အမေရိကန်သမ္မတရွေးကောက်ပွဲများတွင် လူငယ်တွေ ပိုမိုမဲပေးပါဝင်

၂၀၀၈ရဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ လူငယ်မဲဆန္ဒရှင် တွေ သိသိသာသာများလာတယ်လို့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး သုတေသနပြုစုသူများကဆိုပါတယ်။

Circle လို့ ခေါ်တဲ့ ပြည်သူတွေအကြား သုတေသနပြုစုနေတဲ့ အဖွဲ့တခုကတော့ ကိုယ်စားလှယ်ရွေးဖို့ အစည်းအဝေးတွေ၊ ပဏာမ ရွေးကောက်ပွဲတွေမှာ လူငယ် ပရိတ်သတ်ဟာ အရင်နှစ်တွေ ကထက်စာရင် နှစ်ဆ၊ သုံးဆများလာပြီး တနက်ဆီပြည်နယ်မှာ ဆိုရင် လေးဆအထိတောင် တိုးလာတယ်လို့ ဆိုပါတယ်။

မဲပေးရွေးချယ်တာတွေကို လေ့လာနေတဲ့ ဇော်ဂဘီ အင်တာနေရှင်နယ်က ဖရစ် ဝမ်ဇယ်က အခုလို လူငယ် မဲဆန္ဒရှင်တွေများလာဟာ ပြည်သူ့တာဝန်ကို သိတတ်တဲ့ လူငယ်မျိုးဆက်တွေ တိုးလာတာကို ထင်ဟပ်နေတာလို့ ဆိုပါတယ်။

“လူငယ်တွေဟာ တက်ကြွနေကြပါတယ်။ လက်ရှိဖြစ်နေတဲ့ အရေးကိစ္စတွေဟာ သူတို့အတွက်၊ သူတို့ ရှေ့ရေးအတွက် အရေးကြီးတယ်ဆိုတာ နားလည်တယ်။ အဲဒါကြောင့် သူတို့ တက်နိုင်တာကို လုပ်နေကြတာဖြစ်တယ်။” လို့ ဖရစ် ဝမ်ဇယ်က ပြောသွားတာပါ။

အခုလို လူငယ် မဲဆန္ဒရှင်များလာတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တွေရဲ့ တုန့်ပြန်တာတွေ ကိုလည်း တွေ့ရပါတယ်။ လူငယ်တွေ ကို တိုက်ရိုက် ထိတွေ့ စကားပြောပြီး မဲပေးပွဲတွေမှာ ဝင်ရောက်ပါဝင်ဖို့ ကိုလည်း တိုက်တွန်းနေကြပါတယ်။

ဒီမိုကရက်ပါတီရဲ့ ကိုယ်စားလှယ် အထက်လွှတ်တော်အမတ် ဟလာရီ ကလင်တန်က

“နယူးဟန်မရှာ ပြည်နယ်က လူငယ်မဲဆန္ဒရှင်တွေကို ကျေးဇူးတင်ပါတယ်။”လို့ ပြောသွားတာပါ။

ကိုယ်စားလှယ်လောင်းတွေဟာ လူငယ်တွေ စိတ်ဝင်စားတဲ့ အင်တာနက် ဝက်ဆိုဒ်တွေ၊ သတင်း အင်တာနက်တွေထဲမှာ လူငယ်တွေကို မဲဆွယ်ပါတယ်။ အေပီ သတင်းဌာန၊ MTVနဲ့၊ myspaceအင်တာနက်ဆိုဒ်ကနေ ကြီးမှူးပြုလုပ်ပေးခဲ့တဲ့ နှီးနှောဖလှယ်ပွဲတခုမှာဆိုရင် လူငယ်တွေ အများအပြား ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။ ဒီလိုအကြောင်းအရာတွေကိုလဲ သမ္မတလောင်းတွေက စိတ်ဝင်တစားဖြေကြားပေးပါတယ်။

ဥပမာဆိုရင် လူငယ်တဦးက ကိုယ်စားလှယ်လောင်း ရွန်ပေါကို ဒါဖောကိစ္စကိစ္စနဲ့ ပတ်သက်ပြီး အခုလိုမေးပါတယ်။

