မြန်မာစစ်အစိုးရကို ဆက်ပြီးဖိအားပေးဖို့ လုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိကို အမေရိကန်သမ္မတကတော် တိုက်တွန်း

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖေါ်ဆောင်ရေးနဲ့ ဒီမိုကရေစီ ပြောင်းလဲရေး အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စစ်အစိုးရအပေါ် ဆက်ပြီး ဖိအားပေးဖို့ အမေရိကန် သမ္မတကတော် လော်ရာဘုရှ် (Laura Bush) က လုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိကို တိုက်တွန်း လိုက်ပါတယ်။ အသေးစိတ်ကို ဒေါ်အေးသန္တာကျော်က တင်ပြထားပါတယ်။

သမ္မတကတော် လော်ရာဘုရှ်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အလှည့်ကျ သဘာပတိ အဖြစ် ဒီလထဲမှာ တာဝန် ယူမယ့် ပနားမားနိုင်ငံ သမ္မတ မာတင် ထြော်ရီဂျီု အက်စ်ပင်နို(Martin Torrijos Espino) ကို နယူးယောက်မြို့မှာ ကြာသပတေးနေ့က တွေ့ဆုံခဲ့တဲ့အချိန် အခုလို တိုက်တွန်း ပြောကြားသွားခဲ့တာပါ။

မစ္စ ဘုရှ်က ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်အစိုးရကို ဆက်ပြီးဖိအားပေးဖို့ အရေးကြီးတဲ့အကြောင်း မစ္စတာ ထြော်ရီဂျီု အက်စ်ပင်နိုကို ပြောတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ တိုနီဖရက်တို (Tony Fratto) က ပြောပါတယ်။ မစ္စတာ ထြော်ရီဂျီု ကလည်း နိုင်ငံတကာက ဝိုင်းဝန်း တောင်းဆို နေကြသလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ထွန်းဖို့ သူ့အနေနဲ့ ဖိအား ပေးသွားမှာပါလို့ ပြန်ပြောတဲ့အကြောင်းလည်း မစ္စတာ ဖရက်တိုက ပြောပါတယ်။

သမ္မတကတော် လော်ရာဘုရှ်ဟာ နှလုံးသား အစစ်အမှန်ဆိုတဲ့ နှလုံးရောဂါ ကာကွယ်တားဆီးရေး လှုံ့ဆော်ပွဲ တစ်ခုအတွက် နယူးယောက်ခ်မြို့မှာ ရောက်နေတာဖြစ်ပါတယ်။ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ ယူနီဆက်ဖ်က ကမကထ လုပ်ပြီး ဒီပွဲကို ကျင်းပတာဖြစ်တဲ့အတွက် ပနားမား သမ္မတ လည်း အဲဒီပွဲမှာ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးအပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့ အဓိပ္ပါယ်ပြည့်ဝပြီး အချိန် အတိုင်းအတာနဲ့ သတ်မှတ် အကောင်အထည်ဖော်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မရှိသေးတဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ တိုနီဖရက်တိုက ဇန္နဝါရီလ ၃၀ ရက်နေ့၊ ဗုဒ္ဓဟူးနေ့ကပဲ ပြောကြားသွားခဲ့ပါသေးတယ်။