မြန်မာပြည်ကို ကူညီခွင့်ပေးဖို့ သမ္မတဘုရှ် မေတ္တာရပ်ခံ

မြန်မာနိုင်ငံအတွင်းက ဆိုင်ကလုန်းမုန်တိုင်း
ဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို ကူညီခွင့်ပေးဖို့ မြန်မာစစ်အစိုးရကို အမေရိကန်သမ္မတ ဘုရှ်
(Bush) က တိုက်တွန်းလိုက်ပါတယ်။ မြန်မာ
ပြည်သူတွေကို ကူညီနိုင်ဖို့ အမေရိကန်
ရေတပ်ကယ်ဆယ်ရေးတပ်ဖွဲ့ကို အဆင်သင့် စေလွှတ်နိုင်အောင် စီစဉ်ထားတယ်လို့လည်း
ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦး
က တင်ပြပေးထားပါတယ်။

“မြန်မာပြည်သူတွေကို ကူညီခွင့်ပေးပါ။ ကျနော်တို့ စစ်အစိုးရကို အကြောင်းကြားပါ
တယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေကို ကူညီဖို့ ခွင့်ပြုပါ” ဆိုပြီး အမေရိကန်သမ္မတ ဂျော့ချ် ဒဘလျူ ဘုရှ်က ပြောလိုက်တာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု
မှာ အရပ်သားတွေကို အမြင့်ဆုံးချီးမြှင့်တဲ့ ကွန်ဂရက်စ်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆု
ချီးမြှင့်ဖို့ အတည်ပြု လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ သမ္မတဘုရှ်က အခုလို
ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံအတွင်းက အသက်ဆုံးရှုံးခဲ့ရသူတွေကို ကူညီရေး၊ ပျောက်ဆုံးနေသူတွေကို ရှာနိုင်ရေးအတွက် အကဲဖြတ်နိုင်မယ့် အမေရိကန် ရေတပ်ကယ်ဆယ်ရေးတပ်ဖွဲ့ကို
ကျနော်တို့ စေလွှတ်ဖို့ စီစဉ်ထားပါတယ်။ အခြေအနေကို တည်ငြိမ်အောင် ကူညီနိုင်ဖို့
ပါ။ ဒီလိုကူညီနိုင်ဖို့အတွက် မုန်တိုင်းဒဏ်ကြောင့် ကြုံတွေ့ခဲ့ရတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေ
ကို အကဲဖြတ် လေ့လာတဲ့ အမေရိကန်ပြည်ထောင်စုကအဖွဲ့ကို စစ်အစိုးရဘက်က
ခွင့်ပြုဖို့ လိုပါတယ်ဆိုပြီး သမ္မတဘုရှ်က တောင်းဆိုပါတယ်။

မြန်မာပြည်သူတွေ လွတ်လပ်ရေးအတွက် ကိုယ်စားပြောဆိုရဲတဲ့ ဒေါ်အောင်ဆန်း
စုကြည်ရဲ့ ရဲစွမ်းသတ္တိ၊ မြန်မာပြည်သူတွေ လွတ်မြောက်ရေးအတွက် ကိုယ်စားပြုမှုနဲ့ အရှိန်သြဇာကြီးမှုတွေကိုလည်း သမ္မတဘုရှ်က ချီးကျူးဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်တဲ့
အချိန် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်စ်ရဲ့ ရွှေတံဆိပ်ဆုချီးမြှင့်ရေး အတည်ပြုတဲ့
လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ အမေရိကန်သမ္မတကတော် လော်ရာဘုရှ်
(Laura Bush) လည်း တက်ရောက်ပါတယ်။

ဒီအတောအတွင်း မြန်မာစစ်အစိုးရဟာ မုန်တိုင်းဒဏ်ကယ်ဆယ်ရေးကို လက်တွေ့ ထိထိရောက်ရောက် မလုပ်ဘဲနဲ့ ပြည်သူတွေရဲ့ လူမှုဒုက္ခတွေကို လျစ်လျူရှုပြီး ဖွဲ့စည်း
ပုံအခြေခံဥပဒေ အတည်ပြုရေးကိစ္စကိုပဲ အလေးထားနေတယ်ဆိုပြီး အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှုတ်ချတဲ့ကြေညာချက် ထုတ်ပြန်ထားပါတယ်။ မြန်မာပြည်သူတွေကို ကူညီဖို့နဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့အတွက်
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအကူအညီတွေ လိုအပ်နေတဲ့အကြောင်းလည်း
အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မေတ္တာရပ်ခံထားပါတယ်။