“အမေရိကန် သမ္မတတယောက်အနေနဲ့ ဒါဖောလူသတ်ပွဲကို နောက်ထပ် ရဝန်ဒါ လူသတ်ပွဲ အသစ်တခု မဖြစ်အောင် အမေရိကန်အနေနဲ့ သေချာအောင် ဆောင်ရွက်နေဆိုတာ ဘယ်လိုမျိုး အနေအထားမှာထားပြီး ဆောင်ရွက်မှာပါလဲခင်ဗျား။”

ကျောင်းသားမဲဆန္ဒရှင်အဖွဲ့က ညွှန်ကြားရေး ဒါရိုက်တာဖြစ်တဲ့ မက်သူး ဆီးဂဲကတော့ လူငယ်တွေကို အဓိကထားပြောဆိုခြင်းအားဖြင့် ကိုယ်စားလှယ်လောင်းတွေအတွက် ပရိတ်သတ် ပိုတိုးလာစေတယ် လို့ ဆိုပါတယ်။

“အခုလို လူငယ်တွေကို မဲဆွယ် စည်းရှုံးတာမျိုးတွေဟာ ဒီနှစ်မှာ အရှိန်အမြင့်ဆုံးဖြစ်လာနေပါတယ်။

ကလင်တန်၊ အိုဗားမား၊ ရော်မဏီနဲ့ ပေါလ်တို့မှာ လူငယ်တွေကို စည်းရုံးဖို့အတွက် ညှိနှိုင်းရေးမှူးတောင်မှ ခန့်အပ်ထား ပါသေးတယ်။ လူငယ်တွေကို မဲဆန္ဒရှင်တွေအဖြစ် အလေးထားဆက်ဆံရင် လူငယ်တွေကလဲ ပြန်ပြီးတုန့်ပြန်တာတွေရှိတာပေါ့။”လို့ ပြောသွားတာပါ။

လက်ရှိမှာတော့ လူငယ်တွေနဲ့ အများဆုံး ထိစပ်နိုင်သူကတော့ ကိုယ်စားလှယ်လောင်းအိုဗားမားဖြစ်ပါတယ်။ အိုင်အိုဝါ ပဏာမရွေးကောက်ပွဲမှာဆိုရင် အိုးဗားမားက လူငယ်မဲတွေ အများအပြားရရှိခဲ့ပါတယ်။ ကလင်တန် နိုင်ခဲ့တဲ့ မဲနေရာတချို့မှာတောင် အိုဗားမားဟာ လူငယ်မဲတွေအများအပြားရရှိခဲ့ပါတယ်။

အမေရိကန် တက္ကသိုလ် ဒီမိုကရေစီရေးနဲ့ ရွေးကောက်ပွဲစီမံခန့်ခွဲရေးဌာန ဌာနမှူး ရောဘတ် ပတ်စတာက တော့ အိုးဗားမားဟာ အပြောင်းအလဲဆိုတဲ့ ဂတိစကားနဲ့ လူငယ်တွေကို အားတက်စေခဲ့တယ်လို့ ဆိုပါတယ်။

“သူဟာ မျိုးဆက်သစ်တွေ၊ မျိုးဆက်သစ်တွေရဲ့ ရှုထောင့် အမြင်သစ်တွေကို ကိုယ်စားပြုသူဖြစ်ပါတယ်။ နောက်ပြီး မျိုးဆက်သစ်တွေအကြား အပြောင်းအလဲတွေကို အံ့သြဖွယ်ကောင်းလောက်တဲ့ ပုံစံ၊ ထူးခြားတဲ့ ပုံစံတွေနဲ့ ပြောင်းလဲပစ်ပြီး လူငယ်တွေနဲ့ အတူရှိချင်နေသူပါ။ ဒီအချက်တွေဟာလည်း သူ့ကို လူငယ်တွေမဲပေးရတဲ့ အဓိကအချက်တွေဖြစ်ပါတယ်။”လို့ ပြောသွားတာပါ။

အခုလို လူငယ်တွေ ပါဝင်ပြီး မဲပေးအောင် လုပ်တာဟာ ကလင်တန်နဲ့ အိုဗားမားတို့အတွက် သမ္မတဖြစ်လာစေမယ့် အဓိကအကြောင်းအရင်းလည်း ဖြစ်စေနိုင်ပါတယ်။ ဇော်ဂဘီရဲ့ လူထုသဘောထားစစ်တမ်းအရတော့ ၂၁ရာစု မဲပေးသူတွေဟာ ရီပါပလစ်ကန်ထက် ဒီမိုကရက်ကို သုံးဆလောက်ပိုပြီး ထောက်ခံနေတယ်လို့ ဆိုပါတယ်။