မြန်မာပြည်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုကို အဓိကမထားပေမယ့် အီးယူရဲ့ ရပ်တည်ချက် မပြောင်းလဲ

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အရေးယူ ပိတ်ဆို့ဖိအားပေးတဲ့မူကို အဓိက မထားဘဲ တိုးတက်မှုတွေ ရှိလာအောင် အားပေးတဲ့နည်းကို အဓိကထား ကျင့်သုံးသွားမယ်လို့ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်များရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံကိုယ်စားလှယ်က ပြောဆိုပါတယ်။

အီးယူ ဥရောပသမဂ္ဂရဲ့ မြန်မာစစ်အစိုးအပေါ် ထားတဲ့ မူဝါဒ ပြောင်းလဲလာမယ့် အရိပ်အယောင် ဆိုပြီး အကဲခတ်တချို့ သုံးသပ်နေချိန်မှာ အီးယူရဲ့ သဘောထား ဘယ်လို ရှိပါသလဲ။ အီးယူရဲ့ ရပ်တည်ချက် ပိုပြီးခိုင်မာအောင် မြန်မာ့အရေး လှုပ်ရှားသူတွေ ဘာတွေ ဆောင်ရွက်နေကြပါသလဲ။ မနန္ဒာချမ်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အီးယူ အထူး သံကိုယ်စားလှယ် မစ္စတာ ပီယဲရိုး ဖာဆီနို က - မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေက အဓိက မဟုတ်တဲ့အကြောင်း၊ အီးယူရဲ့ အဓိက မဟာဗျူဟာက - မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ အတိုက်အခံ အကြား စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးတစ်ခု သေချာပေါက် ဖြစ်ပေါ်လာဖို့ပါပဲလို့ ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတွေအပြီး ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ဒါဟာ မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားတဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ မူဝါဒ ပြောင်းလဲလာတာမျိုးလားလို့ NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ လန်ဒန်အခြေစိုက် ဥရောပရုံး တာဝန်ခံ ဦးနွယ်အောင်ကို မေးကြည့်တော့ -

“ကျနော်တို့အမြင်ကတော့ ဒီဥစ္စာက ပေါ်လစီ ပြောင်းချင်တဲ့သဘောမျိုးလို့ မမြင်ပါဘူးခင်ဗျ။ ဘာကြောင့်လဲဆိုလို့ရှိရင် Pressure (ဖိအား) တွေပေးတာက မိမိရဲ့ ရည်ရွယ်ချက်တစ်ခုကို အောင်မြင်စေချင်တဲ့အတွက်ကြောင့်မို့ ဖိအားတွေ ပေးတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ အီးယူ ကလည်းပဲ မြန်မာနိုင်ငံမှာ ခုန သူတို့ လိုချင်တဲ့ ဒီမိုကရေစီ ရရှိရေးတို့၊ နောက်ပြီးတော့ အမျိုးသား ရင်ကြားစေ့ရေးတို့ ဒါတွေ ဘာတွေ ဖြစ်မလာဘူး၊ ကြံ့ကြာနေမယ်ဆိုရင် သူတို့ ဆက်ပြီးတော့ ဖိအားတွေ ပေးသွားဖို့ Sanction လုပ်သွားဖို့ ဆိုတာ ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဒီလို ပိတ်ဆို့မှုတွေ လုပ်တာဟာ အဲဒီကနေပြီးတော့ ပေါ်လစီ ပြောင်းသွားမယ့် အဓိပ္ပါယ်မျိုး ရှိမယ်ဆိုတာကတော့ ကျနော်တော့ မထင်ပါဘူး။ မစ္စတာ ဖာဆီနို ကလည်းပဲ တချိန်က တရားရေး ဝန်ကြီး ဖြစ်ခဲ့တဲ့ အတွက်ကြောင့်မို့ သူ့မှာလည်းပဲ Diplomatic Skill တွေပေါ့လေ၊ သံတမန်ရေးရာ ကျွမ်းကျင်မှုတွေ တော်တော်ရှိပါတယ်။ အဲဒီတော့ သူ ပြောဆိုတဲ့အခါမှာတော့ တခါတရံ ဖြစ်နိုင်ပါတယ်။ Sanction တို့ Pressure တို့ဟာ အဓိက မဟုတ်ဘူး။ မြန်မာပြည်မှာ ဒီမိုကရေစီ ရရေးတို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး မြန်မြန် ဖြစ်မြောက်ရေးတို့ ဆိုတာ ဖြစ်တယ်ဆိုတာ ဒီဥစ္စာကလည်း မှန်ပါတယ်။ အမှန်မှာ မြန်မာနိုင်ငံမှာ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အာဏာပိုင်တွေ စကားပြောဖို့က မြန်မြန် ထက်ထက်နဲ့ အချိန် အတိုအတွင်းမှာ ဖြစ်ဖို့ဆိုတာ အဓိကဖြစ်တယ်လို့ သူ ဆိုလိုချင်တာဖြစ်ပါတယ်။”

