သမ္မတ ဘုရှ် အရှေ့အလယ်ပိုင်း ခရီးစဉ်အပေါ် ဟားမတ်စ်အဖွဲ့ ဝေဖန်

အမေရိကန် သမတ ဘုရှ် အစ္စရေးနဲ့ ပါလက်စတိုင်း နယ်မြေကို လာရောက်တာဟာ ပါလက်စတိုင်းတွေ နာကျင်ရတာနဲ့ပဲ အဆုံးသတ်မယ်လို့ ဟားမတ်စ် လှုပ်ရှားမှုအဖွဲ့က သောကြာနေ့က ပြောကြားသွားပါတယ်။

အခုအချိန်ဟာ အစ္စရေးတို့နဲ့ ညှိနှိုင်းမှု ပြင်းပြင်းထန်ထန် လုပ်ဆောင်ရမယ့်အချိန် ဖြစ်တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံတဲ့ ပါလက်စတိုင်းတွေက ပြောနေပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် Jim Teeple သတင်းပေးပို့ထားတာကို ဒေါ်အေးသန္တာကျော်က တင်ပြထားပါတယ်။

သမတ ဘုရှ်ဟာ သူ့ရဲ့ သမတ သက်တမ်း မကုန်ဆုံးခင်မှာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး သဘောတူညီမှု ရှေ့တိုးနိုင်အောင်လို့ - သမတ ဘုရှ် သုံးနှုန်းတဲ့ စကားနဲ့ပြောရရင်တော့ ‘ညင်ညင်သာသာ တွန်းအားပေး’ ကြိုးစားတယ်ဆိုတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း အရာရှိတွေနဲ့ ပြောဆိုဆွေးနွေးတဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကတော့ ဂါဇာ ကမ်းမြှောင်ဒေသမှာ ဟားမက်စ် စစ်သွေးကြွတွေနဲ့ သူတို့ကို ထောက်ခံသူတွေရဲ့ ဆန္ဒပြသံတွေ လွှမ်းမိုးနေပါတယ်။

ဟားမတ်စ် က သဘောတူညီမှု ဆိုတာကို လက်မခံပါဘူး။ အစ္စရေးကိုလည်း အသိအမှတ်ပြုဖို့ ငြင်းဆန်နေပါတယ်။ အဲဒီအဖွဲ့ကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက အကြမ်းဖက်သမားတွေလို့ ယူဆထားကြပါတယ်။ သမတ ဘုရှ်ရဲ့ အခု လာရောက်မှုဟာ ပါလက်စတိုင်းတွေကြားမှာ ကွဲပြားနေတာတွေ ပိုပြီးတော့ အခြေအနေဆိုးအောင် လုပ်တာဖြစ်တယ်လို့ ဟားမတ်စ် ခေါင်းဆောင် အစ္စမား ဟာနီယာ (Ismail Haniyeh) က Gaza City မြို့မှာ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲအပြီး ပြောကြားသွားပါတယ်။

“ပါလက်စတိုင်းတွေအကြား စစ်ပွဲတစ်ခုဖြစ်အောင်လို့ မစ္စတာ ဘုရှ်က လာပြီးတော့ မျိုးစေ့ချပေးနေတာပါ၊ အရှေ့အလယ်ပိုင်းဒေသအတွက် အမေရိကန် မူဝါဒဟာ မအောင်မြင်ပါဘူး၊” - လို့ မစ္စတာ ဟာနီယာက ပြောသွားပါတယ်။

ဟားမတ်စ် အဖွဲ့ဟာ လွန်ခဲ့တဲ့ ဇွန်လက အကြမ်းဖက်နည်းသုံးလို့ ဂါဇာဒေသကို ထိန်းချုပ်ထားခဲ့ပြီးတော့ ပါလက်စတိုင်း သမတ မာမွတ် အာဘက်စ် (Mahmoud Abbas) ကို သစ္စာခံတဲ့ ဖာတာ (Fatah) လှုပ်ရှားမှုအဖွဲ့တွေကို ဖယ်ထုတ်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ပါလက်စတိုင်းဒေသ နှစ်ခြမ်းကွဲနေတာပါ။ တစ်ဖက်က ဟားမတ်စ်အဖွဲ့က ဂါဇာကမ်းမြှောင်ဒေသကို ထိန်းချုပ်ထားပြီး ဖာတာလှုပ်ရှားမှု အဖွဲ့ကတော့ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ဒေသကို ထိန်းချုပ်ထားပါတယ်။

သမတ အာဘက်စ် က ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းဒေသမှာ အများရဲ့ ထောက်ခံမှုရရှိတဲ့ အိမ်စောင့်အစိုးရတစ်ရပ် ဖွဲ့စည်းပေးထားပြီးတော့ အစ္စရေးနဲ့ ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေ ဆက်ပြီးတော့ လုပ်ဆောင်နေခဲ့ပါတယ်။ ဒီလိုမျိုး အစ္စရေးတွေနဲ့ ညှိနှိုင်းဖို့ မစ္စတာ အာဘက်စ် ခန့်အပ်ထားသူတွေထဲမှာ ထိပ်တန်းအရာရှိတစ်ဦးကတော့ ဆာအိ အာရီကဒ် (Saeb Erekat) ပဲ ဖြစ်ပါတယ်။ မျှမျှတတ ပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးလမ်းစဉ်ကို ထောက်ခံတဲ့ ပါလက်စတိုင်းတွေကတော့ သမတ ဘုရှ် လာရောက်တာကို ကြိုဆိုပါတယ်၊ ဒါပေမယ့် ဒီလုပ်ငန်းစဉ် ရှေ့တိုးဖို့ကတော့ အစ္စရေးနဲ့ ပါလက်စတိုင်းတွေအပေါ်မှာပဲ မူတည်ပါတယ်လို့ ဆိုပါတယ်။

အစ္စရေးတို့ အနေနဲ့ ပါလက်စတိုင်း နယ်မြေတွေမှာ ဝင်ရောက်နေရာယူတာကို အဆုံးသတ်ဖြစ်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် အဓိက အဟန့်အတားဖြစ်နေတာ ဂါဇာဒေသဖြစ်တယ်။ ပါလက်စတိုင်းတို့အနေနဲ့လည်း သူတို့ နယ်မြေမှာ လုံခြုံရေးကို သေချာ ထိန်းချုပ်နိုင်ပါတယ်ဆိုတာ ပြသဖို့ လိုတယ်လို့ သမတ ဘုရှ်က အဲဒီဒေသကို ရောက်ရှိနေတဲ့ အချိန်အတောအတွင်းမှာ ပြောကြား တိုက်တွန်းသွားပါတယ်။