လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တွင်ပေါက်ကွဲမှု အမေရိကန်သံရုံးကို ပစ်မှတ်ထား ဖောက်ခွဲခြင်းဖြစ်

လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်မြို့ လမ်းမ
တစ်ခုက မီးပွိုင့်တစ်နေရာမှာ ပေါက်ကွဲမှု
တစ်ခု ဖြစ်ပွားခဲ့လို့ အရပ်သား လေးယောက်
သေဆုံးပြီး အမေရိကန်သံရုံးကားမောင်းသူ တစ်ယောက်လည်း ဒဏ်ရာ အနည်းငယ် ရရှိ သွားခဲ့ပါတယ်။ ဘေရွတ် မြို့တော်ကနေ
ဗွီအိုအေ သတင်းထောက် Edward Yeranian
က သတင်းပေးပို့ထားတာကို ဒေါ်ခင်ဖြူထွေး
က တင်ပြထားပါတယ်။

လက်ဘနွန် အရေးပေါ်လူနာတင်ကားတွေနဲ့ မီးသတ်သမားတွေ ပေါက်ကွဲမှုဖြစ်ပွားရာ
ကို အပြေးအလွှား ရောက်ရှိသွားခဲ့ပါတယ်။ အမေရိကန်သံရုံးက သံချပ်ကာကားကို
ပစ်မှတ်ထား တိုက်ခိုက်ပုံရတဲ့ ဒီပေါက်ကွဲမှုအတွင်း အရပ်သားအချို့ သေဆုံးခဲ့သလို
ရုံးဆင်းချိန် ရှုပ်ထွေးနေတဲ့ ကားတန်းတလျှောက် ကားအစီး ၂၀ ထက်မနည်း လောင်ကျွမ်းပျက်စီးခဲ့ပါတယ်။

အခုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဘေရွတ်မြို့ မြောက်ပိုင်း Qarantina ရပ်ကွက်က
အဓိက အခင်းဖြစ်ပွားရာ နေရာတလျှောက် လောင်ကျွမ်းနေတဲ့ကားတွေကို မီးသတ်
ကားတွေနဲ့ ငြိမ်းသတ်နေကြသလိုပဲ လက်ဘနွန် ရဲတွေနဲ့ စစ်တပ်တွေကလည်း လမ်းကို
အမြန် ပိတ်လိုက်ကြပါတယ်။ လမ်းမတလျှောက်ကိုလည်း ကွန်ကရစ်တုံးတွေ၊ အုတ်ပုံ
အပိုင်းအစတွေနဲ့ တားဆီးထားပါတယ်။

ပေါက်ကွဲမှုကြောင့် အမေရိကန်သံရုံး သံချပ်ကာကား ထိခိုက်ပျက်ဆီးခဲ့တာနဲ့ပတ်သက်
လို့ စစ်ဆေးမှုတွေ လုပ်ဖို့ အမေရိကန်သံရုံး လုံခြုံရေး အရာရှိလည်း ပေါက်ကွဲမှုဖြစ်ပွား
ရာနေရာကို လာရောက်ကြည့်ရှုခဲ့ပါတယ်။ သံချပ်ကာ ကားဖြစ်တာမို့ ကားအတွင်းက
လူတွေကိုတော့ ထိခိုက်ဒဏ်ရာရမှု သိပ်မရှိခဲ့ပါဘူး။

ပေါက်ကွဲမှုအတွင်း အမေရိကန်နိုင်ငံသားတစ်ယောက် အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့
လို့ အဲဒီလူကို ဘေရွတ်အရှေ့ပိုင်းက Jeitawi ဆေးရုံကို ပို့လိုက်ရတယ်လို့ လက်ဘနွန်
LBC တီဗွီက အစောပိုင်းမှာ ထုတ်လွှင့်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်သံရုံး သတင်း
ထုတ်ပြန်ရေးအရာရှိ Cherie Lenzen ကတော့ အမေရိကန်နိုင်ငံသားတစ်ယောက်မှ
ထိခိုက်ဒဏ်ရာရခဲ့တာမရှိပါဘူးလို့ ဆိုပါတယ်။

“သံရုံး ဝန်ထမ်းတစ်ယောက်မှာ ထိခိုက်ဒဏ်ရာ ရခဲ့တာမရှိပါဘူး။”

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း လက်ဘနွန် ကမ်းရိုးတန်း အဝေးပြေးလမ်းမပေါ်မှာ
ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ် UNIFIL က အိုင်းရစ်ရှ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ လမ်းဘေးထောင်ဗုံး ပေါက်ကွဲမှုအတွင်း နှစ်ယောက် ဒဏ်ရာ ရခဲ့ပါသေးတယ်။

အလားတူပဲ ပြီးခဲ့တဲ့ တစ်လကျော် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဘေရွတ်မြို့ရဲ့ ဆင်ခြေ
ဖုံးရပ်ကွက် Ba’abda မှာ လမ်းဘေးထောင်ဗုံး ပေါက်ကွဲခဲ့လို့ လက်ဘနွန်ထိပ်တန်း
စစ်တပ်အရာရှိ ဗိုလ်ချုပ် Francois Hajj သေဆုံးခဲ့ပါတယ်။ သူဟာ လက်ဘနွန်ရဲ့
နောက်လာမယ့် စစ်ဦးစီးချုပ်နေရာ အရွေးခံရဖို့ ထိပ်ဆုံးမှာရှိနေသူပါ။

ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်ကတည်းကစလို့ လက်ဘနွန်နိုင်ငံမှာ ထိပ်တန်း နိုင်ငံရေး
ခေါင်းဆောင် ၉ ယောက်နဲ့ သတင်းထောက်တွေ လုပ်ကြံခံခဲ့ရပါတယ်။

Syrian March 14th အဖွဲ့ချုပ်ကို ဆန့်ကျင်တဲ့ ပါလီမန်အမတ်တွေကတော့ လုပ်ကြံမှုတွေ အများစုအတွက် Syria အဖွဲ့ချုပ်မှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ Syria အဖွဲ့ချုပ်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။