ပြည်သူ့ဆန္ဒခံယူမှုမတိုင်ခင် မြန်မာ စစ်အစိုးရ အကြောက်တရား ဖန်တီးလို့ အမေရိကန်ကပြော

မြန်မာပြည်မှာ အခြေခံဥပဒေသစ် ပေါ်ထွန်းဖို့ ပြည်သူ့ဆန္ဒခံယူပွဲ မတိုင်ခင် ကာလတွေမှာ ပြည်သူတွေကို ကြောက်လန့်အောင်လို့ မြန်မာ စစ်အစိုးရက ဖန်တီးနေတယ်လို့ အမေရိကန်ဘက်က ပြောလိုက်ပါတယ်။

မေလမှာ ကျင်းပမယ့် ဆန္ဒခံယူပွဲ တွေကို အနှောင့် အယှက်ပေးတယ် ဆိုလို့ရှိရင် ထောင်ဒဏ် (၃)နှစ်၊ ဒါမှမဟုတ် ကျပ်ငွေ တစ်သိန်းပေးရမယ်၊ ဒါမှမဟုတ်ရင်လည်း နှစ်ခုစလုံး ကျခံရမယ်လို့ ဥပဒေတွေ ထုတ်ပြန်ထားတာတွေ၊ စစ်အစိုးရရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းအပေါ်မှာ ဝေဖန်တာတွေ လုပ်ရင် ထောင်ဒဏ် အနှစ် (၂၀) ထိ ချမှတ်လို့ ရတယ်ဆိုတဲ့ ၅/၉၆ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေး လုပ်ငန်းတွေကို နှောင့်ယှက်တဲ့ သူတွေကို အရေးယူမယ် ဆိုတဲ့ ဥပဒေတွေ ထုတ်ပြန် ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် တွမ် ကေစီ (Tom Casey) က ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ လုပ်ဖို့ တကယ်ပဲ သေချာတယ် ဆိုလို့ရှိရင် မြန်မာ စစ်အစိုးရအနေနဲ့ အခြေခံ လူ့အခွင့်အရေးတွေကို မြန်မာပြည်သူတွေ ခံစားခွင့် ရနိုင်ရေးနဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ခံစားနိုင်ခွင့်တွေကို အာမခံချက် ပေးရလိမ့်မယ်လို့ လည်း တွမ် ကေစီ ကပြောပါတယ်။

မနေ့က ထုတ်ပြန်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌါနရဲ့ထုတ်ပြန်ချက်ထဲမှာ အဖမ်းခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့လည်း အမေရိကန် ဘက်ကနေ မြန်မာ စစ်အစိုးရကို တိုက်တွန်း တောင်းဆိုထားပါတယ်။