ပြည်ပရောက် စက်တင်ဘာသံဃာတော် မြန်မာနိုင်ငံကို လက်နက်မရောင်းဖို့ တောင်းဆို

ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်အစိုး
ရကို လက်နက်ရောင်းချမှုတွေ၊ ထောက်ပံ့မှု
တွေ အကုန်လုံး ရပ်တန့်ပေးဖို့ ပြီးခဲ့တဲ့
စက်တင်ဘာလ အရေးအခင်းမှာ ကိုယ်တိုင်
ပါဝင်ခဲ့တဲ့ သံဃာတော်တပါးက တောင်းဆို
လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပနေ
တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး
ညီလာခံမှာ မြန်မာဘုန်းတော်ကြီး ဆရာတော်
ဦးသြဘာသ တောင်းဆိုလိုက်တဲ့အကြောင်း
ဗွီအိုအေ သတင်းထောက် နန်စီ အမယ်လီယာ
ကောလင်းစ် (Nancy-Amelia Collins)
သတင်းပေးပို့ထားတာကို မညိုညိုလွင်က တင်ပြပေးထားပါတယ်။

ဦးသြဘာသဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက တခြားသံဃာတော်တွေနဲ့အတူ ငြိမ်းချမ်း
စွာဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး မြန်မာစစ်အစိုးရရဲ့ ဖမ်းဆီးမှုက လွတ်မြောက်အောင်
၂ လနီးပါး ပုန်းအောင်းနေရာက ထိုင်းနိုင်ငံထဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ထွက်ပြေး လွတ်မြောက်လာသူ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကို ဘယ်လိုနည်းလမ်းနဲ့မဆို စစ်လက်နက်ထောက်ပံ့နေမှုတွေကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတခုလုံးက ရပ်တန့်ပေးဖို့အတွက် ပြောဆိုခဲ့ပါတယ်။

“နိဂုံးချုပ်အနေအားဖြင့် နိုင်ငံတကာလူကြီးများကို၊ သံအမတ်ကြီးနဲ့တကွ အားလုံးသော ဧည့်သည်တော်များကို ဦးဇင်းအနေနဲ့ တောင်းဆိုချင်တာ တခုတော့ရှိပါတယ်။
စစ်ဗိုလ်ချုပ်များဟာ သူတို့စုဆောင်းထားတဲ့ လက်နက်တွေ ရှိနေသ၍၊ စုဆောင်းထား
တဲ့ လက်နက်တွေဟာ ပြည်သူတွေကို ညှဉ်းပန်းဖို့ရာ၊ ပြည်သူတွေကို သတ်ဖြတ်ဖို့ရာ
ဖြစ်တဲ့အတွက် စည်းဝေးပွဲကို တက်ရောက်လာကြတဲ့ လူကြီးမင်းများအားလုံး၊ နိုင်ငံ
တကာမှ အစိုးရအသင်းအဖွဲ့ အားလုံးတို့က ပြည်သူတွေကို သတ်ဖို့ရာဖြစ်တဲ့ လက်နက်
တွေကို နိုင်ငံတကာအသီးသီးက စစ်ဗိုလ်ချုပ်များကို ရောင်းချနေတဲ့ လက်နက်တွေကို မရောင်းချဖို့ရာအတွက် နိုင်ငံတကာလူကြီးများမှ၊ နိုင်ငံတကာမှ အစိုးရအဖွဲ့အစည်းများ
မှ အားလုံးတားဆီးပေးကြပါလို့ ဦးဇင်းအနေနဲ့ အထူးမေတ္တာရပ်ခံအပ်ပါတယ်။”

မြန်မာနိုင်ငံမှာ လောင်စာဆီဈေးနှုန်းတွေ မြင့်မားလာတာကြောင့် သံဃာတော်တွေ
စုရုံးပြီး မေတ္တာပို့ ကြွချီဆန္ဒပြခဲ့ကြတာပါ။ အဲ့ဒီနောက်မှာတော့ သာမန်အရပ်သားတွေ
ပါ ပူးပေါင်းလာပြီး နိုင်ငံအတွင်း အနှစ် ၂၀ နီးပါး မတွေ့ခဲ့ရတဲ့ စစ်အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကြီးအသွင် ကူးပြောင်းသွားခဲ့ပါတယ်။

