မြန်မာပြည်လွတ်လပ်ခွင့်များအတွက် အမေရိကန်က ဆက်ပြီး ထောက်ခံ အားပေးသွားမည်

အမေရိကန်လွှတ်တော်မှာ မနေ့က ပြောကြားခဲ့တဲ့ သမ္မတ ဂျော့ဂျ် ဘုရှ်ရဲ့ နိုင်ငံအခြေပြ မိန့်ခွန်းထဲမှာ မြန်မာပြည် လွတ်လပ်ခွင့်များအတွက် အမေရိကန်ပြည်ထောင်စုက ဆက်ပြီး အားပေး ထောက်ခံသွားမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီမိန့်ခွန်းမတိုင်ခင်ကလည်း သမ္မတအိမ်ဖြူတော်ကနေ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာရှိပါတယ်။ အဲဒီအထဲမှာ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်အောင် အမေရိကန်ဘက်က ကူညီသွားမယ်။ လူ့အခွင့်အရေးတွေ တိုးတက် ကောင်းမွန်လာအောင် သမ္မတကတော် လော်ရာ ဘုရှ်ကလည်း အားပေးကူညီ သွားမယ်လို့ ဆိုပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကို အမေရိကန်ကို အလာမခံတဲ့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှု အပါအဝင် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ နေတာတွေကို အမေရိကန်ဘက်က ပိုပြီးတင်းတင်းကျပ်ကျပ် အရေးယူ ဆောင်ရွက်နေပါတယ်။ ဒီလိုလုပ်ရတာဟာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ငြိမ်းချမ်းတဲ့ လူထုလှုပ်ရှားမှုတွေကို မြန်မာစစ်အစိုးရက အကြမ်းဖက် ဖြိုခွဲခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့ ဆောင်ရွက်ခဲ့တာပါ။

ဒီမိုကရေစီရေး လုပ်ဆောင်တဲ့ မြန်မာပြည်တွင်းက လှုပ်ရှားသူတွေဟာ အခုချိန်အထိ ဆက်ပြီး အဖမ်းအဆီးခံနေရတုန်းပဲလို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပြောဆိုနေကြပါတယ်။