ဂြိုဟ်တုစလောင်းလိုင်စင်ကြေး တိုးမြှင့်သည့်သတင်း ဖော်ပြခဲ့သည့် ဂျာနယ်အချို့ ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းခံရ

မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ပြည်တွင်းမှာထုတ်ဝေနေတဲ့ သတင်းဂျာနယ်
တချို့ အခုအပတ်အတွက် ထုတ်ဝေခွင့်တွေကို ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
မကြာသေးခင်က ဂြိုဟ်တုစလောင်း လိုင်စင်ကြေးတွေ တိုးမြှင့်လိုက်တဲ့အကြောင်း သတင်းရေးသားဖော်ပြခဲ့တာကြောင့်လို့လည်း သတင်းလောကသားတွေက ပြောနေ
ကြပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

ရန်ကုန်မြို့က အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေနေတဲ့ မြန်မာတိုင်းမ်စ်သတင်းစာ
အပါအဝင် အနည်းဆုံး စာစောင်နှစ်ခုကို မြန်မာစစ်အစိုးရရဲ့ စာပေစိစစ်ရေးအဖွဲ့က
ထုတ်ဝေခွင့် တပတ်ပိတ်လိုက်တာလို့ စာနယ်ဇင်းသမားတွေက ပြောကြတာပါ။ မကြာ
သေးခင်က ဂြိုဟ်တုစလောင်းလိုင်စင်ကြေးတွေ ရုတ်တရက်တိုးမြှင့်လိုက်တဲ့အကြောင်း သတင်းတွေဖော်ပြခဲ့လို့ အခုလို အပြစ်ပေးတဲ့အနေနဲ့ ပိတ်ပင်လိုက်တာလို့လည်း သိရ
ပါတယ်။ မူလက သတ်မှတ်ထားတဲ့ နှစ်စဉ်ကြေး မြန်မာကျပ်ငွေ ခြောက်ထောင်ကနေ ဆယ်သိန်းအထိ တိုးမြှင့်လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ အပတ်စဉ်ထုတ် သတင်းစာ၊
ဂျာနယ်တွေမှာ ဖော်ပြခွင့်တင်ပေမယ့်လည်း စာပေစိစစ်ရေးက ခွင့်ပြုချက်မပေးတဲ့
ကြားက အခုလိုဖော်ပြမှုတွေရှိခဲ့တာလို့လည်း ရန်ကုန်မြို့က စာနယ်ဇင်းသမားတဦးက
ဆိုပါတယ်။

“ကျနော်တို့ စာနယ်ဇင်းလောကမှာ ကြားတာကတော့ စလောင်းတွေနဲ့ ပတ်သက်တဲ့
သတင်းကို တင်တဲ့အခါမှာ သူတို့က ဒီစလောင်းသတင်းတွေကို မထည့်ပါနဲ့ဆိုပြီး
ပယ်တယ်။ ပယ်တဲ့အခါကျတော့ မြန်မာတိုင်းမ်စ်ရယ်၊ ဖေးဘရိတ်ဂျာနယ်ရယ်က အဲဒီ
သတင်းကို ဖော်ပြလိုက်တယ်။ ဖော်ပြလိုက်တဲ့အတွက် တပတ်ဆီ အပိတ်ခံလိုက်ရ
တယ်”

သူတို့က ဖော်ပြလိုက်တယ်ဆိုတာ ပြီးခဲ့တဲ့ နောက်ဆုံးထုတ်စာစောင်တွေမှာ ဖော်ပြ
လိုက်တာလား။
“ဟုတ်ပါတယ်”

မထုတ်ရဘူးဆိုတာ အာဏာပိုင်တွေဘက်က ဘယ်လိုမျိုးညွှန်ကြားချက် ပေးထား
တာလဲ။
“အဲဒါက ကျနော်တို့တွေ တင်တဲ့အခါမှာ သူတို့က ဘယ်ဟာတော့ခွင့်ပြုတယ်၊ ဘယ်
ဥစ္စာကိုဖြုတ်ပါ၊ ဘယ်ဥစ္စာကိုပယ်ပါ။ သူတို့က အဲလိုပြောတာကိုး”

