လူ့အခွင့်အရေး ဆက်လက် လုပ်သွားမယ်လို့ အရိုက်ခံရသူ ဦးမြင့်အေးက ပြော

မြန်မာနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေးကို အမည်မသိသူတွေက ရိုက်နှက်ခဲ့ တာကြောင့် ရန်ကုန်ဆေးရုံးကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ဦးမြင့်အေးဟာ အခု ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပြီလို့ သိရပါတယ်။ အပြည့်အစုံကို ထိုင်းနိုင်ငံ အခြေစိုက် ဗွီအိုအေ သတင်းထောက် ဒေါ်အေးအေးမာက တင်ပြထားပါတယ်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဌာနက ဦးမြင့်အေးကို အမည်မသိတဲ့ လူတစ်ယောက်က စမ်းချောင်းမြို့နယ် အတွင်းမှာ ရိုက်နှက်ခဲ့တာကြောင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ ဆေးကုသခံရပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ ဆေးရုံက ပြန်လည် ဆင်းခွင့် ပြုလိုက်ပါပြီ။ ဆေးရုံက ပြန်လည် ဆင်းလာတဲ့ ဦးမြင့်အေးကို ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါမှာတော့ -

“ဆရာဝန်ကြီးက ဆင်းပါ ဆိုပြီးတော့ ဆင်းဖို့ စာအုပ်ကလေး ရေးပေးတဲ့အခါမှာတော့ ကျနော်တို့လည်း ဆင်းလာတယ်။ သက်သာပါတယ် ခင်ဗျာ။ သက်သာပါတယ်။ ပထမဆုံး ကျနော်တို့ ၂၇ ရက်နေ့၊ ဖြစ်ဖြစ်ချင်းညပေါ့ဗျာ၊ ကျနော်တို့ အနောက်ပိုင်း ဆေးရုံသွားတယ်။ နားထဲက သွေးယိုတယ် ဆိုလို့ပေါ့ဗျာ၊ သွေးယိုတယ် ဆိုလို့။ နောက် သူတို့ အနောက်ပိုင်း ဆေးရုံက မကိုင်ဘူးပေါ့ဗျာ။ မကိုင်ဘူးပေါ့၊ ရန်ကုန် ဆေးရုံကြီး သွားပါဆိုလို့ ရန်ကုန် ဆေးရုံကြီး သွားတော့ OPD မှာပဲ ဓါတ်မှန်ရိုက်ပေးပါတယ်။ ရိုက်ပြီးတော့ သူတို့ ချုပ်တယ်ပေါ့ဗျာ၊ ၅ ချက် ချုပ်တယ်ပေါ့။ အဲဒါ ဦးနှောက်နဲ့ အာရုံကြောကို ရောက်သွားပါတယ်။ အဲဒီရောက်သွားတော့ ဒီဓါတ်မှန်ကို ကြည့်တယ်ပေါ့ဗျာ။ နောက်ပြီးတော့ ဒဏ်ရာကို ကြည့်တယ်ပေါ့ဗျာ။ နားသွေးယိုတာကို ကြည့်တယ်ပေါ့ဗျာ။ နားသွေးယိုတဲ့ ကိစ္စကတော့ ရိုက်လိုက်တဲ့ အရျိန်ကြောင့် ယိုတယ်လို့ ပြောတာပေါ့ဗျာ။ ဒါပေမယ့် နောက်ထပ် နားကလည်း ထပ်မထွက်ရင် ဘာမှမဖြစ်ပါဘူး ဆိုပြီးတော့ နားကလည်း ထပ်မထွက်ပါဘူး သွေးက။ အဲဒီနောက် ဦးနှောက် ဦးခွံကို မထိပါဘူး ဆိုပြီးတော့ အဲဒီမှာ တစ်ညပေါ့ဗျာ။ ကျနော်တို့ တစ်ညအိပ်၊ နောက်တစ်နေ့ ညနေကျတော့ ကျနော် ပြန်ဆင်းလာရပါတယ်။”

အခုလို ရိုက်နှက်ခံရမှုတွေဟာ ဘာကြောင့် ဖြစ်ရတာပါလဲလို့ မေးတဲ့အခါမှာတော့ -

“ကျနော်က အသက် ၅၇ နှစ် ရှိပါပြီ။ လမ်းပေါ်မှာ ရန်ဖြစ်ရမယ့်အရွယ် မဟုတ်ပါဘူး။ အဲဒီတော့ ဖြစ်ရမယ့် အခြေအနေလည်း ကျနော့်မှာ မရှိပါဘူး။ ဆိုလိုတာက ကိုယ်ရေးကိုယ်တာ ကိစ္စ မဟုတ်ပါဘူး။ ကိုယ်ရေးကိုယ်တာ ကျနော့် ပုဂ္ဂိုလ်ရေးလို ဖြစ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ အဲဒီပုဂ္ဂိုလ်ရေးုကို ဖယ်လိုက်ရင် အဲဒီ လူ့အခွင့်အရေးကိစ္စပဲ ကျန်တာပေါ့။ လူ့အခွင့်အရေး လုပ်တာကို မကြိုက်တဲ့လူက ရိုက်တာဖြစ်မှာပေါ့၊ အဲလိုဖြစ်တယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ဖက်က မလျှော့ပါဘူး။ ဆက်လုပ်မှာပါပဲ၊ ဒါပါပဲ။”

မတ်လ ၂၈ ရက်နေ့ကတော့ စမ်းချောင်း ရဲစခမ်းမှူးကနေ ဆေးရုံကို ရောက်ရှိလာပြီး အမှုဖွင့် တိုင်ကြားနိုင်ကြောင်း ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ မရှိခဲ့ဘူးလို့ ဦးမြင့်အေးက ပြောပါတယ်။ အခုလိုမျိုး လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဥပဒေပြင်ပကနေ လုပ်ဆောင်ချက်တွေဟာ အများအပြား ရှိနေဆဲဖြစ်ကြောင်း ဦးမြင့်အေးကတော့ ဆက်ပြောသွားပါတယ်။