ထိန်းသိမ်းခံ မြန်မာဘလော့ဂါ နေဘုန်းလတ် ကို ဗွီဒီယို အက်ဥပဒေနဲ့ အရေးယူ၊ အင်းစိန်ထောင်ကိုပို့

မကြာသေးခင်က ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာအင်တာနက် ဘလော့ဂါသမား ကိုနေဘုန်းလတ် ကို အာဏာပိုင်တွေက အခုအခါမှာ ရန်ကုန် အင်းစိန် အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း မိသားစုတွေနဲ့တော့ အခုအချိန်အထိ တွေ့ခွင့်တော့ မရသေးဘူးလို့လည်း နီးစပ်သူ မိတ်ဆွေ အသိုင်းအဝိုင်းက ပြောကြပါတယ်။ ထိန်းသိမ်းခံနေရတဲ့ ကိုနေဘုန်းလတ်ရဲ့ နောက်ဆုံး အခြေအနေတွေကို စုံစမ်းထားသမျှ ဦးအောင်လွင်ဦးက တင်ပြထားပါတယ်။

မြန်မာအင်တာနက် ဘလော့ဂ် စာမျက်နှာ ဖွင့်လှစ်ထားတဲ့ ကိုနေမျိုးကျော် ခေါ် ကိုနေဘုန်းလတ် ကို ပြီးခဲ့တဲ့ လဆန်းပိုင်းကတည်းက အာဏာပိုင်တွေက ဖမ်းဆီးပြီး ပြည်ထဲရေးဋ္ဌာန လက်အောက်ခံ ရဲအချုပ်မှာ ထိန်းသိမ်းထားခဲ့ရာက အခုတော့ ရန်ကုန် အင်းစိန်ထောင်ကို ပို့ဆောင်လိုက်တာပါ။ ဖမ်းဆီးခံရတုန်းက သိမ်းဆည်းသွားတဲ့ ကိုနေဘုန်းလတ် ရဲ့ ကားကိုတော့ အာဏာပိုင်တွေက မိသားစုကို ပြန်အပ်ပေးခဲ့ပေမယ့် အခုအချိန်အထိတော့ မိသားစုက သူ့ကို လူကိုယ်တိုင်တွေ့ဖို့ ဆုံဖို့ တောင်းဆိုတာကိုတော့ ခွင့်မပြုသေးဘူးလို့လည်း သိရပါတယ်။ စောစောပိုင်းတုန်းကတော့ သူ့ကို ဘာအကြောင်းကြောင့် ထိန်းသိမ်းခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် အခု နောက်ဆုံးမှာတော့ ဗွီဒီယို အက်ဥပဒေနဲ့ အရေးယူဖို့ ရှိတဲ့အကြောင်း အာဏာပိုင်တွေက မိသားစုကို အသိပေးခဲ့တယ်လို့လည်း ကိုနေဘုန်းလတ် ရဲ့ မိသားစုမိတ်ဆွေ လူငယ်တစ်ဦးက ပြောပါတယ်။

“ကိုနေဘုန်းလတ် ကို အခု အင်းစိန်ထောင်ကို ပို့လိုက်ပြီပေါ့ဗျာ။ နှစ်ရက် ရှိပြီ။ အရင်တုန်းကတော့ ၅/ည ပုဒ်မနဲ့ စွဲတယ်။ အခုက ဗွီဒီယို အက်ဥပဒေ ပုဒ်မနဲ့ ပြောင်းစွဲထားတယ်လို့ ဒဂုံသစ် ရဲစခန်းက ပြောပါတယ်။ မိသားစုတွေ အားလုံးလည်း သိပြီးသွားပါပြီ။ သူ့ကို ဖမ်းတုန်းက ပစ္စည်းတွေ သိမ်းသွားတာ ရှိတယ်လေ။ ကားတို့ တယ်လီဖုန်းတို့။ အဲဒါတွေ အားလုံးထဲက ကားတစ်ခုပဲ ပြန်ရတယ်။ တခြားဟာတွေကတော့ အခုထိ ပြန်မရသေးဘူး။ ထောင်ဝင်စာတို့ဘာတို့ ပေးဖို့ကိစ္စတွေကို သူတို့ ကြိုးစားတယ်။ ဒါပေမယ့် အခုချိန်ထိ လုံး၀ တွေ့ခွင့်မပေးပါဘူးခင်ဗျ။ စခန်းမှာ စဖမ်းကတည်းက အခုချိန်ထိ တွေ့ခွင့်မပေးဘူး။”

