ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ
အီဘရာဟင်မ် ဂမ်ဘာရီ (Mr Ibrahim Gambari) ဟာ ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိ
နေပါပြီ။ စက်တင်ဘာလက ဆန္ဒပြမှုတွေဖြစ်ပွားပြီး မြန်မာနိုင်ငံကို တတိယအကြိမ် ရောက်ရှိတဲ့ လက်ရှိခရီးစဉ်အတွင်း ဒီနေ့မှာတော့ ရန်ကုန်မှာရှိတဲ့ သံတမန်တွေနဲ့ တွေ့ဆုံ
ဖို့ရှိတယ်လို့ သိရပါတယ်။ ၃ ရက်ကြာမယ်လို့ယူဆရတဲ့ သူ့ရဲ့ခရီးစဉ်မှာ အစီအစဉ်အသေး
စိတ်ကိုတော့ မသိရသေးပါဘူး။
ဒါပေမယ့် မစ္စတာဂမ်ဘာရီအနေနဲ့ အရင် ခရီးစဉ်တွေတုန်းက တွေ့ဆုံခွင့်မရခဲ့ကြတဲ့ အဖွဲ့အစည်းတွေနဲ့ ဒီတခေါက် တွေ့ဖို့ကြိုးစားမယ်လို့ ကုလသမဂ္ဂဌာနချုပ်ရဲ့ စောစော
ပိုင်း ကြေညာချက်မှာ ဖော်ပြထားတဲ့အတိုင်း တိုင်းရင်းသားအုပ်စုခေါင်းဆောင်တွေက မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံဖို့ဆန္ဒရှိကြပါတယ်။ တွေ့ခွင့်ရဖို့ကိုလည်း ဌာနေမှာရှိတဲ့
ကုလသမဂ္ဂရုံးကို မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။
တကယ်လို့ တွေ့ဆုံခွင့်ရခဲ့ရင် ဘာတွေတင်ပြဖို့ စီစဉ်ထားသလဲ ဆိုတာနဲ့ပတ်သက်လို့ ဇိုမီးအမျိုးသားကွန်ဂရက်စ်ပါတီ (ဇက်အန်န်စီ) ဥက္ကဋ္ဌလည်းဖြစ်၊ စီအာပီပီ ကိုယ်စားပြု
ကော်မတီအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးကျင့်ရှင်းထန်ကို ဒေါ်လှလှသန်းက ဆက်သွယ်
မေးမြန်းပြီး တင်ပြထားပါတယ်။
ဒီနေ့ မစ္စတာဂမ်ဘာရီက မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ဌာနချုပ်ကပြောတာတော့
ဒီတခါ အရင်တုန်းက မတွေ့ခဲ့တဲ့အုပ်စုတွေနဲ့ တွေ့ဖို့ ကြိုးစားမယ်လို့ ပြောခဲ့ပါတယ်။ ဦးကျင့်ရှင်းထန်တို့ရော သူနဲ့တွေ့ဖို့အလားအလာ ဘယ်လိုရှိပါသလဲ။ တကယ်လို့
တွေ့ခဲ့ရင်ရော ဘာတွေတင်ပြဖို့ အစီအစဉ်ရှိပါသလဲ။
“ကျနော်တို့ကတော့ တွေ့ဖို့ တဖွဖွတောင်းထားတာပဲ။ ဒီတခါတော့ အဲလိုကြားနေတော့
တကယ်ပဲ ဖြစ်တော့မလားဆိုတာကတော့ ဘာမှ ပြောလို့မရသေးပါဘူး။ ဒါပေမယ့်
ကျနော်တို့ ယူအန်န်ဒီပီမှာ တွေ့ချင်တယ်ဆိုတာတော့ လုပ်ထားပါတယ်။ တကယ်လို့
တွေ့ရင် ပြောချင်တာကတော့ ဟိုးတုန်းက လွှတ်တော်ကိုယ်စားလှယ် ၉၂ ယောက်က တင်ပြထားတဲ့ဟာမှာ ကျနော်တို့ အနေနဲ့ အင်မတန်မှ သန့်ရှင်းတဲ့၊ တရားမျှတတဲ့ တွေ့ဆုံဆွေးနွေးရေး ပြောထားတာ။ အဲဒါပဲ ထပ်ပြောဖို့ရှိပါတယ်။ ပြီးတော့ ကျနော်တို့
လူမျိုးစုအနေနဲ့လည်းပဲ တွေ့ချင်တယ်ဆိုတာ တောင်းဆိုဖို့ပါပဲ။ အဲလိုဆိုရင် အားလုံး
အတွက် ဒီဟာတွေပဲ အရေးကြီးမှာပေါ့။
“ကျနော်တို့ပြောရမှာက တွေ့ဆုံဆွေးနွေးရေးကို အကြိမ်ကြိမ် ခင်ဗျားလာပေမယ့်လည်း
