ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဗုဒ္ဓဘာသာဝင်ကောင်း တယောက်အဖြစ် ချီးကျုးရန် မသင့်

မြန်မာနိုင်ငံကနေ မနေ့ကမှ ပြန်ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ် စမတ် ဆွန်ထရာဝပ်က မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဗုဒ္ဓဘာသာဝင်ကောင်း တယောက် ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ချီးကျူးလိုက်ပြီး မြန်မာနိုင်ငံဟာ ငြိမ်းချမ်းတယ်လို့ ပြောလိုက်ပါတယ်။ မြန်မာရဟန်းတော်တွေကို ကိုယ်စားပြုတဲ့ သာသနာ့ဥသျှောင်အဖွဲ့ကတော့ ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောကြားချက်တွေကို လက်မခံပါဘူး။ ဘာကြောင့် လက်မခံသလဲဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်ခင်မျိုးသက်က မေးမြန်းဆက်သွယ်ထားပါတယ်။

သံဃာတော်တွေသာမက ဗုဒ္ဓဘာသာဝင်တွေကပါ လက်မခံကြတာပါ။ ထိုင်းဝန်ကြီးချုပ်နဲ့အဖွဲ့ကို နေပြည်တော်မှာ အခမ်းအနားနဲ့ ကြိုဆိုလက်ခံခဲ့တဲ့အတွက် မြန်မာစစ်အာဏာပိုင်တွေကို ကျေးဇူးတင်စကားပြောကြားရင်း မြန်မာနိုင်ငံနဲ့ တကွ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အနောက်နိုင်ငံတွေက မြင်နေတဲ့ ပုံစံနဲ့ တခြားစီပါပဲလို့ ထိုင်းဝန်ကြီးချုပ်က နိုင်ငံသားတွေ အတွက် အပတ်စဉ်ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြားအစီအစဉ်မှာ ပြောသွားခဲ့တာပါ။ သူက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်ပါတယ်လို့ ပြောခဲ့တာနဲ့ ပတ်သက်ပြီး သာသနာ့ဥသျှောင် မြန်မာရဟန်းတော်များအဖဲ့ွချုပ်က ဆရာတော် ဦးဂုဏိဿရက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဆိုတာက အနည်းဆုံး ငါးပါးသီလ လုံခြုံရပါတယ်။ သူ့အသက် မသတ်ရပါဘူး။ သူ့ဥစ္စာ မခိုးရပါဘူး။ လိမ်ညာ၍ မပြောရပါဘူး။ ဗုဒ္ဓဘာသာကောင်းတယောက် ဖြစ်ရခြင်း အကြောင်းရင်းမှာ သူ့အသက် မသတ်ရပါဘူးဆိုတဲ့ ကိစ္စမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သတ်လို့ မသေတဲ့ သူတွေက အခုထိုင်းနိုင်ငံမှာ ရောက်နေတဲ့ သံဃာတော်တွေပဲဖြစ်ပါတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ လူထုအတွက် သာသနာအတွက် လုပ်နေတဲ့ ငြိမ်းချမ်းစွာ လမ်းလျှောက်နေတဲ့ သံဃာတော်တွေကို သတ်ပစ်တယ်။ ထောင်ထဲမှာလည်း အခုထက်ထိရှိတုန်းပဲ။ ဒါတွေဟာ ဗုဒ္ဓဘာသာကောင်းတယောက်ဆိုလို့ရှိရင် သတ်ခြင်း၊ ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း လုပ်ပါ့မလား။ နောက်တချက်က သူက တရားထိုင်တယ်တဲ့။ ရိုးသားမှ တရားထိုင်လို့ရတာ။ နှလုံး ပုပ်ပုပ်နဲ့ တရားအားထုတ်လို့ မရဘူး။ မကောင်းတဲ့ စိတ်နဲ့ တရားအားထုတ်လို့ မရဘူး။ တရားအားထုတ်တဲ့ နေရာမှာ အခြေခံက သီလရှိရတယ်။ ငါးပါးသီလ တို့ ရှစ်ပါးသီလတို့မှ မရှိဘဲနဲ့ တရားထိုင်ရင် ဘယ်လိုလုပ် တရားထိုင်တယ်ပြောမလဲ။ နောက်ဘုရားရှိခိုးတယ်တဲ့။ ဘုရားရှိခိုးတယ်ဆိုတာ စိတ်စေတနာနဲ့ ရှိခိုးရတာပါ။ ပါးစပ်ကနေ ကျက်ထားတာနဲ့ အလွတ်ဆိုပြီး ရှိခိုးနေလို့ မရပါဘူး။ ဒါလေးတွေကြည့်ရုံနဲ့ သူဟာ ဗုဒ္ဓဘာသာကောင်း တယောက်ပါလို့ ပြောလို့ မရပါဘူး။”

