မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဥရောပသမဂ္ဂ တိုက်တွန်း

ဥရောပသမဂ္ဂ အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန် ပီယာရို ဖက်စီနို (Pierio Fassino) က ဒီနှစ် ၂၀၀၈ ခုနှစ်မှာ မြန်မာ့အရေးကို ထိပ်တန်းဦးစားပေး ကိစ္စတစ်ရပ်အဖြစ် ထားရှိဖို့ နိုင်ငံတကာကို တိုက်တွန်းနိုးဆော်လိုက်ပါတယ်။

သောကြာနေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon)၊ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ (Ibrahim Gambari) တို့နဲ့ မစ္စတာ ဖက်စီနို တွေ့ဆုံခဲ့ကြပြီးတဲ့နောက် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေအပေါ် ပူးပေါင်းညှိနှိုင်း ဖိအားပေးသွားကြဖို့ ထောက်ခံနိုးဆော်တဲ့အနေနဲ့ ရှေ့သီတင်းပတ်မှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နန်နဲ့ ထိုင်းနိုင်ငံတွေကို ခရီးသွားရောက်ဖို့ မိမိစီစဉ်နေတယ်လို့ မစ္စတာ ဖက်စီနိုက ပြောကြားသွားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ အီဗရာဟမ် ဂမ်ဘာရီဟာ ရှေ့သီတင်းပတ်မှာ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို မြန်မာ့အရေးအတွက် သွားရောက်မှာဖြစ်ပြီးတော့ အဲဒီကတဆင့် မြန်မာနိုင်ငံကို ထပ်မံသွားရောက်ဖို့ ကြိုးပမ်းနေတယ်လို့လည်း မစ္စတာ ဖက်စီနိုက ကုလသမဂ္ဂဌာနချုပ်မှာ သောကြာနေ့က သီတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ခရစ္စမတ်မတိုင်ခင်က မြန်မာနိုင်ငံရဲ့မိတ်ဆွေများ Friends of Myanmar အုပ်စုကို ဖွဲ့စည်းခဲ့ပြီး အဲဒီအုပ်စုမှာ ကုလသမဂ္ဂရဲ့ အမြဲတမ်းလုံခြုံရေးကောင်စီ
အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ အီးယူအဖွဲ့ဝင်နိုင်ငံတွေနဲ့ အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ နိုင်ငံတို့ ပါဝင်ကြတယ်လို့ မစ္စတာ ဖက်စီနိုက ပြောကြားလိုက်ပါတယ်။

မနေ့က ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ အနှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့မှာ အမေရိကန် သမတကတော် လော်ရာဘုရှ် (Laura Bush) က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံ ပြည်သူလူထုဟာ ဒီနေ့ဒီရက်မှာ လွတ်လပ်ရေး ရရှိခဲ့တာကို အောင်ပွဲခံ ဆင်နွှဲကြရမယ့်အစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရအောက်မှာ ကြောက်ရွံ့ခြင်း၊ ဆင်းရဲမွဲတေခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းတွေနဲ့ နေထိုင်နေကြရတယ်လို့ ထည့်သွင်းဖော်ပြသွားပါတယ်။