စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှာ လူထုဆန္ဒခံယူပွဲ ကြိုတင်မဲ စတင်ကောက်ယူ

စင်ကာပူနိုင်ငံ မြန်မာသံရုံးမှာတော့ ဒီကနေ့ကစလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကြိုတင် ဆန္ဒမဲကောက်ခံမှုတွေ စတင်လုပ်ဆောင်နေပါပြီ။ ဒါပေမယ့်လို့ မဲထည့်ဖို့ သွားကြသူအချို့ဟာ မြန်မာနိုင်ငံသားလက်မှတ် နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်ပြီး သံရုံးအခွန်လည်း ဆောင်ထားကြပေမယ့်လို့ မဲပေးရမယ့် စာရင်းထဲ မပါလို့ မဲမပေးရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ အကြောင်းစုံကို သားညွှန့်ဦးကဆက်သွယ် မေးမြန်းထားပါတယ်။

စင်ကာပူနိုင်ငံမှာတော့ အခု ဧပြီလ ၂၅ ရက်နေ့ကနေ ၂၉ရက်နေ့အထိ ကြိုတင်ဆန္ဒမဲတွေ ကောက်ခံသွားမယ်လို့ သိရပါတယ်။ စင်ကာပူနိုင်ငံကတော့ အခြား အရှေ့တောင် အာရှက မြန်မာသံရုံးတွေလို မဟုတ်ဘဲ မဲပေးနိုင်သူတွေကို ဆန္ဒမဲပေးဖို့ ကြိုတင်အကြောင်းကြားတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် စင်ကာပူနိုင်ငံမှာ တရားဝင် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား အနည်းဆုံး ၅၀,၀၀၀ လောက် ရှိကြပေမယ့် သံရုံးမှာ မဲပေးနိုင်တဲ့ စာရင်းပေါက်သူ ၁၀,၀၀၀ ကျော်ပဲ ရှိတယ်လို့သိရပါတယ်။ ဒါကြောင့်လည်း ဒီနေ့မဲပေးတော့ အချို့စာရင်းမှာ မပါသူတွေကို နောက်တိုး စာရင်းထဲ ထည့်ပြီး မဲထည့်ခွင့် ပြုပေမယ့် အချို့ကိုတော့ နာမည်နဲ့ ဖုံးနံပါတ်ပဲ ယူပြီး နောက်မှ အကြောင်းကြားမယ် လတ်တလော မဲထည့်ခွင့်မပေးဘူးလို့ သိရပါတယ်။ ဒီကနေ့ စင်ကာပူသံရုံးမှာ မြန်မာတွေ မဲထည့်ခဲ့တာနဲ့ ပတ်သက်လို့ မဲသွားထည့်သူ တဦးဖြစ်တဲ့ ကိုသူရဇော်ကို မေးကြည့်ပါတယ်။

“အခု ကျနော်တို့ကို Invitation Letter သူတို့ ပို့ထားတယ်။ ဖိတ်စာပို့တဲ့သူတွေကိုပဲ လောလောဆယ် ခေါ်တယ်ပေါ့နော်။ ကျန်တဲ့ သူတွေကို သူတို့ နောက်တိုးစာရင်းနဲ့လည်း သူတို့ ခေါ်တယ်။ သူတို့သိနေတဲ့ သူမျိုးတွေဆိုရင်တော့သူတို့ လက်မခံဘူး၊ သိနေတယ်ဆိုတာက 'NO' Vote လုံး၀ ထည့်မယ်ဆိုတာကို သိနေတဲ့လူမျိုးတွေကိုပေါ့။”

ဟုတ်ကဲ့။ အခု ဒီ တခြား သံရုံးတွေမှာတော့ စာရင်းမှာ မပါပေမယ့် နိုင်ငံကူးလက်မှတ် ရှိရင် မဲပေးခွင့်တွေဘာတွေ၊ ဥပမာ - ဘန်ကောက်သံရုံးတွေမှာတော့ လုပ်ပိုင်ခွင့်ရှိပါတယ်။ စင်ကာပူသံရုံးမှာရော အဲဒီလို စာရင်းမှာမပါပေမယ့် မဲပေးချင်တယ် ဆိုရင်ရော ပေးလို့ရလား။ -

“ပေးလိုရတယ်လို့တော့ ကျနော်တို့ကို ပြောတယ်ခင်ဗျ။ ဒါပေမယ့် အခု မနက်ပိုင်း ကျနော်တို့ သွားတဲ့ပွဲကတော့ တော်တော်များများ ပေးမရခဲ့ဘူး။ ဖုံးနံပါတ် ယူထားတယ်။ သူတို့ ပြန်ပြီးတော့ ဆက်သွယ်မယ်ဆိုပြီးတော့ ပြောတယ်။”

