဲ့ တွေ့ဆုံပြီး အိန္ဒိယ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးကိစ္စ ဆွေးနွေးပါတယ်။

အိန္ဒိယက မြန်မာစစ်အစိုးရကို လက်နက် ရောင်းချနေတာ၊ စွမ်းအင် အရောင်းအဝယ် လုပ်နေတာတွေ ရပ်ဖို့ အမေရိကန် နိုင်ငံက အိန္ဒိကို တိုက်တွန်းထားပါတယ်။