အသက်ငါးနှစ်အောက်ကလေး အယောက် ၄၀၀ ထိ မြန်မာနိုင်ငံတွင် နေ့စဉ် သေဆုံးလျက်ရှိ

မြန်မာနိုင်ငံမှာ အသက် ၄နှစ်အောက် လေးရာလောက်ထိ နေ့စဉ်သေဆုံးနေရတယ်လို့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ ယူနီဆက်ဖ်ရဲ့ မြန်မာပြည် အဟာရရေးရာ ကျွမ်းကျင်သူ ဒေါက်တာ အိုစမုခူနီးလ်က ပြောလိုက်ပါတယ်။ ဒီပမာဏဟာ အာရှတိုက်မှာ အာဖဂန်နစ္စတန်ပြီးရင် အများဆုံးပဲလို့ ဆိုပါတယ်။ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ ကလေးသူငယ် အခြေအနေဆိုင်ရာ UNICEF ရဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီး လုပ်ခဲ့တဲ့ ရှင်းလင်းပွဲမှာ ဒေါက်တာ အူစမုက ပြောခဲ့တဲ့အကြောင်း ရန်ကုန်က လာတဲ့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။

နေ့စဉ် မြန်မာပြည်မှာ ကလေးသူငယ်လေးရာလောက်အထိ သေဆုံးနေရတယ်လို့ ဒေါက်တာ အိုစာမုခုနီးလ် ပြောတဲ့အပေါ် ဘယ်လိုသုံးသတ်ပါသလဲလို့ ကနေဒါ နိုင်ငံ အလ်ဘာတာ တက္ကသိုလ်က ဒေါက်တာ ခင်စောဝင်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စဖြေပါတယ်။

“ဒီ ကိန်းဂဏန်းကို ပေးတဲ့သူက ကလေးရဲ့ အဟာရဓာတ်၊ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူလည်းဖြစ်တယ်။ မြန်မာနိုင်ငံကို အထူးပြုတဲ့ ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်တယ်ဆိုတော့ သူရဲ့ ပြောဆိုချက်ဟာ မှန်ကန်တယ်လို့ ကျမတို့ ယူဆပါတယ်။”

အာရှမှာဆိုရင် အာဖဂန်နစ္စတန်ပြီးရင် ဒုတိယအများဆုံး ဗမာပြည်က အဲဒီလလောက်ထိ ဘာကြောင့် တနေ့တနေ့ သေးဆုံးနေရတာပါလဲ။

“လွန်ခဲ့တဲ့ လေးငါးနှစ်လောက်တုန်းက ကမ္ဘာ ကျန်းမာရေးအဖွဲ့ကလည်း တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတွေရဲ့ ကျန်းမာရေး အဆင့်အတန်းကို စီလိုက်တာမှာလည်း ဗမာပြည်က ဒုတိယနောက်ဆုံးမှာ ရှိတယ်။ ဗမာပြည်ရဲ့ အောက်မှာဆိုရင် ဆာရီလွန်ပဲ ရှိတယ်ပေါ့။ ဒီလိုနိုင်ငံတွေကို ကြည့်လိုက် ရင်တော့ ကျန်းမာရေးနဲ့ ပတ်သက်လို့ တော်တော်ကို နှိမ့်ကျတဲ့ နိုင်ငံတွေက များသောအားဖြင့် ဆင်းရဲ မွဲတေတဲ့ နိုင်ငံတွေလည်းဖြစ်တယ်။ စီးပွားရေးအရလည်း ကျပ်တည်း ပြီး ဆင်းရဲတဲ့ နိုင်ငံလည်းဖြစ်တယ်။ နောက်ပြီးတော့ နိုင်ငံရဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာမှာလည်း မျှတမှုမရှိတဲ့ အုပ်ချုပ်မှုအောက်မှာ နေရတဲ့ နိုင်ငံတွေမှာလည်း ဒီလိုမျိုး ကျန်းမာရေး ကျပ်တည်းတဲ့ ပြဿနာတွေက ဆက်နွယ်မှုရှိနေတယ်။”

ဒီလောက် ကလေးငယ်တွေ သေဆုံးနေရတဲ့ အပေါ်မှာ အစိုးရရော၊ လူထုအနေနဲ့ရော၊ မိဘတွေ အနေနဲ့ရော ဒါကို ဘယ်လိုမျိုး ကိုင်တွယ်လုပ်ဆောင်မယ်ဆိုရင် အကောင်းဆုံး ဖြစ်မယ်လို့ ဆရာမ သုံးသတ်ပါသလဲ။

“အထူးသဖြင့် အသက်ငါးနှစ်အောက် ကလေးဆိုလို့ရှိရင် မိခင်နဲ့ အများကြီး ဆက်စပ်နေတယ်။ မိခင်ရဲ့ ရင်ခွင်အောက်မှာ နေရတဲ့အချိန်ဖြစ်တယ်။ အဲဒီတော့ ဒီကလေးတွေရဲ့ ကျန်းမာရေးဟာ မိခင်ကိုယ်တိုင်ရဲ့ ကျန်းမာရေးနဲ့လည်း ဆက်စပ်နေတယ်။ မိခင်ရဲ့ ကျန်းမာရေးမှာ မိခင်က ကျန်းမာရေးနဲ့ ပြည်စုံမှုရှိမရှိ အဟာရ ပြည့်စုံမှု ရှိမရှိဆိုတာ ပေါ်မှာလည်း အများကြီးမူတည်တယ်။ နောက်တချက် ကတော့ ကာကွယ်ဆေး ထိုးဖို့ပေါ့။ ကလေးတွေဟာ သူ့အချိန်နဲ့ သူ ကာကွယ်ဆေး ထိုးရမယ်။ ဒီလိုကာကွယ်ဆေးထိုးတဲ့ ကိစ္စကျတော့ အစိုးရနဲ့ အဓိက သက်ဆိုင်နေပါတယ်။ သူ့အချိန်နဲ့ သူ ကာကွယ်ဆေးထိုးဖို့အတွက်က ကလေးတိုင်းဟာ ဗမာပြည်တွင်းမှာ မထိုးနိုင်ကြဘူး။ ကာကွယ်ဆေးထိုးဖို့နေရာကို မသွားနိုင်တာ၊ လမ်းစရိတ် မတက်နိုင်တာတွေရှိတယ်။ တခါ ကာကွယ်ဆေးထိုးတဲ့နေရာ တွေမှာလည်း သိုလှောင်မှုမှာ အရည်အသွေးမပြည့်ဝမှုတွေရှိပါတယ်။”

မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအများစုအတွက် နိုင်ငံတကာက ငွေကြေးထောက်ပံ့နေတာပါ။ မြန်မာ စစ်အစိုးရဟာ ကျန်းမာရေး ကဏ္ဍအတွက် နှစ်စဉ် သုံးရာခိုင်နှုန်းပဲ အသုံးပြုပြီး စစ်အသုံးစရိတ်ကိုတော့ လေးဆယ်ရာခိုင်နှုန်း အသုံးပြုနေတယ်လို့ ကယ်လီဖိုးနီးယား ဘာကလေ တက္ကသိုလ်နဲ့ ဂျွန် ဟော့ပ်ကင်းတက္ကသိုလ်တို့က သုသေတနပြုသူတွေ ဒီနှစ်ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတခုထဲမှာ ထုတ်ပြန်ထားတယ်လို့ အေပီသတင်းမှာ ရေးသားထားကြောင်းပါခင်ဗျာ။