တကယ်တော့ မြန်မာနိုင်ငံမှာ စက်တင်ဘာလအတွင်း သံဃာတော်တွေ ဦးဆောင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းပြီးတဲ့ နောက်ပိုင်း အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့ အီးယူ ဥရောပသမဂ္ဂ က မြန်မာစစ်အစိုးရ အပေါ် စီးပွားရေးနဲ့ အခြား အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို နိုဝင်ဘာလမှာ ချမှတ်ခဲ့တာပါ။

အီးယူက ချမှတ်ခဲ့တဲ့ အရေးယူ ဒဏ်ခတ်မှုတွေထဲမှာ - မြန်မာပြည်မှာရှိတဲ့ စီးပွားရေး ကုမ္ပဏီ ၁,၂၀၀ ကျော်အပေါ် ပစ်မှတ်ထား အရေးယူမှု၊ မြန်မာ စစ်အစိုးရရဲ့ ပိုင်ဆိုင်မှုတွေကို သုံးစွဲခွင့် ယာယီရပ်ဆိုင်းထားတာနဲ့ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေ၊ သူတို့နဲ့ နီးစပ်သူတွေကို ဗီဇာ ပိတ်ပင်တာတွေ ပါဝင်ပါတယ်။

ဒါပေမယ့် ဒီအရေးယူ ဒဏ်ခတ်မှုတွေကြောင့်မို့ ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်လို့တော့ အကဲဖြတ်ဖို့ စောလွန်း ပါသေးတယ်လို့လည်း မြန်မာပြည်ဆိုင်ရာ အီးယူ အထူး သံကိုယ်စားလှယ် မစ္စတာ ပီယဲရိုး ဖာဆီနို က ပြောဆိုခဲ့ပါသေးတယ်။ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အီးယူရဲ့ ကြိုးပမ်းချက်တွေနဲ့ ပတ်သက်လို့ အားရ ကျေနပ်မှု ရှိမရှိနဲ့ အတိုက်အခံတွေအနေနဲ့ အီးယူရဲ့ မြန်မာပြည်အပေါ် ထားရှိတဲ့ ရပ်တည်ချက် ဒီထက်ပိုပြီး ခိုင်မာလာအောင် ဘာတွေများ လုပ်ဆောင်နေတာ ရှိသလဲလို့ ဦးနွယ်အောင်ကို မေးကြည့်ခဲ့ပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ ဒီမြန်မာနိုင်ငံ ဒီမိုကရေစီ မရမချင်း အမျိုးသား ရင်ကြားစေ့ရေး မအောင်မြင်မချင်း ကတော့ ကျနော်တို့က သူတို့ လုပ်နေတာကို လုံလောက်တယ် အားရတယ်လို့ ကျနော်တို့က မယူဆပါဘူး။ ဒါကြောင့် ကျနော်တို့ အနေနဲ့ကတော့ သက်ဆိုင်ရာ အီးယူအစိုးရတွေနဲ့ပေါ့လေ လက်လှမ်း မှီသလောက် သွားရောက်ပြီးတော့ တွေ့ဆုံ ပြောဆိုတာမျိုးတွေ ရှိပါတယ်။ အထူးသဖြင့် ဒီ ဗြိတိသျှအစိုးရနဲ့ ဆိုလို့ရှိရင်လည်းပဲ ကျနော်တို့က သူတို့ရဲ့ ရုံးတွေကို သွားပြီးတော့ ကျနော်တို့က ဘယ်လို မြင်တယ်။ ဘယ်လို လုပ်စေချင်တယ်ဆိုတာကို အမြဲ ပြောလေ့ပြောထ ရှိပါတယ်။ ကျနော်တို့ကတော့ သူတို့ကိုလည်းပဲ နည်းနည်း အသိပေးထားတာက မြန်မာနိုင်ငံကို သံတမန်ရေးရာ အရကို အဆက်အသွယ် ဖြတ်ဖို့လိုပြီ။ ကျနော်တို့ ဆိုလိုချင်တာကတော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အီးယူသံရုံးတွေကို ပိတ်ပြီးတော့၊ တစ်ခါ အီးယူမှာရှိနေတဲ့ ဗမာသံရုံးတွေကိုလည်းပဲ ပိတ်ခိုင်းဖို့ အဲဒီလောက်အထိတော့ လုပ်ပြသင့်တယ် ဆိုပြီးတော့ ပြောထားတာ ရှိပါတယ်။ ဒီ Sanction တို့ ဘာတို့ ဆိုတာကတော့ စစ်အစိုးရကို တိုက်ရိုက် ထိခိုက်တာမို့လို့ ဒီဥစ္စာကို ဆက်ပြီးတော့ကို လုပ်ရမယ်။ Sanction ကို လျှော့လို့ မရဘူး။ ပိုပြီးတော့ ပြင်းပြင်းထန်ထန် ဆက်ပြီးတော့ လုပ်ဖို့လိုတယ်။ ဒါမှသာလျင် စစ်အာဏာပိုင်တွေဟာ သူတို့ ပြန်လည် စဉ်းစားလာနိုင်မယ် ဆိုတာကို သူတို့ကို ခေါင်းထဲကို ဝင်အောင်၊ သူတို့ သဘောပေါက်အောင် ကျနော်တို့က သေသေချာချာ ပြောပြထားပြီးသား ဖြစ်ပါတယ်။”

အခုလို အီးယူ ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့က မြန်မာစစ်အစိုးရအပေါ် အရေးယူဒဏ်ခတ်မှုတွေ ပြုလုပ်တာနဲ့ပတ်သက်လို့ အာရှတွင်း နိုင်ငံတွေက ထောက်ခံမှုမရှိခဲ့ပါဘူး။ အာရှနိုင်ငံတွေဖက်က စစ်အစိုးရအပေါ် အရေးယူဒဏ်ခတ်တာထက် စစ်အစိုးရကို စည်းရုံးဖို့ပဲ ပိုနှစ်သက်ကြတာပါ။

သောကြာနေ့က ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲအပြီး - မြန်မာစစ်အစိုးရအနေနဲ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ကို မြန်မာပြည် ဝင်ရောက်ခွင့် အမြန်ဆုံးပေးဖို့နဲ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အဓိက ဦးစားပေးတစ်ရပ်အနေနဲ့ လွှတ်ပေးဖို့ ထပ်မံ တောင်းဆိုတဲ့အကြောင်း မစ္စတာ ဖာဆီနို က သတင်းထောက်တွေကို ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် မစ္စတာ ဖာဆီနို က - မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရရှိအောင် အရှိန်မြှင့်လုပ်ဆောင်တဲ့အနေနဲ့ အာရှနိုင်ငံတွေဆီကို သံတမန် ခရီးစဉ်တစ်ခု ရုတ်တရက် သွားရောက်ဖို့ ရှိတယ်လို့လည်း သောကြာနေ့က ပြောဆိုခဲ့ပါတယ်။ သူ သွားရောက်မယ့်နိုင်ငံတွေကတော့ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နဲ့ ရုရှားနိုင်ငံတွေဆီကို ဖြစ်ပါတယ်။