အခုနောက်ဆုံး အင်းစိန်ထောင်ကို ပို့ဆောင်တာခံခဲ့ရတဲ့ ကိုနေဘုန်းလတ်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ကဗျာတွေ စာတွေရေးပြီး ကိုယ်ပိုင် အင်တာနက် ဘလော့ဂ် စာမျက်နှာ ဖွင့်ထားတဲ့သူ တစ်ယောက်ဖြစ်ပြီး ကွန်ပြူတာ ကျွမ်းကျင်သူ လူငယ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာအင်တာနက် ဘလော့ဂ် စာမျက်နှာ ဖွင့်လှစ်သူတွေကို စုစည်းပြီး Myanmar Bloggers Society မြန်မာဘလော့ဂ် သမားတွေရဲ့ အသင်းအဖွဲ့ကို ထူထောင်ခဲ့ပြီး အင်တာနက် ဝက်ဘ်ဆိုက် တစ်ခုကို တည်ထောင်ဖို့ ကျိုးပမ်းခဲ့သူတစ်ဦးပါ။ ဒီလို နည်းပညာ ကျွမ်းကျင်သူ လူငယ်တဦးဖြစ်တဲ့ ကိုနေဘုန်းလတ် အင်းစိန်ထောင်ထဲ အပို့ခံလိုက်ရတာကြောင့်လည်း ရင်းနှီးသူ မိတ်ဆွေ အပေါင်းအသင်းတွေက စိုးရိမ်ပူပမ်နေကြတာပါ။

“ကျနော်တို့တွေက သူ့ကို စိုးရိမ်တာပေါ့လေ။ ထောင်ထဲမှာ (၂) တိုက် ဆိုတာ ကျနော်တို့ သိရသလောက်တော့ အခန်းထဲမှာ မီးမရှိဘူး။ နောက်ပြီးတော့ ခြင်တွေ ဂျပိုးတွေကလည်း အဲဒီ (၂) တိုက်က အရမ်းပေါတာ။ (၂) တိုက်ဆိုတာ သေဒဏ်တွေ ထားတဲ့တိုက်လေ။ သေဒဏ်အကျဉ်းသားတွေနဲ့ သူတို့ ရောထားတာ ဆိုတော့ သူ့အတွက် စိုးရိမ်ဖို့လည်း ကောင်းတာပေါ့။ အခုဟာ ရာသီဥတုကလည်း အေးတဲ့အချိန်ဆိုတော့ အနွေးထည်လည်း မရှိဘူး။ စားစရာ သောက်စရာလည်း ပုံမှန်မရှိဘူး။ သူ့ကျန်းမာရေးအတွက်ကိုလည်း စိုးရိမ်တာပေါ့။”

ကိုနေဘုန်းလတ် ရဲ့ မိသားစုမိတ်ဆွေ လူငယ် တစ်ဦး ပြောပြသွားတာပါ။ ပြီးခဲ့တဲ့ လဆန်းပိုင်းက ကိုနေဘုန်းလတ် ကို အာဏာပိုင်တွေက ဖမ်းဆီးစဉ် အတူထိန်းသိမ်းခံခဲ့ရသူ နောက်ထပ် လူငယ်တစ်ဦးဖြစ်တဲ့ မမေသင်းဂျူလိုင်ကျော် ကိုလည်း ပြည်ထဲရေး အချုပ်ခန်းမှာ နောက်ဆုံး တွေ့လိုက်သူတွေ ရှိပေမယ့် အခုနောက်ဆုံး သူ့ရဲ့ အခြေအနေကိုတော့ တိတိကျကျ မသိရပဲ ဖြစ်နေတယ်လို့လည်း သူကဆိုပါတယ်။

ဘလော့ဂါ ကိုနေဘုန်းလတ် အပါအဝင် မကြာသေးခင်က သတင်းမီဒီယာ သမားတွေကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ ပတ်သက်လို့တော့ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်လေ့လာနေတဲ့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF၊ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ တို့ကလည်း ပြစ်တင်ဝေဖန်ထားကြပါတယ်။