ဟုတ်ကဲ့၊ အဲဒီကိစ္စကို သတင်းမရေးရဘူးဆိုပြီး ခွင့်မပြုဘဲထားတဲ့ သတင်းပေါ့နော်။
“ဟုတ်ပါတယ်”
ရန်ကုန်မြို့က စာနယ်ဇင်းသမားတဦးကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

အခုလို ထုတ်ဝေခွင့် တပတ်ပိတ်ပင်ခံရတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ မြန်မာတိုင်းမ်စ်
သတင်းစာကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သက်ဆိုင်ရာ တာဝန်ကျအယ်ဒီတာတွေ
မရှိတဲ့အတွက် တစုံတရာမပြောနိုင်သေးဘူးလို့ မြန်မာတိုင်းမ်စ်ဝန်ထမ်းတဦးက
ဖြေကြားခဲ့ပါတယ်။

မြန်မာစစ်အစိုးရက အခုလဆန်းပိုင်းက ဂြိုဟ်တုဆက်သွယ်ရေ နှစ်စဉ်ကြေးနှုန်းထား
တွေ တိုးမြှင့်လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသားတွေကြား အတော်လေး ကျယ်ကျယ်လောင်လောင် ဖြစ်နေချိန်မှာပဲ အဲဒီအစီအစဉ်ကို ယာယီရပ်ဆိုင်းဖို့
ညွှန်ကြားချက် ထပ်မံထုတ်ပြန်လိုက်တယ်လို့လည်း ဒီရက်ပိုင်းအတွင်းမှာပဲ လိုင်စင်
ကြေးပေးဆောင်ရာဌာနကို သွားရောက်စုံစမ်းခဲ့သူတွေက ပြောကြပါတယ်။ လိုင်စင်
ကြေးတွေ ရုတ်တရက်တိုးမြှင့်လိုက်တဲ့ကိစ္စကိုလည်း ဒီလဆန်းပိုင်းကမှ နှစ်စဉ်ကြေး
ပေးဖို့ သက်ဆိုင်ရာဌာနတွေကို သွားရောက်တော့မှသာ ဂြိုဟ်တုစလောင်းအသုံးပြုခဲ့
သူတွေက သိခဲ့ကြရတာပါ။

