အမေရိကန် အရှေ့ပိုင်းမှာ မနေ့က ယှဉ်ပြိုင် ခဲ့ကြတဲ့ ဒီမိုကရက် ပါတီ သမ္မတလောင်း ဝင်ရွေးမယ့် ကိုယ်စားလှယ်တွေထဲမှာ ဘားရက် အိုဗားမားက ဟီလာရီ ကလင်တန်ကို ပြည်နယ် သုံးခုစလုံးမှာ အနိုင်ရ လိုက်ပါတယ်။
ရီပတ်ဗလစ်ကန်ဘက်က ဂျွန် မက်ကိန်း က အဲဒီ ပြည်နယ် သုံးခုမှာ အနိုင်ရသွားပါတယ်။ မယ်ရီလန်း၊ ဗာဂျီးနီးယားနဲ့ ဝါရှင်တန် ဒီစီ ပြည်နယ် တွေမှာ သမ္မတလောင်း အကြိုရွေးကောက်ပွဲတွေ လုပ်ခဲ့တဲ့ အကြောင်းကို ဗွီအိုအေ သတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ဦးကျော်အောင်လွင်က တင်ပြပေးပါတယ်။
Potomac Primaryလို့ ခေါ်တဲ့ အမေရိကန် အရှေ့ပိုင်း ပြည်နယ်သုံးခုမှာ တပြိုင်နက်တည်း ကျင်းပခဲ့တဲ့ အကြိုရွေးကောက်ပွဲတွေမှာ ထောက်ခံမဲတွေကို သိမ်းကံျုးယူသွားခဲ့တဲ့ အထက်လွှတ်တော်အမတ် ဘားရက် အိုဗားမားအတွက် မနေ့ညကတော့ အောင်ပွဲခံတဲ့ ညတညပါ။ အနိုင်ရခဲ့တဲ့ မစ္စတာ အိုဗားမားဟာ အမေရိကန် အလယ်ပိုင်းကို အခု ခရီးဆက်နေပါပြီ။ မယ်ဒီစင်ခရိုင်က ဝစ်ကွန်ဆင် တက္ကသိုလ်မှာ သူ့ကို ထောက်ခံသူ တစ်သောင်း ခုနှစ်ထောင်လောက် စုဝေးရောက်ရှိနေကြပါတယ်။
“မယ်ရီလန်းပြည်နယ်မှာ ကျုပ်တို့နိုင်သွားပြီ။ ဗာဂျီးနီးယားပြည်နယ်မှာလည်း နိုင်သွားပြီ။ ဝါရှင်တန် ဒီစီမှာလည်း ကျုပ်တို့ နိုင်သွားပြီ။ အစိုးရရှိတဲ့ မြို့တော် ဝါရှင်တန် ဒီစီကို ပြောင်းလဲသွားတဲ့အထိ ကျုပ်တို့ အောင်ပွဲတွေက ရပ်မှာ မဟုတ်ပါဘူး။ ဒီနေ့ညလည်း ကျုပ်တို့ ခရီးချီတက်နေပါပြီ”လို့ ဗားရက် အိုဗားမားက ပြောခဲ့ပါတယ်။
သူ့အနေနဲ့ ပြည်နယ်သုံးခုစလုံး ဆက်တိုက် အခုလိုမျိုး အနိုင်ရခဲ့လိုက်တာဟာ ဆိုရင် အာဖရိကန် အမေရိကန်လို့ခေါ်တဲ့ လူမဲအနွယ်ဝင် အမေရိကန် လူမျိုးတွေရဲ့ ကိုယ်စားလှယ်တွေထဲမှာ အသက် ၄၆နှစ်အရွယ် မစ္စတာ အိုဗားမားအတွက် တခြားကိုယ်စားလှယ်တွေထက် မဲအရေအတွက် အများဆုံးအနေနဲ့ ပထမဦးဆုံး အနိုင်ရလိုက်တာပါပဲ။ ဒါပေမယ့်လည်း အပြတ်အသတ်နဲ့တော့ အနိုင်ရခဲ့တာတော့ မဟုတ်ပါဘူး။ သမ္မတလောင်းအဆင့်ရောက်အောင် ဝင်ပြိုင်ဖို့အတွက်က ဒီမိုကရက်တစ်ပါတီမှာ ကိုယ်စားလှယ်ပေါင်း ၂၀၀၀ကျော်ရဲ့ ထောက်ခံမှုတွေရဖို့ လိုပါတယ်။ လောလောဆယ်မှာတော့ အိုဗားမားရော၊ ကလင်တန်ရောက သူတို့ ထောက်ခံသူ ပါတီ ကိုယ်စားလှယ် ၁၀၀၀ကျော်ကျော်ရှိနေပါတယ်။ မဲပေးကြမယ့် ပြည်သူတွေက အဲဒီ ကိုယ်စားလှယ်တွေကို အရင် ထောက်ခံမဲ ပေးပြီးတော့၊ အဲဒီ ကိုယ်စားလှယ်တွေကနေတဆင့် သမ္မတလောင်း ဝင်ပြိုင်မယ့် ကိုယ်စားလှယ်ကို ရွေးကြတာပါ။ ဒါဟာ အကြိုရွေးကောက်ပွဲတွေမှာ မဲပေးတဲ့ အမေရိကန် နိုင်ငံက စနစ်ပါ။ သမ္မတလောင်းအဆင့်အထိ ရောက်လာပြီဆိုရင်တော့ ပြည်သူတွေက အဲဒီ သမ္မတလောင်းတွေကို တိုက်ရိုက်မဲပေးနိုင်ပါလိမ့်မယ်။
နောက်ထပ် သုံးပတ်အကြာ မတ်လ ၄ရက်နေ့မှာ နောက်တကြိမ် ကျင်းပမယ့် အကြို ရွေးကောက်ပွဲတွေလည်း ရှိပါသေးတယ်။ ဒီပွဲတွေမှာ အနိုင်ရရေးကိုပဲ ကြည့်ပြီးတော့ ရှေ့ဆက်သွားပါမယ်လို့ အထက်လွှတ်တော် အမတ် ဟီလာရီ ကလင်တန်က ပြောပါတယ်။ နောက်ပြိုင်မယ့် ပြည်နယ်တွေကတော့ ကြီးလည်းကြီး၊ ပါတီ ကိုယ်စားလှယ်တွေကလည်း များတဲ့ တက္ကဆက်နဲ့ အိုဟိုင်းယိုး ပြည်နယ်တွေပါ။ အဲဒီပြည်နယ်တွေမှာ ဟီလာရီ ကလင်တန်ကို ပိုပြီးတော့ ထောက်ခံကြမယ့် သဘောထားတွေ မကြာခင်က ထွက်ပေါ်ခဲ့ပါတယ်။
“မနက်ဖြန်ဟာ ဒီကနေ့ထက်ပိုပြီး ကောင်းမွန်မယ်ဆိုတာကို ကျမတို့တတွေ သိထားပြီးသားပါ။ ဒါပေမဲ့ ပိုပြီးကောင်းဖို့ဆိုတာက မျှော်လင့်လို့၊ ဆုတောင်းလို့ ဖြစ်မယ့်အရာမဟုတ်ပါဘူး။ တကယ်လုပ်မှ တကယ် ဖြစ်လာမှာပါ။ တကယ့်ကို အပြင်းအထန် လုပ်ရမှာပါ။ လူတိုင်းလူတိုင်း ပိုကောင်းတဲ့ အခွင့်အလမ်းတွေရဖို့ကို ဒီလိုပဲ အပီအပြင် လုပ်ရမှာပါ”လို့ ကလင်တန်က ပြောခဲ့ပါတယ်။
