ပဒိုမန်းရှာကို လုပ်ကြံတဲ့ကားကို ငှားရမ်းသူတွေဟာ ကရင်ဗုဒ္ဓဘာသာအဖွဲ့ကလို့ ထိုင်းရဲတပ်ဖွဲ့ ပြော

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က လုပ်ကြံခံခဲ့ရလို့ သေဆုံးသွားခဲ့တဲ့ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ပဒိုမန်းရှာ ရဲ့အမှုနဲ့ပတ်သက်ပြီး လူသတ်သမားတွေ ငှားရမ်းခဲ့တဲ့ကားကို ထိုင်းရဲတွေက မိထားပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သဲလွန်စအသစ်တွေလည်း ရရှိထားတယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

အခု နောက်ဆုံးထပ်ပြီး သိရတာကတော့ ကားကို ငှားရမ်းခဲ့သူတွေဟာ ဒီကေဘီအေ ကရင် ဗုဒ္ဓဘာသာအဖွဲ့ကလူတွေ ဖြစ်တယ်လို့ ထိုင်းလုံခြုံရေး ရဲတွေက ပြောလိုက်ပါပြီ။ ဒီအကြောင်း ထိုင်းနိုင်ငံကနေ ဗွီအိုအေ မြန်မာပိုင်းဌာနရဲ့ သတင်းထောက် ဒေါ်အေးအေးမာက သတင်းပို့ထားပါတယ်။

ကရင်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး နောက်ဆုံး စစ်ဆေးတွေ့ရှိချက်တွေကို ထိုင်းမှုခင်းရဲတပ်ဖွဲ့က မိသားစုဝင်တွေနဲ့ ကေအဲန်ယူ တပ်ဖွဲ့ဝင်တွေကို အသိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ကရင် အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နော်ခိုင်မာကျော်ဇောကတော့ မှုခင်းရဲတပ်ဖွဲ့က သူတို့ကို အသိပေးပြောကြားချက်တွေကို ပြောပြပါတယ်။

“သူတို့က ထွက်ချက်ပေးတာကတော့ ၁၃ ရက်နေ့ မတိုင်ခင်ကတည်းကပေါ့နော် ကားကိုတော့ သူတို့ကားကိုတော့ အမြဲတမ်း ငှားနေကျပေါ့နော်။ အဲဒီလိုမျိုး ငှားနေကျဆိုတာကလည်း သူတို့နဲ့ ဟိုဖက်ကမ်းကလူတွေနဲ့ အဆက်အစပ်ရှိတဲ့သူတွေကိုလည်း သူတို့ငှားတယ်။ ၁၃ ရက်နေ့ ကတည်းကပေါ့၊ အဲဒီ ကိုဆန်ပြုတ်တို့အဖွဲ့က လာငှားတာပေါ့ အဲဒီလိုမျိုး ထွက်တယ်တဲ့။ အဲဒီလို ဖြစ်မယ်လို့လည်း သူတို့ မထင်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အစကတည်းကလည်း ငှားနေကျပဲတဲ့။ ကိုဆန်ပြုတ်က (၉၀၁) ကလို့ ပြောတယ်။ ကျမတို့ သိတာပေါ့နော်။ အဲဒီလိုမျိုး။”

တဆက်တည်းမှာပဲ ပဒိုမန်းရှာ သေဆုံးပြီးတဲ့နောက်ပိုင်း မြန်မာသတင်းစာမှာ ပြည်တွင်းပြည်ပက အဖျက်သမားတွေက ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်ဖို့အတွက် ပြည်တွင်းကို စေလွှတ်နေတဲ့အကြောင်း သတင်းရရှိခဲ့ကြောင်း၊ ဒီအတွက် မသင်္ကာဖွယ် လူတွေကို တွေ့ရင် သတင်းပေးဖို့အတွက် နိုးဆော်ထားပါတယ်။

ကေအဲန်ယူခေါင်းဆောင် အခုလို လုပ်ကြံခံရစဉ်မှာ ဒီလို သတင်းထုတ်ပြန်မှုဟာ ဘာကြောင့်လို့ ထင်ပါသလဲ ဆိုပြီး ကေအဲန်ယူရဲ့ ပြောရေးဆိုခွင့်ရှိသူ စောဒေးဗစ်ထောကို မေးမြန်းတဲ့အခါမှာတော့ -

