ဆန္ဒခံယူပွဲ အကြိုမဲ ဘန်ကောက် မြန်မာသံရုံးမှာ စတင်ကောက်ခံ

ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ အကြိုမဲ
ပေးမှုတွေကို မြန်မာနိုင်ငံပြင်ပ သံရုံးတွေမှာ အခုရက်ပိုင်းအတွင်း ပြုလုပ်လျက်ရှိရာမှာ
ဒီကနေ့မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့
က မြန်မာသံရုံးမှာ စတင် ကြိုတင်မဲတွေ
ကောက်ခံနေပါပြီ။ ဒါပေမယ့် ဒီကနေ့ ပထမ
နေ့မှာတော့ မဲလာရောက်ပေးသူ အတော် နည်းပါးသေးတယ်လို့ သိရပါတယ်။ အပြည့်
အစုံကို ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ သတင်းသွားရောက်ယူခဲ့တဲ့ ဗွီအိုအေ
ဝိုင်းတော်သား ကိုသားညွန့်ဦးက တင်ပြပေး
ထားပါတယ်။

ထိုင်းနိုင်ငံမှာတော့ ဒီကနေ့ကစပြီးတော့
ဆန္ဒခံယူပွဲ ကြိုတင်မဲတွေ မြန်မာသံရုံးက ကောက်ခံနေပြီဆိုတာ မြန်မာတွေအကြား
မှာတော့ အတော်လေး အသိနည်းနေတယ်လို့ ပြောရမှာပါ။ ဒီကနေ့ သံရုံးကိုလာသူ
တွေကို ကြည့်တော့လည်း အများစုက ကြိုတင်ဆန္ဒမဲ လာပေးတဲ့သဘောမဟုတ်ဘဲနဲ့ နိုင်ငံကူးလက်မှတ်ကိစ္စလာသူတွေ၊ နောက် အခွန်ဆောင်ဖို့လာသူတွေ များပါတယ်။
ဒီကနေ ကြုံလို့မဲပေးသွားသူတွေရှိသလို အချို့ကတော့ မဲပေးဖို့ ရှောင်သွားတာလည်း သတိထားမိပါတယ်။ ဒီကနေ့ မြန်မာသံရုံးမှာ ကြိုတင်ဆန္ဒမဲပေးလို့ ရပြီဆိုတာကို သံရုံး
ကနေ မြန်မာလူမျိုးတွေကို စာပို့အကြောင်းကြားတာမျိုးမရှိဘဲ သံရုံးမှာပဲ သီးခြား
စာကပ်ထားတာမို့ အများစုက သတင်းမသိဘဲ ဖြစ်နေတဲ့သဘောပါ။

သံရုံးအပြင်မှာတော့ ထိုင်းရဲလုံခြုံရေးချထားသလို သံရုံးပုံမှန်လုပ်ငန်းတွေကို ဒီကနေ့ ယာယီရပ်နားထားတယ်လို့ သိရပါတယ်။ အတွင်းမှာတော့ စာရင်းပေးဖို့ ခုံတလုံး၊ သစ်သားမဲရုံတလုံးနဲ့ မဲပုံးအစား ခြင်းတလုံးကို ချထားပေးတယ်လို့ သိရပါတယ်။
မဲတွေကိုတော့ စာအိတ်ထဲမှာပိတ်ပြီး ထည့်ရပါတယ်။ သံရုံးထဲဝင်ဖို့အတွက်တော့ မြန်မာနိုင်ငံကူးလက်မှတ်ကို ပြရတာမို့ မပြနိုင်တဲ့ အခြားလူတွေ ဝင်လို့မရပါဘူး။ ဆန္ဒ
ခံယူပွဲ အကြိုမဲကောက်ခံမှုနဲ့ပတ်သက်လို့ မြန်မာသံအမတ်ကြီးနဲ့ တွေ့ဆုံမေးမြန်းဖို့ ခွင့်တောင်းပေမယ့် ခဏစောင့်ရပြီး နောက်တော့ သံအမတ်ကြီး အလုပ်များနေလို့
ဆိုပြီး တွေ့ဆုံခွင့်မရပါဘူး။ အဝမှာပဲ မြန်မာသံရုံးဝန်ထမ်းတွေကိုမေးတော့ ဒီကနေ့
၂၂ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကြိုတင်မဲကောက်ခံသွားမယ်လို့ ပြောပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။ မဲပေး နိုင်တဲ့သူတွေအတွက် သီးခြားစာရင်းပြုစုထားပေမယ့် ဒီစာရင်းထဲမှာလည်းမပါဘူး၊ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားရင်တော့ သူတို့ပေးတဲ့ပုံစံစာရွက်ဖြည့်ပြီး မဲပေးနိုင်
တယ်လို့ သိရပါတယ်။ မဲပေးခဲ့တဲ့ မြန်မာအမျိုးသမီးတဦးကိုတော့ ဆန္ဒမဲပေးဖို့
ဘယ်လောက်အထိ သိရှိလေ့လာထားသလဲဆိုတာ ကျနော် မေးကြည့်ပါတယ်။

