နှစ်ခြောက်ဆယ်ပြည့် မြန်မာ့ လွတ်လပ်ရေးအပေါ် သဘောထားများ

ဒီကနေ့ဟာ မြန်မာပြည်လွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း(၆၀)ပြည့်တဲ့နေ့ပါ။ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်မှုတွေ ဆုံးရှုံး နေတာကြောင့် တောင်းဆိုမှုတွေ၊ ဒီလို တောင်းဆိုမှုတွေကြောင့် အသတ်ဖြတ် ခံရတာတွေ၊ အဖမ်းဆီးခံရတာတွေ၊ တိမ်းရှောင်ပုန်းအောင်းနေရတာဟာ နှစ်ပေါင်း(၆၀)အတွင်း အဆက်မပြတ်ဖြစ်ပွားနေခဲ့တာပါ။ အခု အမေရိကန်နိုင်ငံမှာ ရောက်ရှိ နေပြီးတော့ မြန်မာ ပြည်သူတွေ စစ်တပ် အုပ်ချုပ်အောက်က လွတ်မြောက်ရေး အတွက် ကြိုးပမ်းနေသူတွေထဲက ထင်ရှားသူနှစ်ဦးရဲ့ နှစ်ပေါင်း(၆၀)ကြာ သဘောထားတွေကို ကိုကျော်အောင်လွင်က စုစည်းတင်ပြထားပါတယ်။

လွတ်လပ်မှုဆိုတဲ့ အရသာဟာ မလွတ်လပ်တဲ့ဘဝမှာ ပိုပြီးသိရတယ်လို့ ဆိုကြပါတယ်။ မြန်မာတနိုင်ငံလုံး ကိုလိုနီနယ်ချဲ့ လက်အောက်ကနေ လွတ်မြောက်လာခဲ့တာ ဒီကနေ့ဆိုလို့ရှိရင် နှစ်ပေါင်း(၆၀)တင်းတင်းပြည့်လာခဲ့ပါပြီ။ ဒါပေမယ့်လည်း လွတ်လပ်မှုတွေ မရှိဘူးဆိုတဲ့ မြန်မာပြည်သူတွေရဲ့ ညည်းညူသံတွေ၊ အော်ဟစ်တောင်းဆိုသံတွေဟာ မြန်မာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အခုချိန်ထိ အသံတွေ မစဲနိုင်ပဲ ဖြစ်နေပါသေးတယ်။ ဆိုတော့ လွတ်လပ်ရေး ရထားပါတယ်ဆိုတဲ့ မြန်မာပြည်ရဲ့လွတ်လပ်ရေးကို အခုလို နှစ်ပေါင်း (၆၀)ကြာလာတဲ့အခါမှာ ဘယ်လိုများ အဓိပ္ပါယ်တွေ ဖွင့်ကြပါ့မလဲခင်ဗျာ။ ပထမဦးဆုံး NCGUB ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန်ပေါင်းအစိုးရက ဝန်ကြီးတဦးဖြစ်တဲ့ ဦးဘိုလှတင့်ရဲ့အမြင်ကို ကြားကြရအောင်ပါ၊