“သူတို့ ဘာကိုရည်ရွယ်ပြီး ရေးတယ်ဆိုတာကို ကျနော်တို့အနေနဲ့ ခန့်မှန်းဖို့ ခက်တယ်။ ဒီလို ချိတ်ဆက်ရေးသားမှုကို ပြန်ကြည့်မယ်ဆိုရင် အထက်ကတော့ လုပ်ကြံခံရမှုနဲ့ ဆက်နွှယ်နေတဲ့ တရားခံတွေကို ကျနော်တို့ တတ်နိုင်သလောက် အနီးစပ်ဆုံး ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားနေချိန်မှာ တစ်ဖက်က ဒီလို ရေးလာတဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ လုပ်တဲ့တရားခံကို ကျနော်တို့က သံသယ ရှိလာတဲ့သဘောတော့ ရှိပါတယ်။ တစ်ဖက်ကလည်း ပြောမယ်ဆိုလို့ရှိရင် ဒီ တရားခံ အစစ်မှန် ပေါ်ဖို့အတွက် အဖက်ဖက်က ကြိုးစားနေချိန်မှာ ကိုယ့်ကိုယ်ကို ကြိုတင်ကာတယ် ဆိုတာက စစ်အစိုးရအနေနဲ့ ကိုယ်တိုင်ပါဝင်နေလို့လား ဆိုတဲ့ မေးခွန်းကလည်း အခု ဖြစ်လာပါတယ်။”

ကေအဲန်ယူအနေနဲ့ ကေအဲန်ယူရဲ့ ခေါင်းဆောင် ပဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်သူတွေရဲ့ လက်ချက်လဲ ဆိုတာကို စုံစမ်းသိရှိရသလောက် ပြောပြပေးဖို့ မေးမြန်းတဲ့ အခါမှာတော့ -

“သတင်းအနေအထားအရ ဆိုလို့ရှိရင် ကားပိုင်ရှင်ကို ရဲက စစ်ဆေးတဲ့အခါကျတော့ သူ့ကားကို တစ်ဖက်ကမ်းက လူတွေ ကားသွားတယ်။ ငှားသွားတယ်။ အဲဒီ ငှားသွားတဲ့အပေါ်မှာ ဘာလုပ်မယ် ဘာကိုင်မယ်ဆိုတဲ့ အနေအထားကို မသိဘူး ဆိုတဲ့ အနေအထားမျိုးပဲ အခုဟာက ပြောပြတာရှိတယ်။ ဒါပေမယ့် သူ့ကားကို ပုံမှန်လာပြီးတော့ ငှားပြီး သုံးစွဲတဲ့ ပုဂ္ဂိုလ်ကိုတော့ နံမည်ခေါ်ပြီးတော့ ပြောခြင်းတော့ ဖြစ်တယ်ပေါ့။ စက်သူဌေးက ပြောလိုက်တဲ့အတွက်ကြောင့် ဆန်ပြုတ်တို့ လူအုပ်စုကနေပြီးတော့ ဒီဟာကို သုံးတယ်ဆိုတဲ့ အနေအထားမှာ လုံး၀ ညွှန်နေတာကတော့ ကရင်ဗုဒ္ဓဘာသာ တိုးတက်တဲ့တပ်ဖွဲ့ကိုပဲ ဦးတည်ပြီး ပြောတဲ့သဘောမျိုးပဲ ဖြစ်နေပါတယ်။”

ထိုင်းမှုခင်းရဲတပ်ဖွဲ့ကတော့ သေဆုံးသူရဲ့ အနီးအနားမှာရှိခဲ့တဲ့ မျက်မြင်သက်သေတွေကို မသင်္ကာဖွယ် လူတွေရဲ့ ဗွီဒီယို ဓါတ်ပုံတွေ ပြပြီး မေးမြန်းမှုတွေလည်း လုပ်နေပါတယ်။ အခုချိန်ထိတော့ တိကျတဲ့ တရားခံတွေကို ဖော်ထုတ်နိုင်ဖို့တော့ စုံစမ်းစစ်ဆေးနေဆဲလည်း ဖြစ်ပါတယ်။