“ဘယ်လောက်အထိသိလဲဆိုတော့ ဒီဘက်မှာ သူငယ်ချင်းတယောက်က လှမ်းပြော
တယ်။ သံရုံးမှာ မဲထည့်လို့ရတယ်လို့ သူတို့ပြောပြလို့ ကိုယ့်ဘက်ကလည်း ဆန္ဒလေး
ရှိတာနဲ့ လာထည့်တာပါ။”

ဆန္ဒခံယူပွဲ မဲမပေးခင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာတွေပါလဲ၊ ဘာတွေ ဘယ်လို
ရေးထားလဲ၊ အဲဒါတွေရော သိလား။

“အဲဒါလည်း ဘာတခုမှမသိဘူး။”

အခု အထဲမှာရော သူတို့ဘာပြောလဲ၊ ဒါနဲ့ပတ်သက်လို့ လေ့လာခွင့်ပေးလား။

“ဒါနဲ့ပတ်သက်ပြီး ကျမ ဘာမှမထည့်ခဲ့ဘူး။ ကြက်ခြေခတ်လည်း မလုပ်ခဲ့ဘူး၊ အမှန်
လည်းမပေးခဲ့ဘူး။ သူတို့ကိုမေးတယ်၊ ဘာမှမသိလို့၊ ဘယ်လိုပေးရမှန်းမသိလို့ ဘာမှ
မထည့်တာလို့။ ဒါနဲ့ပတ်သက်ပြီး သိခွင့်ရှိလားဆိုတော့ သူတို့ကတော့ သူတို့ဆွဲထားတဲ့
စာအုပ်ရှိတယ်၊ ဖတ်လို့ရတယ်လို့ပြောတယ်။ အပြင်ယူသွားပြီး ဖတ်လို့ရလားဆိုတော့ အပြင်ယူသွားပြီး ဖတ်ခွင့်မရှိဘူးတဲ့။ အဲဒါကြောင့် ဖတ်လည်းဖတ်မနေတော့ဘူး၊ ဘာမှလည်းမပေးတဲ့အတွက်ကြောင့် မဖတ်တော့ဘူးလို့ပဲ ပြောခဲ့တယ်။”

မဲပေးကာနီး သူတို့ကို ဘာတွေပြောရလဲ၊ သူတို့ဘာတွေမေးလဲ။

“မဲပေးကာနီးမှာ သူတို့က ပတ်စ်ပို့ရှိလားလို့မေးတယ်။ ပတ်စ်ပို့ရှိမှ ထည့်လို့ရမယ်လို့
ပြောတယ်။ နောက်တချက်က ပတ်စ်ပို့ရှိတယ်ဆိုတော့ သူတို့က ကိုယ့်ရဲ့ ပတ်စ်ပို့နံပါတ်
ရယ်၊ ကိုယ့်နာမည်ရယ်၊ ပြီးတော့ ဆိုင်းထိုးပေးရတယ်။ နောက် ဖခင်နာမည်ရယ်
မြန်မာပြည်ကလိပ်စာရယ် မေးတယ်။”

တခြား ကန့်ကွက်မဲပေးမလား၊ ထောက်ခံပေးမလားလို့ မေးတာရောရှိလား။

“အဲလိုတော့မမေးဘူး။ ကိုယ့်ရဲ့ဆန္ဒအရ ထည့်ခွင့်ရှိတယ်လို့ပဲပြောတယ်။”

သံရုံးထဲ မဲပေးရမယ့်နေရာအနားမှာတော့ ဖွဲ့စည်းပုံမူကြမ်းစာအုပ်သုံးအုပ် လေ့လာဖို့ ချထားပေးတယ်လို့ သိရပါတယ်။ မဲပေးတဲ့နံပါတ်တွေကို မေးကြည့်ရင်းနဲ့ ဒီကနေ့
မွန်းလွဲပိုင်းအထိ မဲလာပေးတဲ့အရေအတွက် တရာနီးပါးလောက်ရှိမယ်လို့ ခန့်မှန်းရပါ
တယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာပဲ သိန်းနဲ့ချီရှိနေတဲ့ မြန်မာလူမျိုးတွေကြားမှာ တရားဝင် နိုင်ငံကူးလက်မှတ် ရှိသူကလည်း ထောင်ဂဏန်းလောက်ရှိတာမို့ မဲလာပေးသူအရေ
အတွက် နည်းတယ်လို့ ဆိုရမှာပါ။ ဘန်ကောက်မှာ ကျောင်းတက်နေကြတဲ့ မြန်မာ ကျောင်းသားတွေကတော့ စုပြီး ကန့်ကွက်မဲသွားထည့်ကြဖို့ စည်းရုံးလှုံ့ဆော်တာတွေ
လုပ်နေပါတယ်။ စီစဉ်သူတဦးဖြစ်တဲ့ ရမ်ကန်ဟန်တက္ကသိုလ်က ကိုကျော်လင်းဦးကို မေးကြည့်ပါတယ်။

