Chad သမ္မတအိမ်တော်အနီး တိုက်ပွဲများ ပိုမိုပြင်းထန်နိုင်ငံခြားသားများ မြို့တော်မှ တိမ်းရှောင်

သမ္မတ အိမ်တော် အပါအဝင် အင်န်ဒီ ဂျာမီနာ မြို့ (N’Djamena) နေရာ တော်တော်များများ မှာ အစိုးရတပ်တွေ နဲ့ သူပုန်တပ်တွေ ကြား တိုက်ခိုက်မှုတွေ တနင်္ဂနွေနေ့ မနက် က ထပ်မံ ဖြစ်ပွါးလာပြန်ပါတယ်။ အိမ်တော် မှာ သမ္မတ ဒါဘီ Dearby ခိုအောင်းပိတ်မိနေတယ် လို့ ယုံကြည်ရပါတယ်။

လက်နက်ကြီး နဲ့ တင့်ကားပစ် အမြောက် ပစ်သံတွေ ကိုရော၊ အောက်တိုမက်တစ် သေနတ်ပစ်သံ တွေ ကိုပါ ကြားနေရတယ်လို့ အဆိုပါ အရပ်မှာ နေထိုင်နေသူတွေ က ပြောပါတယ်။

သူပုန်တွေ ရဲ့ တိုက်ခိုက်မှု က လွတ်မြောက်အောင် သမ္မတ ကို အကူအညီပေးဖို့ မြို့တော် မှာ ရှိတဲ့ ပြင်သစ်တပ်တွေ က ကမ်းလှမ်းခဲ့ပေမဲ့၊ သမ္မတ က ငြင်းဆိုခဲ့တယ်လို့ ပြင်သစ် အရာရှိတွေ က ဆိုပါတယ်။ ချဒ် နိုင်ငံ ဟာ အရင် က ပြင်သစ် ရဲ့ ကိုလိုနီ နယ်တစ်နယ် ဖြစ်ပါတယ်။

တောင်ပိုင်း ကနေ မြို့တော် အလယ်ပိုင်း ကို ချီတက်လာတဲ့ သူပုန် စစ်ကြောင်းတစ်ကြောင်း ကို အစိုးရ ရဟတ်ယာဉ်တွေ က နောက်ပြန်ဆုတ်သွားအောင် အဲဒီ အချိန်မှာပဲ တိုက်ခိုက်ခဲ့ပါတယ်။

ပြင်သစ် Mirage တိုက်လေယာဉ်တွေ က N’Djamena မှာ နိမ့်နိမ့် ပျံသန်းနေပြီး၊ မီးကျည်တွေ ကို ပစ်ခတ်နေတဲ့အတွက် အခြေအနေ က နားလည်ရ ပိုခက်စရာ ဖြစ်သွားပါတော့တယ်။

နိုင်ငံခြားသားတွေ အုံလိုက်ကျင်းလိုက် ထွက်ခွါသွားနိုင်အောင် ပြင်သစ်တပ်တွေ က ကြိုးစား လုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့ ကတော့ အဲသလို ကြိုးစားလိုက် ပျက်သွားလိုက် ဖြစ်နေပြန်ပါတယ်။ နိုင်ငံခြားသားတွေ က တိုက်ပွဲဖြစ်ပွါးရာ အရပ် နားက ဇိမ်ခံ ဟိုတယ်တွေ မှာ ပြန်စုခဲ့ကြပြန်ပါတယ်။