အခုထက်ထိ ဘာမှမဖြစ်ဘူး။ အခုက အခြေခံဥပဒေကို ထောက်ခံဖို့ မေလမှာ
လုပ်တော့မယ်ဆိုတော့ ဒီကြားထဲမှာ ဘာမှမရှိတော့ဘူးဆိုတော့ အခု ခင်ဗျားလာတာ
ကျနော်တို့ ဘာလုပ်ရမလဲဆိုတာ သူ့ကို ပြန်မေးရမှာပါ။”
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မြန်မာစစ်အစိုးရကို တိုက်တွန်းထားတာ
ကတော့ မစ္စတာဂမ်ဘာရီ အခုလုပ်နေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့
ပတ်သက်ပြီး အုပ်စုအားလုံး ပါဝင်ရမယ်ပေါ့။ အထူးသဖြင့် အုပ်စုအားလုံးတို့ဆိုတာ
အတိုက်အခံ အန်န်အယ်လ်ဒီပါတီရော၊ တိုင်းရင်းသားအုပ်စုတွေရောဆိုပြီး တိုက်တွန်း
ထားတာတွေ ရှိပါတယ်။ အဲဒါကိုလည်း မစ္စတာဂမ်ဘာရီအနေနဲ့ ဒီတခေါက်လာတဲ့အခါ
ကျတော့ မြန်မာစစ်အစိုးရကို တိုက်တွန်းပြောကြားဖို့ ရှိနေပါတယ်။ တကယ်လက်တွေ့ ဖြစ်လာမလာတော့ စောင့်ကြည့်ရမှာပါ။ အခုလက်ရှိအနေအထားမှာ ဦးကျင့်ရှင်းထန်
တို့ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း
ထံကို စာတင်ထားတယ်လို့လည်း သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
“ဟုတ်ပါတယ်။ ကျနော်တို့ တင်ထားပါတယ်။ ကျနော်တို့ အချက် ၃ ချက် တောင်းထား
ပါတယ်။ ပထမအချက်က နအဖအစိုးရကို ၂၀၀၇ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့မှာ လုံခြုံရေးကောင်စီဥက္ကဋ္ဌအနေနဲ့ ကြေညာချက်ထုတ်ထားတဲ့ဟာကို ထောက်ခံထားတဲ့
အချက်အပါအဝင် လုံခြုံရေးကောင်စီက မြန်မာနိုင်ငံပေါ်မှာ ချမှတ်ထားတဲ့ဟာကို
တသွေမတိမ်း အမြန်ဆုံးနည်းနဲ့ လိုက်နာဖို့၊ ပြောပေးဖို့ အချက်တချက်ပါတယ်။
“ဒုတိယအချက်ကတော့ အခု အတည်ပြုပေးဖို့ဆိုတဲ့ အခြေခံဥပဒေဟာ အမှန်မှာတော့ တဖက်သတ်ရေးထားတဲ့ဟာဖြစ်တဲ့အတွက် ကျနော်တို့ အတိုက်အခံအုပ်စု လုံးဝမပါ
ဘူး။ ပြီးတော့ Cease Fire ဆိုတဲ့ လူမျိုးစုအုပ်စုတွေကလည်း သူတို့မျှော်လင့်ထားတဲ့၊ သူတို့တင်ပြလို့ရမယ်ထင်တဲ့ဟာကိုလည်း လက်မခံဘူး။ အဲဒီအခြေခံဥပဒေဟာ
ယူအန်န်အနေနဲ့ လက်ခံလို့မဖြစ်ဘူးဆိုတာ လုံခြုံရေးကောင်စီအနေနဲ့ ကြေညာပေးဖို့။
“တတိယအချက်မှာတော့ အဲဒါတွေကို အမြန်ဆုံးနည်းနဲ့ လုံခြုံရေးကောင်စီကနေ
မြန်မာအစိုးရကို လိုက်နာဆောင်ရွက်ပေးဖို့၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး
ကို အမြန်ဆုံးလုပ်ဖို့ဆိုတဲ့ အချက်တွေပါတယ်။”
တကယ်လို့ မစ္စတာဂမ်ဘာရီနဲ့ ဒီတခေါက်တွေ့ခွင့်ရခဲ့မယ်ဆိုရင်ရော အဲဒီအချက်တွေ
တင်ပြဖို့ ရှိပါသလား။
“ဟုတ်ကဲ့ အဲဒီအချက်တွေကို ကျနော်တို့ တင်ပြဖို့ဖြစ်ပါတယ်။”