ပေးလို့မရဘူးဆိုတာ နိုင်ငံကူးလက်မှတ်ရှိလျက်နဲ့ ပေးလို့မရတာလား။ -

“ဟုတ်တယ်ဗျ။ သူတို့စာရင်းထဲမှာ Invitation Letter က သူတို့နဲ့ ဆက်သွယ်လာတဲ့ သူတွေကိုပဲ သူတို့ လောလောဆယ် လက်ခံတယ်တဲ့။”

ပေးခွင့်မရလိုက်ဘူးဆိုတဲ့သူတွေ နောက်မှ ဖုံးဆက်မယ်ဆိုတဲ့သူတွေက ဘယ်လို လူမျိုးတွေလို့ ထင်လဲခင်ဗျ။ -

“ကျနော် ထင်တာကတော့ သူတို့က နဲနဲ ဒီ လှုပ်ရှားမှုအပိုင်းမှာ သူတို့အနေနဲ့ မျက်နှာပျက်မိတဲ့သူမျိုးတွေလို့ ထင်တာပဲ။”

စင်ကာပူမှာရှိတဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေထဲမှာ ပါဘူးတယ် ဆိုတာမျိုးပေါ့။ -

“ဟုတ်ကဲ့”

ဒါပေမယ့် သူတို့ကိုယ်တိုင်က နိုင်ငံကူလက်မှတ် ရှိထားတယ်မဟုတ်လား။ -

“ဟုတ်ကဲ့။ ရှိပါတယ်။ သူတို့ သံရုံးတွေနဲ့လည်း အဆက်အသွယ် ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ သံရုံးကို နှစ်ခါ သက်တမ်းတိုးခဲ့ဘူးသူတွေလည်း ရှိတယ်။ တချို့ဆိုရင် သံရုံးကို နှစ်တိုင်းလိုလို အခွန်ဆောင်တယ်ပေါ့နော်။ ဒီလို လှုပ်ရှားမှုတွေ (ဒီမိုကရေစီလှုပ်ရှားမှု) မှာလည်း ဝင်ပါတဲ့သူ မဟုတ်ဘူး။ အဲ - အဲဒီလိုလူတွေတချို့လည်း မရဘူး။ ဘာဖြစ်လို့လဲတော့ ကျနော်လည်း မပြောတတ်ဘူး အဲဒါကတော့။”

ကိုသူရဇော် ဘာမဲပေးခဲ့လဲ။ ပြောလို့ရမလားခင်ဗျ။ -

“သြော် - ရပါတယ်။ ဟိုဟာပေါ့ 'NO' ပေါ့။ မေးကြည့်တာ တော်တော်များများကတော့ 'NO' ပါပဲ။ သူတို့ကိုလည်း ဘာကြောင့်လဲလို့ မေးကြည်တဲ့အခါကျတော့ မြန်မာသံရုံးက ထုံးစံအတိုင်းပေါ့ သူတို့ ကြောက်ကြတာပေါ့။ ဒါပေမယ် သက်တမ်းတိုးတဲ့သူတွေက ငါတို့ကိုများ နဲနဲ ဘာများ လုပ်မလဲ ဆိုပြီးတော့ပေါ့။”

ဒီကနေ့ သံရုံးမှာ ခန့်မှန်းချေ လူ ဘယ်နှစ်ယောက်လောက် မဲပေးကြတာကြားလဲ။ -

“ကျနော်တို့ ထိုင်ကြည့်နေသလောက်ထိကတော့ ၆၀ ဝန်းကျင်လောက်ပဲ ရှိတယ်။”

ဟုတ်ကဲ့ ဘယ်အချိန်လောက်ထိလဲခင်ဗျ။ -

“၁၁ နာရီခွဲလောက် ဝန်းကျင်ပေ့ါနော်။ ဒါပေမယ့် မဲပေးခွင့်မရဘဲ ပြန်သွားရတာကလည်း တော်တော်များတယ်ခင်ဗျ။ သူတို့ Invitation Letter မရလို့ အကြောင်းပြချက်တွေ၊ နောက်ပြီးတော့ သံရုံးနဲ့ ဆက်သွယ်ထားတာတွေ မရှိဘူးလို့ပြောလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပြန်ရတဲ့သူတွေ တော်တော်များတယ်။ နောက်ပိုင်း သူတို့ ပြန်ဆက်သွယ်မယ်လို့တော့ ပြောတယ်ပေါ့လေ။ ဆက်သွယ်မယ်ဆိုတာကလည်း ကျနော် ထင်တယ်။ ဘယ်လို ဆက်သွယ်မှာလဲ။ ဒီလောက်များတဲ့သူတွေကို။”

တနင်္ဂနွေနေ့မှာတော့ တော်တော်များများ စုပြီးတော့ သွားကြတယ်ကြားတယ်။ -

“ဟုတ်ကဲ့၊ ဒီမှာကတော့ တနင်္ဂနွေနေ့က အားရက်လေ။”