မြန်မာစစ်အစိုးရအာဏာပိုင်တွေဘက်ကတော့ ဒီလိုတိုးမြှင့်ကောက်ခံမယ့်အကြောင်း
တရားဝင်ထုတ်ပြန်ကြေညာတာမျိုး မရှိသလို အခုလို ဆိုင်းငံ့လိုက်တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့လည်း တစုံတရာပြောဆိုတာ မရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ တာဝန်ရှိ
တဲ့ အာဏာပိုင်တွေအနေနဲ့ စာနယ်ဇင်းတွေကို တဖက်သတ်အရေးယူမယ့်အစား
ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်ဖို့လိုတယ်လို့ ပြည်ပအခြေစိုက် မြန်မာသတင်း
သမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေက ပြောပါတယ်။
“ဒီဟာက မီဒီယာက ကြားညပ်သွားတယ်ဆိုတဲ့ သဘောပေါ့။ သူတို့က သူတို့ကိုယ်
သူတို့ တရားဝင်အစိုးရဆိုတဲ့ ပုံစံမျိုးတော့လုပ်တယ်။ ဘာအမိန့်မှလည်း တရားဝင်
ကြေညာပြီး ထုတ်တာလည်းမရှိဘူး။ အကယ်၍ မမှန်မကန် မီဒီယာဘက်က ဖော်ပြ
တယ်ဆိုရင် ဘာမှပိတ်စရာ၊ ပြုစရာ မလိုဘူးဗျာ။ ဥပဒေအရ အရေးယူရင်ယူပေါ့။ အခု
ကျတော့ သူတို့က နှုတ်နဲ့အမိန့်ထုတ်တယ်၊ တရားဝင်လည်း ကြေညာတာမဟုတ်ဘူး၊
မီဒီယာကတော့ သူတို့သတင်းရတယ်၊ သူတို့ Source တွေခိုင်တယ်၊ မှန်ကန်တယ်ဆို
ရင် ဖော်ပြမှာပဲ။ အကယ်၍ မမှန်တာရှိတယ်၊ အစိုးရကိုနစ်နာစေတယ်ဆိုတာ သူတို့
ဘက်က ခိုင်လုံတယ်ဆိုရင် ဒီမီဒီယာကို တရားဥပဒေနဲ့ အရေးယူပေါ့။ ပိတ်တာတို့
ဘာတို့တော့ ကျနော်တို့အနေနဲ့ လက်ခံစရာအကြောင်း မရှိပါဘူး။
“သေချာတာကတော့ မီဒီယာနဲ့ပတ်သက်တဲ့ ထွက်ပေါက်တွေ၊ မီဒီယာရဲ့ အဓိက
Source တွေ၊ မီဒီယာရဲ့ ဖြန့်ဝေတဲ့လမ်းကြောင်းတွေ၊ တီဗွီတို့၊ ရေဒီယိုတို့၊ ဒီမီဒီယာ
တွေကို သတင်းပေးတဲ့ တယ်လီဖုန်းတို့ သူတို့ အဲဒါတွေကိုတော့ ချုပ်ကိုင်ချင်နေတာ
တော့ သေချာတယ်လေ။ အစိုးရဆိုတာ အစိုးရအလုပ်လုပ်တာ ရှင်းရှင်းပြောရင်
တရားဝင် ဘာပဲလုပ်လုပ် တိုင်းပြည်ကို ကြေညာရမယ်။ သတင်းသမားကတော့
သတင်းရတယ်ဆိုရင် ဒီသတင်းကို မှန်မမှန်၊ ခိုင်မခိုင်ဆိုတာတော့ သတင်းသမား
မှန်သမျှ အကုန်လုံးက အတည်ပြုကြတာချည်းပဲ။ အဲဒီလိုနည်းလမ်းတွေနဲ့ ကြိုးပမ်းပြီး
တော့မှ ဒီသတင်းကို သူတို့ထုတ်တာ။ ဆိုတော့ အဖြစ်အပျက်တခု ကြားတာသိတာကို
မှန်မမှန် စိစစ်ပြီးတော့မှ သတင်းထုတ်လေ့ထုတ်ထရှိတာပဲ။ ဘယ်သူမှတော့ အရမ်း
ကာရော မလုပ်ကြပါဘူး။ အခုခေတ်ကြီးက သတင်းလောကမှာ အကုန်လုံးက အစိုးရ
ထက်ပိုပြီး စည်းကမ်းရှိပါတယ်။ သတင်းသမားတွေက”
မြန်မာသတင်းသမဂ္ဂအတွင်းရေးမှူး ဦးစံမိုးေ၀ မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

ဒီလို ဂြိုဟ်တုစလောင်းအသုံးပြုခတွေ တိုးမြှင့်ဖို့လုပ်ဆောင်လာတာဟာ ပြည်ပရုပ်သံနဲ့ အသံလွှင့်ဌာနတွေကသတင်းတွေ၊ အထူးသဖြင့် မကြာသေးခင်က သံဃာတော်တွေ
ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်တဲ့ သတင်းတွေကို ဂြိုဟ်တုရုပ်သံနဲ့ ရေဒီယိုတွေ
ကတဆင့် လွတ်လွတ်လပ်လပ် နားထောင်ခွင့်ရခဲ့တာတွေကြောင့် ဒီလိုအခြေအနေ
တွေကို မြန်မာအာဏာပိုင်တွေဘက်က ပိတ်ပင်ဖို့ ကြိုးပမ်းချက်တရပ်လို့ သတင်း
လွတ်လပ်မှု လှုပ်ရှားသူတွေက ရှုမြင်ထားကြပါတယ်။