ဒီလိုသတ်တာ ဖြတ်တာတွေ၊ ဖိနှိပ်ချုပ်ခြယ်တယ်ဆိုတာတွေဟာ ပုံမှန်ပါပဲလို့ ထိုင်းဝန်ကြီးချုပ်က ပြောသွားပါတယ်။ ထိုင်းဝန်ကြီးချုပ်ပြောတာတွေနဲ့ ပတ်သက်ပြီး ဦးဇင်းဘယ်လို သဘောရပါသလဲ။

“ဗုဒ္ဓဘာသာအကြောင်းနားမလည်လို့ပါဘဲ။ အမှန်တော့ ဗုဒ္ဓဘာသာဝင်မပြောပါနဲ့ ကမ္ဘာပေါ်မှာ ရှိနေတဲ့ တခြားဘာသာဝင်တွေ၊ ရိုးသားတဲ့ သိက္ခာရှိတဲ့သူတွေတောင်မှ သူများကို သတ်ဖြတ်တယ်၊ ညှဉ်းဆဲတယ်ဆိုတဲ့ အလုပ်ကို မလုပ်ပါဘူး။ လူသားတစ်ဦးရဲ့ အခွင့်အရေးကို လေးစားတယ် ဆိုရင်တောင် ဒါမျိုးမလုပ်သင့်ပါဘူး။ တရားဥပဒေဆိုတာနေရာတိုင်းမှာ ရှိပါတယ်။ သတ်ဖြတ်တယ်၊ ညှဉ်းဆဲတယ်ဆိုတာ ပုံမှန်ပဲလို့ ပြောလိုက်တာဟာ ဘာကို ပြောတာလဲ။ လူမိုက်တွေအလုပ်၊ သတ်ဖြတ် ညှဉ်းဆဲနေတဲ့ အာဏာရှင်တို့အတွက်ကတော့ ဒါဟာ ပုံမှန်ဖြစ်ချင် ဖြစ်မှာပေါ့။ ဒါပေမဲ့ သိက္ခာရှိတဲ့ လူတဦးအနေအတွက်တော့ ဒါဟာ ပုံမှန်မဟုတ်ပါဘူး။ လူသာမန်တယောက် မလုပ်တဲ့အလုပ်ပါ။ ထိုင်းဝန်ကြီးချုပ်ပြောတဲ့စကားကို ဦးဇင်းအနေနဲ့ လက်မခံနိုင်ပါဘူး။”

ထိုင်းနိုင်ငံမှာ ၁၉၇၆ခုနှစ်တုန်းက လူပေါင်း ၄၆ဦးသေဆုံးခဲ့ရတဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက်ချေမှုန်းရာမှာ မစ္စတာ စမတ်ဟာ အဓိက လုပ်ဆောင်ခဲ့သူ တဦးလို့ အများက ခံယူထားပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလ ၂၈ရက်နေ့ ထိုင်းနိုင်ငံရဲ့ ၂၈ယောက်မြောက်ဝန်ကြီး ဖြစ်လာတဲ့နောက် CNNရုပ်သံမေးမြန်းခန်းမှာ ဒီကိစ္စကို မေးမြန်းတဲ့အခါမှာ သူမပါဝင်ခဲ့ပါဘူးလို့ ငြင်းပယ်ခဲ့တဲ့အပြင် သေဆုံးသူဟာ တယောက်ပဲရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။