အားလုံးစုပြီးတော့ ဆန္ဒမဲတွေ ပေးကြမယ်ဆိုတဲ့သဘောက ကန့်ကွက်မဲလား၊ ထောက်ခံမဲလား။ ဘယ်လို ယူဆလဲခင်ဗျ။ -

“ကျနော့် အယူအဆကတော့ အကုန်လုံး အတူတူ သွားမယ့်ထဲမှာ လိုက်မယ့်သူတွေကတော့ ကန့်ကွက်မဲပဲ ဖြစ်မှာပါ။”

စင်ကာပူသံရုံးကရော ဘာပြောလဲခင်ဗျ။ ဒီမဲတွေနဲ့ပတ်သက်လို့ ရလဒ်ကို ဘယ်လို ထုတ်ပြန်ပေးမယ်လို့ ကြားလဲခင်ဗျ၊ -

“ကျနော်တို့ ကြားသလောက်ကတော့ ရလဒ်ကို မြန်မာပြည်ကိုပဲ ပြန်ရေမယ်။ ဒီမှာ ရေမယ်လို့တော့ မကြားဘူး။”

ကိုသူရဇော် အခု ကန့်ကွက်မဲပေးတယ်ဆိုတာ ဘာအကြောင်းကြောင့်လဲ ရှင်းပြလို့ရမလား။ -

“နိုင်ငံမှာ အခု ရှိနေတဲ့ အုပ်ချုပ်ရေးကလည်း စစ်အုပ်ချုပ်ရေးပဲ။ သူတို့ ပြောင်းလိုက်လို့ရှိရင်လည်း ဒါကို တဖက်လှည့် ပြောင်းလိုက်တယ်လို့ပဲ ကျနော်မြင်တယ်။ သူတို့ဖက်က ၂၅ % ပါတယ်။ ဒီ ၂၅ % ကလည်းပဲ အောက်က တပ်သားတွေရဲ့ ဆန္ဒနဲ့ဆိုရင် သူတို့က တမျိုးပေါ့နော်။ ဒီ စစ်ဦးစီးချုပ် ကိုယ်တိုင်က တိုက်ရိုက် ဆွဲခန့်တဲ့ပုံစံဖြစ်နေတယ်။ ၂၅ % ကို တပ်သားတွေရဲ့ ဆန္ဒအမှန်ဆိုရင်တော့ တမျိုး စဉ်းစားလို့ ရသေးတယ်။”


ကိုသူရဇော် အခုတော့ ကိုယ့်ရဲ့ အခွင့်အရေးပေါ့၊ ကိုယ့်ရဲ့ အယူအဆ၊ ကိုယ့်ရဲ့ ယုံကြည်ချက်၊ ကိုယ် ကန့်ကွက်မဲ ထည့်လိုက်ပါပြီ။ ဒီမဲကလည်း မြန်မာနိုင်ငံထဲ ရောက်သွားမှာဆိုတော့ တခုလုံးအရ ထွက်လာမယ့် ရလဒ်နဲ့ပတ်သက်လို့ရော ကိုသူရဇော် ဘယ်လောက်ထိ မျှော်လင့်ထားလဲခင်ဗျ။ -

“ဘယ်လောက်ထိ မျှော်မှန်းထားလဲဆိုတော့ ဒီစစ်အစိုးရ အနေအထားနဲ့တော့ အမှန်အတိုင်း ဖြစ်လာလိမ့်မယ်လို့ သိပ်မမျှော်လင့်ပါဘူး။”

စင်ကာပူမှာတော့ လာမယ့် တနင်္ဂနွေနေ့ ဧပြီ ၂ရ ရက်နေ့မှာတော့ မြန်မာနိုင်ငံသားတွေ စုပြီး သံရုံးက မဲရုံကိုသွားပြီး မဲထည့်ကြဖို့ ဖုန်း Message နဲ့ လှုံ့ဆော်တာတွေ ရှိတာကြောင့် အတော်များများ တနင်္ဂနွေနေ့ သွားပြီး စုဝေးမဲထည့်ကြမယ်လို့ မျှော်လင့်ရပါတယ်။ တဆက်တည်းပဲ ဒီကနေ့ သောကြာနေ့ ထိုင်းနိုင်ငံ ဘန်ကောက်က မြန်မာသံရုံးမှာတော့ မြန်မာကျောင်းသား အယောက် ၂၀ ကျော် စုပြီး ကြိုတင်ဆန္ဒ ကန့်ကွက်မဲတွေ သွားပေးကြပါတယ်။ တစုံတရာ အနှောက်အယှက် မရှိပေမယ့်လို့ ထိုင်းရဲအာဏာပိုင်တွေရဲ့ မေးတာမြန်းတာတော့ ခံခဲ့ရတယ်လို့ သိရပါတယ်။