“ကျနော်တို့က အခု မဲပေးခွင့်ရှိတဲ့ ကာလအတောအတွင်းမှာ တပြိုင်တည်း ကျောင်းသားတွေအားလုံးစုပြီး၊ ဆုံပြီးတော့ တနေ့တည်း၊ တချိန်တည်း ကန့်ကွက်မဲ
သွားပေးမယ်ဆိုပြီး စီစဉ်နေပါတယ်။”

သံရုံးမှာလည်း ဒီနေ့ ကျနော်ရောက်တော့ ထိုင်းလုံခြုံရေးရော၊ မြန်မာဘက်ကရော
လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် လုပ်ထားတဲ့အခါကျတော့ ဒီလို တစုတဝေးတည်း မဲသွားပေးမယ်ဆိုရင် သူတို့ဘက်က လက်ခံနိုင်ပါ့မလား၊ ဖြစ်နိုင်ပါ့မလား။

“ကျနော်တို့သိရသလောက်တော့ သံရုံးထဲကို တယောက်ချင်းဝင်ရတယ်လို့ သိတယ်။
အဲတော့ တယောက်ချင်းဝင်ရရင်လည်း တယောက်ချင်းဝင်ပေါ့လေ။ ဒါပေမယ့် အပြင်
မှာတော့ တစုတစည်းတည်း တချိန်တည်းမှာ သွားမှာပါ။”

ဒါကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကြိုတင်ဆန္ဒမဲပေးနေကြတဲ့ အခြေအနေပါ။
တဆက်တည်းပဲ အိမ်နီးချင်း မလေးရှားနိုင်ငံမှာလည်း မြန်မာသံရုံးကနေ တနေ့
ကတည်းကစလို့ ကြိုတင်ဆန္ဒမဲကောက်ခံတာတွေ လုပ်နေပါတယ်။ မလေးရှားရောက် ဒီမိုကရေစီရေးလှုပ်ရှားတဲ့ မြန်မာတွေကတော့ ကွာလာလမ်ပူ မြန်မာသံရုံးနားကနေ ကန့်ကွက်မဲထည့်ရေး လှုံ့ဆော်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ပြည်ပမှာ မြန်မာလူမျိုးအများစုရှိတဲ့နေရာတွေ ပြောမယ်ဆိုရင် ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံတွေကို ပြရမှာပါ။ ဒါပေမယ့် ထိုင်းနဲ့မလေးရှားမှာတော့ တရားမဝင်
နေထိုင် အလုပ်လုပ်ကိုင်သူတွေက ပိုများပါတယ်။ သူတို့အတွက်တော့ တိုင်းပြည်
ပြင်ပကနေ မဲပေးနိုင်တဲ့ အခွင့်အရေး ဆုံးရှုံးနေတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် အခု ထိုင်းနဲ့မလေးရှားမှာ မဲပေးနိုင်ခွင့်ရှိတဲ့သူတွေကြားမှာတောင် ဖွဲ့စည်းပုံကို မကြိုက်ဘူး လက်မခံဘူးထား၊ ကန့်ကွက်မဲသွားထည့်ဖို့ တွန့်ဆုတ်နေကြတာတွေ ရှိပါတယ်။ အခု
ထိုင်းနိုင်ငံရော မလေးရှားနိုင်ငံမှာပါ ကြိုတင်ဆန္ဒမဲပေးဖို့ သံရုံးတွေက ကြိုတင်စာပို့ အကြောင်းကြားတာ မရှိပါဘူး။ ဒါကြောင့်လည်း မဲပေးခွင့်ရှိတဲ့ မြန်မာတွေမှာ မဲပေး
နိုင်ပြီဆိုတာ ကြိုသိသူနည်းနေသလို သိတော့လည်း သံရုံးကို တကူးတကသွားပြီး မဲထည့်မယ်ဆိုတဲ့လူက အတော်ရှားတယ်လို့ ပြောရမှာပါ။