ရီပတ်ဗလစ်ကန်ဘက်က ဂျွန်မက်ကိန်းကတော့ မယ်လီလန်းနဲ့ ဝါရှင်တန် ဒီစီပြည်နယ်တွေမှာ လွယ်လွယ်လေးနဲ့ သူအနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ဗာဂျီးနီးယားပြည်နယ်မှာတော့ သူအကြိတ်အနယ် ယှဉ်ပြိုင်ပြီးမှ သူအနိုင်ရခဲ့တာပါ။ ဒီ ပြည်နယ်က သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ အာကန်စော ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး မိုက် ဟက်ကဘီကို ထောက်ခံကြတဲ့ ဧဝံဂလီ ခရစ်ယာန် အသိုင်းအဝိုင်းက သိပ်တောင့်ပါတယ်။ ဗာဂျီးနီးယားပြည်နယ်မှာက အိုးဗားမားကို ဂျွန်မက်ကိန်းက အခုလို
သွယ်ဝိုက်ပြီးတော့ ထိုးနှက်ခဲ့ပါသေးတယ်။
“တိုင်းပြည်အတွက် ပါးစပ်ကနေပြောပြီးတော့ အလုပ်နဲ့ သက်သေမပြနိုင်ဘဲ တိုင်းပြည်ကို အားကောင်း မောင်းသန်နဲ့ အာဝဇ္ဇန်းကောင်းကောင်းနဲ့ လုပ်နေရုံနဲ့ မပြီးပါဘူး။ လွတ်လပ်တဲ့ ပြည်သူတွေ အတွက် ယုံကြည်မှု အင်အားနဲ့ သတ္တိတွေ ရဖို့ဆိုတာက မျှော်လင့်ချက်တွေနဲ့ အခုလိုမျိုးပြောပြီး ပေးနေလို့ မဖြစ်ပါဘူး။ ဒီလို ပုံစံတွေကတော့ ရိုးနေပါပြီ။”
အမေရိကန် အရှေ့ပိုင်းပြည်နယ် သုံးခုမှာ အနိုင်ရခဲ့တဲ့ ဂျွန်မက်ကိန်းအနေနဲ့ သမ္မတလောင်းအဖြစ် ထောက်ခံပေးမယ့် ကိုယ်စားလှယ်ပေါင်း တစ်ထောင်ကျော်ရဲ့ မဲတွေ တော်တော်လေးလည်း ရထားပြီးပါပြီ။ ဒါပေမဲ့ သူ့ရဲ့ ပြိုင်ဘက် မိုက် ဟက်ကဘီကတော့ သူဟာ ပြိုင်ပွဲထဲမှာ ရှိနေတုန်းပါပဲလို့ အခုလိုမျိုးသတိပေးထားပါတယ်။
“တက္ကဆက်၊ အိုဟိုင်းယိုး၊ ပင်ဆာဗေးနီးယား၊ ကယ်ရိုလိုင်းနား မြောက်ပိုင်း၊ နဗရားစကားနဲ့ တခြားပြည်နယ်တွေမှာ ပြည်သူတွေ မဲမထည့်သေးရပါဘူး။ အများကြီး ကျန်နေပါသေးတယ်။ အခုလိုမျိုးပြောနေတာတွေကို ရပ်ပြစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဆက်ပြီးတော့ ရှေ့ဆက်သွားမှာပါ”လို့ ရီပတ်ဗလီကန် ပါတီက ဂျွန်မက်ကိန်းရဲ့ ပြိုင်ဘက် ဧဝံဂလိ ခရစ်ယာန် မိုက်ဟက်ကဘီကနေ ပြောသွားတာပါ။
သမ္မတလောင်း ဝင်ရွေးမယ့် ကိုယ်စားလှယ်တွေဟာ အခု ဝင်စကွန်ဆင်ပြည်နယ်ကို အာရုံစိုက်နေကြပါပြီ။ လာမယ့် အင်္ဂါနေ့ကျရင် ဝင်စကွန်ဆင်ပြည်နယ်နဲ့ ဟာဝိုင်အီ ပြည်နယ်မှာ ဒီမိုကရက်တစ်ပါတီက အကြိုရွေးကောက်ပွဲတွေလည်း လုပ်သွားဖို့ရှိပါတယ်