စက်တင်ဘာ သံဃာတော်တွေရဲ့ မေတ္တာပို့ ကြွချီဆန္ဒပြပွဲတွေကို မြန်မာစစ်အစိုးရက
နှိမ်နင်းခဲ့တာ ၆ လရှိသွားခဲ့ပေမယ့် မြန်မာနိုင်ငံထဲမှာ အဖမ်းအဆီးတွေ၊ လူ့အခွင့် အရေးချိုးဖောက်မှုတွေက ဆက်လက်ဖြစ်ပွားနေဆဲပဲလို့ နိုင်ငံတကာ လွတ်ငြိမ်း
ချမ်းသာခွင့်အဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရက မကြာခင်
ကျင်းပပေးဖို့ ကြေညာထားတဲ့ လူထုဆန္ဒခံယူပွဲနဲ့လည်း နီးကပ်လာတာမို့ ဒီအခြေအနေ
တွေဟာ ပိုပြီးဆိုးရွားလာနိုင်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တွက်ဆပြီး စိုးရိမ်ပူပန်နေကြပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
ရွှေဝါရောင်လှုပ်ရှားမှုလို့ လူသိများခဲ့တဲ့ စက်တင်ဘာ သံဃာတော်တွေ ဦးဆောင်တဲ့ မေတ္တာပို့ကြွချီပွဲတွေ၊ သြဂုတ်လ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲတွေကစလို့ မြန်မာလုံခြုံရေးအာဏာပိုင်တွေဘက်က ဖမ်းတာဆီးတာတွေ အကြီးအကျယ်ရှိခဲ့တဲ့
အထဲက သံဃာတော်တွေ အပါအဝင် အနည်းဆုံး လူ ၄၀ လောက်ကို ထောင်ဒဏ်
ပြစ်ဒဏ်တွေ စီရင်ခဲ့သလို ရာနဲ့ချီပြီး ထိန်းသိမ်းထားဆဲဖြစ်တဲ့အကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ထောက်ပြပြောဆိုလိုက်တာ
ပါ။ ဒါ့အပြင် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေအပေါ် အဖမ်းအဆီးတွေကလည်း
ရှိနေဆဲဖြစ်တာမို့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်မှုမရှိတဲ့အကြောင်း
ပြောဆိုထားတာပါ။
“နိုင်ငံတကာအသိုင်းအဝိုင်းက အလွန်အမင်း အာရုံစိုက်မှုရခဲ့တဲ့ စက်တင်ဘာလနှိမ်နင်း
မှု ၆ လကြာတဲ့အချိန် မြန်မာနိုင်ငံထဲက အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက
သိအောင် ထောက်ပြဖို့ ကျနော်တို့က ရည်ရွယ်တာပါ။ မြန်မာစစ်အစိုးရက ဖမ်းတဲ့
ဆီးတဲ့ အရေအတွက်ကို ထုတ်ပြောတာ၊ နောက် အဖမ်းအဆီးတွေ ရပ်သွားပါပြီ၊
အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို ကျူးလွန်သူတွေကိုသာ အရေးယူနေတာပါဆိုပြီး
ပြောဆိုထားပေမယ့် တကယ့်လက်တွေ့ အခြေအနေတွေမှာတော့ ဆန့်ကျင်ဘက်
ဖြစ်နေပါတယ်။ အခြေအနေတွေဟာ တိုးတက်မလာတဲ့အပြင် ပိုပြီးတော့တောင် ဆိုးရွားလာနေတာပါ။”
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး မစ္စတာ
ဘန်ဂျမင် ဇဝတ်စ်ကီ ပြောပြသွားတာဖြစ်ပါတယ်။ သူတို့အဖွဲ့ မှတ်တမ်းအရဆိုရင်
သံဃာတော် ၇ ပါး အပါအဝင် အနည်းဆုံး လူပေါင်း ၄၀ လောက်ကို မြန်မာစစ်အစိုးရရဲ့
လူမသိ၊ သူမသိ တရားခွင်တွေက ပြစ်မှုအမျိုးမျိုးနဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့
တာလို့ ဆိုပါတယ်။ ဒီထဲက ၃ ယောက်ကလည်း သံဃာတော်တွေကို ရေဆက်ကပ်
လှူဒါန်းလို့ အပြစ်ပေးခံရတာလို့ သူတို့ကပြောပါတယ်။ ဒါ့အပြင် နောက်ထပ် လူနဲ့သံဃာ
၇၀၀ လောက်ဟာလည်း အကျဉ်းထောင်တွေထဲမှာ အပြစ်ပေးခံရမယ့် အခြေအနေ
တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒီလို လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မလာတဲ့အပြင် နောက်ထပ်ဖမ်းဆီးမှုတွေနဲ့အတူ အခြေအနေတွေဟာ ပိုပြီး
တော့သာ ဆိုးလာနေတယ်လို့ ပြောဆိုနေတာကတော့ ပြည်ပမှာအခြေစိုက်တဲ့ AAPP
လို့ခေါ်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
ဖြစ်ပါတယ်။
“၂၀၀၇ ခုနှစ် သြဂုတ်၊ စက်တင်ဘာလမှာ ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး နအဖက ပစ်ခတ်
တာတို့၊ သတ်ဖြတ်တာတို့၊ ဖမ်းဆီးတာတို့ ဖြစ်ခဲ့တယ်။ ကျနော်တို့စာရင်းအရဆိုရင်
သြဂုတ်၊ စက်တင်ဘာနောက်ပိုင်း ဖမ်းဆီးတဲ့လူတွေက တထောင်ကျော်လောက်
ရှိတယ်။ ပြန်လွတ်တဲ့လူလည်းရှိတယ်။ အခုလောလောဆယ်တော့ ၇၀၀ ကျော်
လောက်က အကျဉ်းထောင်ထဲမှာ ဆက်ရှိနေသေးတယ်။ ဒီ့အပြင် အခု ၂၀၀၈ ခုနှစ်
ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် သုံးလအတွင်းမှာ အနည်းဆုံး ၅၈ ဦး အဖမ်းခံရတယ်။ မတ်လတလတည်းမှာပဲ ၂၃ ယောက်အဖမ်းခံရတယ်လို့ ကျနော်တို့ စာရင်းရထား
တယ်။ ဆိုလိုတာက နအဖက ဖမ်းတယ်ဆီးတယ်ဆိုတဲ့ ကိစ္စတွေက ရပ်ဆိုင်းသွားတာ
မဟုတ်ဘဲ ပိုပိုပြီးတော့ တိုးတိုးပြီးဖမ်းလာတယ်ဆိုတာ ပြောချင်ပါတယ်။”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အဖွဲ့က
အတွင်းရေးမှူး ကိုတိတ်နိုင် ဖြစ်ပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ ဒီအဖွဲ့
အစည်းတွေက ထောက်ပြပြောဆိုခဲ့သလိုပဲ အခုရက်ပိုင်းတွေအတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းတာဆီးတာတွေကလည်း ဆက်တိုက်ဆိုသလို ကြားနေ
ရတာပါ။ မနေ့တုန်းကလည်း ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်က အန်န်အယ်လ်ဒီ
အဖွဲ့ဝင် ၆ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။ ဒီလိုအခြေအနေတွေဟာ မကြာ
ခင် စစ်အစိုးရက ကြီးမှူးကျင်းပမယ့် ညီလာခံနား နီးကပ်လာလေ ပိုပြီးဆိုးရွားလာနိုင်
လေ ဖြစ်စရာအကြောင်းတွေ ရှိနေတယ်လို့လည်း လူ့အခွင့်အရေး စောင့်ကြည့်
လေ့လာသူတွေက တွက်ဆနေကြတာပါ။
“အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို မကြာသေးခင်အချိန်အထိ ဆက်လက်ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် လာမယ့် လူထုဆန္ဒခံယူပွဲကာလမှာ ဆက်လက်ဖမ်းဆီးမှုတွေ ရှိနိုင်ရုံသာမက ပိုလို့တောင် ကြီးထွားလာလိမ့်မယ်လို့
မျှော်လင့်ရပါတယ်။ အတိုက်အခံမရှိဘဲ အခြေခံဥပဒေကို အတည်ပြုနိုင်ဖို့ နအဖဘက်
ကတော့ သေချာအောင် လုပ်မှာပါပဲ။ ဒါကြောင့်လည်း လူ့အခွင့်အရေးရှုထောင့်က
ကြည့်ရင် ဒါတွေဟာ သိပ်ကောင်းလှတဲ့ အခြေအနေတော့ မဟုတ်ပါဘူး” လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး ဘန်ဂျမင်
ဇဝတ်စ်ကီက ပြောပြသွားတာပါ။
စက်တင်ဘာ သံဃာတော်တွေဦးဆောင်တဲ့ လှုပ်ရှားမှုတွေကို အကြမ်းဖက်နှိမ်နင်းခဲ့
တာ ၆ လကြာတဲ့အချိန်မှာလည်း လူ့အခွင့်အရေး အခြေအနေတွေက တိုးတက်မှုမရှိ
တဲ့အပြင် ပိုပြီးဆိုးဝါးလာတဲ့အပေါ် သတိပေး ပြောဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။