“ အင်မတန်မှ ရှင်းပါတယ်ခင်ဗျ။ လူရယ်လို့ မွေးဖွားလာတယ်ဆိုလို့ရှိရင် တိုင်းပြည်ဆိုတာရှိရမှာပါ။ အဲဒီ တိုင်းပြည်ရှိသလို လူသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ ရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ အသက်မွေးဝမ်း ကျောင်းပိုင်ခွင့်၊ လွတ်လပ်စွာ မိမိယုံကြည်တဲ့ အစိုးရကို တင်မြှောက်ပိုင်ခွင့်ဆိုတာ လူတွေရဲ့ မွေးရာပါ အခွင့်အရေးတွေ ဖြစ်ပါတယ်။ အဲဒီ အခွင့်အရေးတွေ ဆိတ်သုဉ်းနေတဲ့နေရာဟာ လွတ်လပ်မှု ဆိတ်သုဉ်းနေတဲ့ နေရာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ တိုင်းပြည်ဟာ နအဖပဲဖြစ်ဖြစ်၊ သူ့ရဲ့ လက်တဆုပ်စာ အလိုတော်ရိတွေက ကိုယ်ကျိုးစီပွားကောင်းစားနေလို့ပဲ ဖြစ်ဖြစ် လွတ်လပ်တဲ့ တိုင်းပြည်လို့ ပြောနေပေမယ့်လည်း ဒီကနေ့ တခြားတိုင်းပြည်မပြောပါနဲ့၊ အရှေ့တောင် အာရှနိုင်ငံထဲမှာ သွားတာတောင် ကိုယ့်လူမျိုးများဟာ မျက်နှာအောက်ချပြီး၊ ခေါင်းငုံ့ပြီး သွားနေရတဲ့ သူများ၊ လူမျိုးနဲ့ ယှဉ်နိုင်စွမ်းမရှိတဲ့ ဘဝမျိုးကို ကျနော်တို့က လွတ်လပ်တယ်လို့ မယူဆပါဘူး။ လွတ်လပ်တယ်ဆိုတာ တိုင်းပြည်တခုမှာ ဂုဏ်သိက္ခာရှိရမယ်၊ အမျိုးသားရေး ဂုဏ်သိက္ခာ မြင့်မားနေရမယ်၊ စာပေ၊ယဉ်ကျေးမှု၊ အမျိုးဘာသာ၊ သာသနာအစ ထွန်းကားနေရမယ်။ တိုင်းပြည်မှာ လူ့အခွင့်အရေးတွေနဲ့ ဒီမိုကရေစီတောင်မကဘူး၊ ဘာသာပေါင်းစုံရဲ့ တည်ငြိမ်ပြန့်ပွားရေးတောင် ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေမှာ လွတ်လပ်မှု ဆိတ်သုဉ်းနေတယ်လို့ ကျနော်ဒီလိုပဲပြောရမှာဖြစ်ပါတယ်။”

ဟုတ်ကဲ့၊ လွတ်လပ်မှုဆိုတဲ့ ကိစ္စမှာ မြန်မာ့ တပ်မတော်ဟာ မြန်မာပြည် လွတ်လပ်မှုအတွက် အဓိကကျတဲ့ အင်အားစု တခုဆိုပြီးတော့ တောက်လျှောက်ပြောဆိုလာတဲ့ အစဉ်အလာရှိပါတယ်။ မြန်မာ စစ်တပ်နဲ့ ပတ်သက်ပြီးတော့ အခုချိန်ထိ ဦးဘိုလှတင့်တို့က ဝေဖန်တာတွေ၊ တိုက်တွန်းတာတွေ၊ စစ်တပ် အပြောင်းအလဲဖြစ်ရေးနဲ့ ပတ်သက်ပြီး လုပ်နေတဲ့သူတွေဆိုတော့ လွတ်လပ်ရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာ့တပ်မတော်ကို ဘယ်လိုများ အဓိပ္ပါယ်ဖွင့်ချင်ပါလဲခင်ဗျ။

“ သမိုင်းကြောင်းဆိုတာက ဘယ်သူ့မှ လိမ်ညာလို့ မရသလို၊ ဘယ်သူမှ ဖျက်ပစ်လို့ မရပါဘူးခင်ဗျ။ တကယ်တမ်း မြန်မာ့တပ်မတော်ဟာ လွတ်လပ်ရေးရယူတုန်းက လူမျိုးပေါင်းစုံ ပြည်သူလူထုနဲ့ လက်တွဲပြီးတော့ ရှေ့တန်းက တိုက်ခဲ့တဲ့၊ ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားပေးတဲ့ တပ်မတော်ဖြစ်တယ်။ ဒါသမိုင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်းရည်ရွယ်တဲ့ တပ်မတော်ဟာ ပြည်သူလူထုရဲ့ အစေခံဖြစ်ရမယ်ဆိုတဲ့ နေရာမှာ တပ်မတော်ဟာ ပြည်သူလူထုရဲ့ အစေခံဖြစ်နေသလား၊ တပ်မတော်ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ငြိမ်းခြောက်တဲ့ ဓါးပြဂိုဏ်းသာသာ လူတစုရဲ့လက်ကိုင်ဒုတ်ဖြတ်နေလားဆိုတာကို ဒီကနေ့စစ်တပ်က ပြတ်ပြတ်သားသား ပြန်မေးရဲတဲ့သတ္တိတော့ရှိဖို့လိုတယ်လို့ ကျနော်ပြောရမှာဖြစ်ပါတယ်ခင်ဗျ၊”

