မြန်မာ၊ တရုတ်နဲ့ ဆူဒန်နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံတွေဖြစ်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်က ပြောဆိုလိုက်ပါတယ်။
အမေရိကန်ကွန်ဂရက်စ် လွှတ်တော်က တာဝန်ပေးထားတဲ့ သီးခြားလွတ်လပ်တဲ့ ကော်မရှင်အနေနဲ့ ၂၀၀၈ ခုနှစ်အတွင်း ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်တဲ့ အဆိုးဆုံး နိုင်ငံတွေ စာရင်းကို မနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တယ် ဆိုပြီး အထူးစိုးရိမ်ရတဲ့ အခြားနိုင်ငံတွေထဲမှာ မြောက်ကိုရီးယား၊ အီရတ်၊ ဆီးရီးယား၊ အီရန်၊ ပါကစ္စတန်၊ ဆော်ဒီ အာရေဗီးယား၊ တာခ်မန်နစ္စတန်၊ အူဘက်ကစ္စတန် နဲ့ ဗီယက်နမ် နိုင်ငံတွေကို ဖော်ပြထားပါတယ်။
ဘာသာရေး လွတ်လပ်ခွင့် ချိုးဖေါက်တဲ့ နိုင်ငံတွေအဖြစ် စောင့်ကြည့်ရမယ့် နိုင်ငံတွေ စာရင်းကိုလည်း ကော်မရှင်က ထုတ်ပြန်ပါတယ်။ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘဲလားရု(ရှ်)၊ ကျူးဘား၊ အီဂျစ်၊ အင်ဒိုနီးရှားနဲ့ နိုင်ဂျီရီးယား နိုင်ငံတွေကိုလည်း လေ့လာစောင့်ကြည့်ရမယ့် နိုင်ငံတွေ စာရင်းမှာ ထည့်သွင်းထားပါတယ်။
အီရတ်နိုင်ငံမှာ ဆွန်နီ သူပုန်တွေနဲ့ ပြည်ပက အစွန်းရောက်အဖွဲ့တွေက မူဆလင်မဟုတ်တဲ့ သူတွေရဲ့ အခွင့်အရေးကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်နေတယ်လို့ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီလို ဘာသာရေး ချိုးဖေါက်မှု အနေအထားနဲ့ ပတ်သက်လို့လည်း ကော်မရှင်အနေနဲ့ အထူး စိုးရိမ်တဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အီရတ်နိုင်ငံအတွင်း မူဆလင် မဟုတ်တဲ့သူတွေဟာ အမျိုးသားအစိုးရနဲ့ ဒေသဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေ၊ အစိုးရတပ်ဖွဲ့အသွင် ပြည်သူ့စစ်တွေရဲ့ အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံ ခံရမှုတွေ၊ ဘေးဖယ်ကန့်သတ်ခံရတွေကို ရင်ဆိုင်နေရတယ်လို့လည်း ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။