မစ္စတာဂမ်ဘာရီ ဘက်လိုက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ကုလသမဂ္ဂ မတုန့်ပြန်သေး

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ အီဘာရာဟင် ဂမ်ဘာရီဟာ ဘက်လိုက်မှုတွေ ရှိနေတယ်ဆိုပြီး မြန်မာစစ်အစိုးရဘက်က စွပ်စွဲတာနဲ့ပတ်သက်လို့ လောလောဆယ် တစုံတရာ တုန့်ပြန်ပြောဆိုဖို့ မရှိတဲ့အကြောင်း ကုလသမဂ္ဂဌာနချုပ်က ပြောဆိုပါတယ်။

မစ္စတာဂမ်ဘာရီဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို့ မြန်မာစစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက မစ္စတာ ဂမ်ဘာရီအနေနဲ့ ကြားဝင်ဆောင်ရွက်သူနေရာမှာ မနေဘဲ ဘက်လိုက်ခဲ့တယ် ဆိုပြီး မနေ့က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်ရှဲလ် မွန်းတက်စ် (Michele Montas) က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

စစ်အစိုးရဘက်က ဒီလို ပြောဆိုစွပ်စွဲတာကို သိတဲ့အကြောင်းနဲ့ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံ အတွင်းမှာ ရှိနေသ၍ ကုလသမဂ္ဂဘက်က တစုံတရာ သဘောထားပြောဆိုဖို့ မရှိပါဘူးလို့ မစ်ရှဲလ် မွန်းတက်စ်က ပြောသွားတာပါ။ မစ္စတာဂမ်ဘာရီဟာ မြန်မာနိုင်ငံအတွင်းမှာ ရောက်နေပြီး အကြောင်းအရာ ကိစ္စရပ် တော်တော်များများကို ဆွေးနွေးဖို့ ရှိပါတယ်လို့ ပြောဆိုသွားပါတယ်။

မစ္စတာ အီဘာရာဟင် ဂမ်ဘာရီဟာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြန်ကြားရေးဝန်ကြီး
အပါအဝင် မြန်မာစစ်အစိုးရ အရာရှိတွေနဲ့ မနေ့က တွေ့ဆုံခဲ့တယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်ရှဲလ် မွန်းတက်စ် က ပြောပါတယ်။ ဒါ့အပြင် မစ္စတာ ဂမ်ဘာရီအနေနဲ့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အတည်ပြုရေး လူထုဆန္ဒခံယူပွဲ ကြီးကြပ်ရေး ကော်မရှင်နဲ့ ဖွဲ့စည်းပုံ ရေးဆွဲရေး ကော်မရှင်တွေကို တွေ့ဆုံခဲ့တဲ့အကြောင်းနဲ့ စစ်အစိုးရဘက်က ပြင်ဆင်ထားတာတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို ဆွေးနွေးထားပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့တွေကို ဆက်ပြီး တွေ့ဆုံသွားမယ်လို့ မစ်ရှဲလ် မွန်းတပ်စ်က ပြောပါတယ်။

မစ္စတာဂမ်ဘာရီအနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းခံထားပြီး စစ်အစိုးရဘက်က အကြောင်းပြန်တာကို စောင့်နေတယ်လို့လည်း မစ်ရှဲလ် မွန်းတက်စ်က ပြောပါတယ်။ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မစ္စတာ ဂမ်ဘာရီဟာ ဒီနေ့ စနေနေ့မှာ အဲန်အယ်လ်ဒီနဲ့ တွေ့ဆုံမယ်လို့ အကြောင်းကြားထားတဲ့ အကြောင်း ပြောဆိုပါတယ်။