မြန်မာစစ်အစိုးရဲ့ လက်နက်ကိုင်စစ်သားတွေဟာ သေနတ်နဲ့ပစ်ခတ်တာတွေ၊ လက်ကိုင်
တုတ်တွေနဲ့ ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တာကြောင့် ကုလသမဂ္ဂရဲ့ အဆိုအရ အနည်းဆုံး
၃၁ ယောက် သေဆုံးခဲ့ရပါတယ်။ ဆန္ဒပြမှုတွေ ရပ်တန့်သွားဖို့အတွက် ထောင်နဲ့ချီတဲ့
သူတွေကိုလည်း ဖမ်းဆီးထောင်ချခဲ့ပါတယ်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားခြေရင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် လူဘယ်လောက်သေဆုံးသွားတယ်ဆိုတာ သူ့အနေနဲ့ အတိအကျမသိရပေမယ့် အဲ့ဒီ
မြင်ကွင်းကို ဘယ်တော့မှ မေ့ပျောက်လို့မရဘူးလို့ ဦးသြဘာသက ဆိုပါတယ်။

“ဦးဇင်းမြင်တာကိုတော့ ပြောမယ်။ ရွှေတိဂုံဘုရားရဲ့ရှေ့မှာ သံဃာတော်တွေကို
သေနတ်နဲ့ပစ်၊ ခေါင်းပေါ်ကို စစ်ဖိနပ်နဲ့တက်နင်းပြီး တုတ်တွေနဲ့ အကြိမ်ကြိမ် ရိုက်နေ
တဲ့ မြင်ကွင်းကတော့ ဦးဇင်းဘဝအတွက် ဘယ်လိုမှ မမေ့နိုင်စရာပဲ။ ဒီမျက်စိရဲ့
မျက်ကွင်းထဲက ဘယ်လိုမှမထွက်ဘူး။”

အမေရိကန်နိုင်ငံနဲ့ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတော်တော်များများက မြန်မာနိုင်ငံ
ကို စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီညီလာခံကို တက်ရောက်လာကြတဲ့
သူတွေ တော်တော်များများကလည်း အခုလိုနည်းလမ်းကို လုပ်ဆောင်ဖို့အတွက်
၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးကို တိုက်တွန်းခဲ့ပါတယ်။

ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့ဖြစ်တဲ့ Alt Asean အဖွဲ့ရဲ့ ဆက်သွယ်ညှိနှိုင်းရေးမှူး ဒက်ဘီစတော့ဟာ့ဒ် (Debbie Stothard) က အာဆီယံအနေ
နဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးဆိုတဲ့ စည်းကမ်းရှိတဲ့
ကြားကပဲ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ကတော့ ပြန်လည် သုံးသပ်သင့်တယ်လို့ ဆိုပါတယ်။

“ကျမတို့အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ နိုင်ငံရေးအဖြေရှာတာမျိုးကို လိုလားပါ
တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနည်းလမ်းက မြန်မာနိုင်ငံတွင်းက ပြည်သူလူထုအားလုံး အတွက်သာမက ဒေသတွင်းက လူတွေအားလုံးအတွက်ပါ ကောင်းမွန်စေပါတယ်။
အာဆီယံနဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံရေးနည်းလမ်းတွေ မြှင့်တင်ဆောင်ရွက်ပေးတာကို ကျမတို့ လိုအပ်ပါတယ်။ ဆိုလိုတာကတော့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်အရေးယူတာမျိုးကို အလေးထားပြီး စဉ်းစားပေးဖို့ပါပဲ” လို့ ပြောဆိုခဲ့
တာပါ။

မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ အတိုက်အခံကြား ဆွေးနွေးညှိနှိုင်းပြောဆိုမှုတွေ ဖြစ်ပေါ်
လာပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ရှိလာဖို့အတွက် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီဟာ အခု ကြာသပတေးနေ့က
မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေမူကြမ်းကို အတည်ပြုဖို့အတွက်နဲ့
၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် မေလမှာ လူထုဆန္ဒခံယူပွဲ ပြုလုပ်ပေး
မယ်လို့ ကြေညာပြီး တလအတွင်းမှာပဲ မစ္စတာဂမ်ဘာရီဟာ မြန်မာနိုင်ငံကို ရောက်ရှိ
ခဲ့တာ ဖြစ်ပါတယ်။