ပစ်ခတ်တာတွေ နာရီပေါင်းများစွာ ရပ်သွားတဲ့အခါ၊ ပြင်သစ် နဲ့ အခြား နိုင်ငံခြားသား ရာပေါင်းများစွာ ကို ပြင်သစ် စစ်လေယာဉ်တွေ နဲ့ အနီးအနား က ဂါဘွန် ကို ထုတ်ခဲ့ပါတယ်။ အရင် သူ့ ကိုလိုနီ ချဒ် မှာ အမြဲတမ်းစစ်စခန်းတွေ ထားရှိဖို့ ပြင်သစ် နဲ့ ချဒ် တို့ သဘောတူညီခဲ့ကြတာပါ။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Bernard Kouchner က ပြင်သစ်ရုပ်မြင်သံကြား ပေါ်မှာ အပစ်အခတ် ရပ်စဲ ဖို့ စနေနေ့ တောင်းဆိုလိုက်ပါတယ်။ ချဒ် ဝန်ကြီးချုပ် နဲ့ ပြင်သစ် ဝန်ကြီးချုပ် မစ္စတာ Nicolas Sarkozy တို့ အမြဲ အဆက်အသွယ် ရှိကြပါတယ်လို့ သူ က ပြင်သစ်လို ပြောဆိုပါတယ်။

“အပစ်အခတ် ရပ်၊ ဆွေးနွေး၊ အစီအစဉ် တစ်ရပ် ကို ပြင်သစ်အစိုးရ က လိုလားပါတယ် လို့ သူ က ပြောတာပါ။ ပြင်သစ်တပ်တွေ ရှိနေရတာ နည်းနာပိုင်းဆိုင်ရာ နဲ့ ပူးပေါင်းဆောင်ရွက်ရေး အတွက်သာ ဖြစ်ပါတယ်။ တိုင်းပြည် ကို ကာကွယ်ဖို့ မဟုတ်ပါ နိုင်ငံခြားရေး ဝန်ကြီး က ဆိုပါတယ်။ ခုအခါ မှာတော့ အခြေအနေ က မြန်မြန်ဆန်ဆန် ပြောင်းနေတယ်” လို့ သူက ဆက်ပြောပါတယ်။

ချဒ် စစ်တပ်အတွက် ပြင်သစ် စစ်တပ် က ဆေးဝါး အထောက်အပံံံ့ ပေးပါတယ်လို့ သူ က ပြောပါသေးတယ်။ တချို့ လမ်းတွေပေါ်မှာ မီးလောင်ထားတဲ့ အလောင်းတွေ နဲ့ ပစ်ထားခဲ့ကြတယ်လို့ ကုလသမဂ္ဂ လုံခြုံရေး အရာရှိတစ်ယောက် က ဆိုပါတယ်။

ဆူဒန်နိုင်ငံ မှာ အခြေစိုက်ထားတဲ့ သူပုန်တပ်တွေ က အရင်အပတ် ကစ ထိုးစစ်ဆင်ခဲ့တာပါ။ သဲကန္တာရ ကို ဖြတ်ပြီး၊ မြို့တော် ကို ချီတက်လာခဲ့တာ၊ သမ္မတ ဒါဘီ အတွက် ၁၉၉၀ ခုနှစ် အာဏာသိမ်း တက်လာကတည်း က အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာခဲ့ပါတယ်။ အရင် က သမ္မတ ရဲ့ ရင်းနှီးတဲ့ မဟာမိတ်တွေ ဖြစ်တဲ့ သူပုန် ခေါင်းဆောင်တွေ က ဒီမိုကရေစီ အတွက် သူတို့ တိုက်နေကြတာ လို့ ဆိုပါတယ်။ လက်ရှိ သမ္မတ မစ္စတာ ဒါဘီ က သမ္မတ သက်တမ်း ကို အကန့်အသတ်မဲ့ ခွင့်ပြုတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဆိုင်ရာ အပြောင်းအလဲ ကို လုပ်ခဲ့ပြီး ၂၀၀၆ ခုနှစ် နောက်ဆုံး ရွေးကောက်ပွဲ မှာ သူ့ ကိုယ်သူ အနိုင်ရခဲ့တယ်လို့ ကျေညာခဲ့ပါတယ်။ အများကတော့ အဲဒီ ရွေးကောက်ပွဲ ကို လိမ်လည်တဲ့ ရွေးကောက်ပွဲ အဖြစ် မြင်ကြပါတယ်။