NCGUB က ဝန်ကြီး ဦးဘိုလှတင့်၊ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ၊

လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး ပြောဆိုမယ့်သူ နောက်တဦးကတော့ မြန်မာ့လွတ်လပ်ရေးကို ကိုယ်တိုင် ဖြတ်သန်းလာခဲ့ဖူးတဲ့သူ၊ တိုင်းပြည်နဲ့လူမျိုးကောင်းစားေးအတွက် အမြဲစဉ်းစားနေပြီးတော့ အခုချိန်ထိ လွတ်လပ်မှုအတွက် ကြိုးပမ်းနေတဲ့ ပျဉ်းမနာ၊ ရေဆင်းတက္ကသိုလ်က ပါမောက္ခဟောင်း၊ နိုင်ငံရေးအကျဉ်းသားသောင်း ဒေါက်တာ ဆလိုင်းထွန်းသန်းပါခင်ဗျာ။

“ (၁၉၄၆)မှာ ကျနော် သရက်မြို့က အထက်တန်းကျောင်းရောက်တယ်၊ (၇)တန်း ကျောင်းသား အနေနဲ့၊ ကျနော် (၁၉၄၇)မှ တက္ကသိုလ်ဝင်တန်းအောင်တယ်၊ အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်သွားတော့ အိန္ဒိယကနေပြီးတော့ ကြေငြာတယ်။ ဘာပြောလည်းဆိုတော့ ဗမာတွေ ခါးတောင်းကျိုက် မဖြုတ်ကြနဲ့ဆိုပြီးတော့၊ အဲဒီတုန်းက ကျနော်တို့ ကျောင်းသား ရဲခေါင်ထဲမှာပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ချင်းအမျိုးသားများကာကွယ်ရေးတပ် CDO ဆိုပြီးတော့ Chin defense Organization အဲဒီမှာ ကျနော်က ခရိုင်စစ်ခေါင်းဆောင်၊ တခါတည်း ဇွဲမာန်တင်းထားပေါ့လေ။ ငါတို့က အကောင်းဆုံးကိုမျှော်လင့်၊ အဆိုးဆုံးအတွက်လည်း ပြင်ဆိုတဲ့ သဘောနဲ့ ဗိုလ်ချုပ်က ပြောလိုက်တာကိုး။ အဆိုးဆုံးလည်းပဲဖြစ်ခဲ့တယ်။ ကျနော်တို့ မမျှော်လင့်တဲ့အဆုံးဆုံး၊ အဲဒါတော့ ဗိုလ်ချုပ်ကျဆုံးသွားတာပေါ့ဗျာ၊ အဲနောက်တော့ အကောင်းလည်း ဖြစ်ပါတယ်။ လွတ်လပ်ရေးရသွားတယ်၊ ဗိုလ်ချုပ်ကျဆုံးတဲ့အချိန်မှာ ကျနော်တို့ တော်တော်လေးဝမ်းနည်းနေတဲ့အချိန်မှာ သူတို့က တနှစ်အတွင်း လွတ်လပ်ရေးရရမယ်ဆိုတဲ့ ဥစ္စာကို ကြေငြာလိုက်တဲ့အခါကျတော့ ကျနော်တို့လည်း သူပြောခဲ့တဲ့ဥစ္စာကို သတိရပြီး ဝမ်းသာကြပါတယ်။ ဗိုလ်ချုပ်ကပြောတယ်။ လွတ်လပ်ရေးရရင် ကျနော်တို့ရဲ့တာဝန်ဟာ ပြီးသွားပြီလည်းဆိုတော့ ကျနော်လည်း လွတ်လပ်ရေးလည်းရရာ ကျနော်တို့ ကျောင်းသားရဲခေါင်ရော၊ Chin defense Organization ရော ကျနော်ထွက်လိုက်တယ်။ အဲဒီတုန်းက ကျနော် ယူနီဖေါင်းမချွတ်ဘူး။ မချွတ်တာက ကျနော့်အဝတ်အစားမရှိလို့၊ ရန်ကုန်ကို ရောက်လာတယ်၊ ဘတ်(စ်)ကားခလည်း တပြားမှ ကျနော်တို့ကိုမယူဘူး။ လူတွေကလက်ခံတယ်။ ပိုက်ဆံတပြားမှမယူဘူး၊ မီးရထားပေါ် လည်း မယူဘူး၊ ဘတ်(စ်)ကားပေါ်လည်း မယူဘူး။ ဘယ်လောက်ချစ်သလဲ။ ငါတို့ လွတ်လပ်ရေးကို တိုက်ယူမယ့်သူတွေလို့ ယူနီဖေါင်းမြင်တာနဲ့ ချစ်တယ်။ အခုတော့ ဘယ်သူကမှ ယူနီဖေါင်း မမြင်ချင်ဘူး။ ကြည့်ကိုမကြည့်ချင်ဘူး။ ဟိုတုန်းက ကျနော်တို့ သိခဲ့တဲ့တပ်မတော်နဲ့ အခုတပ်မတော် ပြဒါးတလမ်း၊ သံတလမ်းဖြစ်ပုံ၊ ဘယ်လိုမှ ကင်းအောင်လုပ်လို့ မရလို့ ဆက်ဆံရတဲ့ ယူနီဖေါင်းပဲ ဖြစ်တယ်။ ဘယ်သူမှ မဆက်ဆံချင်ဘူး။ တဖြည်းဖြည်း၊ တဖြည်းဖြည်း လုံးပါးပါးသွားတာ ကျနော်တို့ ကြားဖူးတာက ကပ်ကြီးသုံးပါးကြားဖူးတယ်။ ဒုဗ္ဘိက္ဒန္တရကပ်တို့၊ သတ္ထန္တရကပ်တို့၊ နောက်ပြီး ရောဂန္တရကပ်တို့။ အဲဒါမကဘူး၊ ကပ်ကြီး(၅)ပါးကိုဆိုက်နေတာ၊ ဗမာပြည်မှာ၊ ဘာတွေဆိုက်နေလဲဆိုတော့၊ အဲဒီသုံးကပ်အပြင် ကျနော်တို့ အမှန်တရားကိုပြောလို့ မရတဲ့ကပ်၊ ထမင်းဆာတယ်ဆို ထမင်းဆာတယ်။ ကုန်ဈေးနှုန်းကြီးတယ်ဆိုရင် ကုန်ဈေးနှုန်းကြီးတယ်။ အဲလိုအမှန်တရားကို ပြောလို့ မရတဲ့ကပ် ဆိုက်နေတာ။ နောက်တခုက ဘယ်ဘာသာမဆို ဗုဒ္ဓဘာသာအပါအဝင် ကိုယ်လွတ်လွတ်လပ်လပ် ကိုးကွယ်လို့ မရဘူး။ ကိုယ်တက်ချင်တဲ့ဘုရားကို တက်ပြီး ကိုးကွယ်လို့မရဘူး။ အဲဒါမျိုးတွေဖြစ်ကုန်တယ်။ အတော်လေး ဗမာပြည်သားတွေကို ကျနော်ကြည့်တယ်။ တခါတလေ မျက်ရည်တောင်ကျချင်တယ်။ ဒို့ဗမာတွေ ဘယ်လောက်ခံသလဲဆိုတာ။ သူတို့ကသာ သာယာနေသလေး၊ ဘာလေးပြောနေတယ်။ အော် တော်တော်တော့ ခက်ကုန်ပြီပဲလို့။ အဲဒါကြောင့် ကျနော်ပြောချင်တာက ဟိုတုန်းက ကျနော်တို့ ရွှေထီး ဆောင်းခဲ့သော်လည်းပဲ၊ လွတ်လပ်ရေးရခါစမှာ ရွှေထီးဆောင်ခဲ့သော်လည်းပဲ ဒီကနေ့ စုတ်ပြတ်ပြီးတော့ ကျနော်တို့ သူများခြေသလုံးဖက်ပြီးတော့ ဗွက်ထဲ၊ အိုင်ထဲ၊ မစင်ထဲမှာ နစ်မြုပ်နေရတဲ့ ဘဝကို ကျနော်တို့ရောက်နေပြီ။ အဲဒီဘဝကို ကယ်နိုင်ဖို့ဆိုလို့ရှိရင် ကျနော်တို့က အမှန်တရားဘက်ကို ရပ်ရလိမ့်မယ်။“

ဟုတ်ကဲ့ပါခင်ဗျား၊ ဒေါက်တာဆလိုင်းထွန်းသန်း ကျေးဇူးအများကြီးတင်ပါတယ်။