အခြေခံဥပဒေဆန့်ကျင်သူတွေကို ခြိမ်းခြောက်ရိုက်နှက် NLD ပြောဆို

မြန်မာနိုင်ငံမှာ စစ်အစိုးရဖွဲ့စည်းပုံမူကြမ်း လူထုဆန္ဒခံယူပွဲ ဆန့်ကျင်ကန့်ကွက် ဆန္ဒမဲပေးကြမယ့်သူတွေ အကြမ်းဖက် တိုက်ခိုက်ခံနေရတယ်လို့ အဲန်အယ်လ်ဒီက ဆိုပါတယ်။

မိမိတို့ ပါတီဝင်များ လှုပ်ရှားတက်ကြွသူများကို ဘယ်သူဘယ်ဝါမှန်း မသိတဲ့ လူတွေက ကိုယ်ထိ လက်ရောက် ရိုက်နှက် ထိုးကြိတ်ကြကြောင်း သွားရောက် တိုင်းတန်ကြပေမယ့်လို့ စုံစမ်းအရေးယူခြင်း မပြုဘူးလို့ အဲန်အယ်လ်ဒီက ဆိုပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စစ်အစိုးရဖက်က တုန့်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

ဒါပေမယ်လို့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး စစ်ဦးစီးချုပ်ကြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးက ပြည်သူတွေလိုလားတဲ့ ပါတီစုံ ဒီမိုကရေစီစံနစ်ကို ဖော်ဆောင်ဖို့ အခြေခံလိုအပ်ချက်တွေ တည်ဆောက်ပေးခြင်းဖြင့် ပြည်သူလူထုရဲ့ ဆန္ဒကို မှန်မှန်ကန်ကန် ဖော်ဆောင်ပေးနေကြောင်း ပြည်သူဆန္ဒကို ဦးထိပ်ပန်ဆင်ပြီး အဖျက်အန္တရာယ်မှန်သမျှကို ပြည်သူများနဲ့ လက်တွဲတွန်းလှန်နေကြောင်း ပြောဆိုသွားပါတယ်။