ရန်ကုန်မြို့လယ်ခေါင်တွင် ဗုံးပေါက်ကွဲ

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ပေါက်ကွဲမှု နှစ်ရပ် ကို ကြားကြရပေမဲ့၊ အသေအပျောက် ကိုတော့ ချက်ချင်း မသိကြရသေးပါဘူး။ မြို့လယ်ခေါင် လမ်းပေါ် မှာ တနင်္ဂနွေနေ့ က ပထမ ပေါက်ကွဲမှု တစ်ရပ် ဖြစ်ခဲ့ပြီး၊ ကားအောက် က ထွက်ပေါ်လာခဲ့တာ ဖြစ်ဟန်တူတယ်လို့ သက်သေတွေ က ဆိုပါတယ်။ ရဲ က အဲဒီနေရာတွေ ကို ပိတ်လိုက်တဲ့ အချိန်မှာ ရန်ကုန် မြို့လည်ခေါင် ဇိမ်ခံ ဟိုတယ် အနီး မှာ နောက် ပေါက်ကွဲမှုတစ်ရပ် ကြားရပြန်ပါတယ်။ ရန်ကုန်မြို့ က ပုဂ္ဂိုလ်တစ်ဦး က အခုလို ပြောပြပါတယ်။

“၉နာရီ ၁၅လောက်မှာ ဗုံးပေါက်တဲ့အသံ ရတယ်။ တော်တော် ကျယ်ကျယ်လောင်လောင် ကြားရတယ်။ ပထမတခါလဲ ပေါက်တယ်လို့ ပြောတယ်။ ၇နာရီကျော်ကျော်လောက်က ဒါပေမဲ့ အဲဒါကိုတော့ မကြားမိဘူး။ ဗုံးတွေ ပေါက်တယ်ဆိုတော့ လူတွေလည်း ထွက်ပြေးပေါ့။ စစ်ကားတစ်စီးလည်း မြို့ထဲဘက်ကို သွားတာတွေ့လိုက်တယ်။”

ဘာ က ပေါက်ကွဲစေသလဲ ဆိုတာ ချက်ချင်း မရှင်းလှသေးပါဘူး။ ၁၉၆၂ ကတည်း က စစ်တပ်အုပ်ချုပ်ခဲ့တဲ့ မြန်မာပြည်မှာ ဗုံး အသေးစား ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ခဲ့ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အသစ် အပေါ် လူထု ဆန္ဒခံယူပွဲ မလုပ်မီ သုံးပတ်အကြာမှာ တနင်္ဂနွေနေ့ က ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ ဖွဲ့စည်းပုံ ဟာ ပါတီစုံ ရွေးကောက်ပွဲ ကို ဦးတည်သွားလိမ့်မယ်လို့ စစ်အစိုးရ က ဆိုပါတယ်။

အစိုးရ က ဝါဒဖြန့်ချိရေး ကို အရှိန်မြှင့် ဆောင်ရွက်နေသလို၊ သူ နဲ့ သဘောထား ကွဲသူတွေ ကိုလည်း ဆန္ဒခံယူပွဲ မတိုင်မီ မှာ နှိမ်နင်းနေတယ်လို့ အတိုက်အခံ က ပြောပါတယ်။