မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ

လွန်ခဲ့တဲ့တပတ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်
ကြောင့် လူတွေက အကူအညီကို စောင့်
နေကြတဲ့အချိန်မှာ ဖွဲ့စည်းပုံဆိုင်ရာ လူထု
ဆန္ဒခံယူပွဲကို စစ်အစိုးရက ဆက်လက် ကျင်းပလိုက်ပါတယ်။ မုန်တိုင်းဒဏ်ကြောင့်
လူပေါင်း အနည်းဆုံး ၆၂,၀၀၀ သေဆုံး
ဒါမှမဟုတ် ပျောက်ဆုံးနေကြပါတယ်။
ဝေဖန်သူတွေကတော့ ဆန္ဒခံယူပွဲက အတုအယောင်သာဖြစ်တယ်လို့ ဆိုပါ
တယ်။ ဘန်ကောက်မြို့ ဗွီအိုအေ အရှေ့ တောင်အာရှဗျူရိုကနေ လူးဝစ်စ်
ရာမီရက်ဇ် (Luis Ramirez) သတင်းပေးပို့ထားတာကို ဦးတင်မောင်သန်းက တင်ပြ
ပေးထားပါတယ်။

စနေနေ့က လူထုဆန္ဒခံယူပွဲကို ဒေသတချို့မှာ ကျင်းပခဲ့ပါတယ်။ ဆိုင်ကလုန်းဒဏ်
ခံလိုက်ကြရတဲ့ ဒေသတွေမှာတော့ မေလ ၂၄ ရက်ကို ရက်ရွှေ့လိုက်ကြောင်း ဒီအပတ်
အစောပိုင်းက စစ်အစိုးရက ကြေညာခဲ့ပါတယ်။

မုန်တိုင်းနဲ့ ရေကြီးခဲ့တာကြောင့် လူပေါင်း ၁,၀၀၀,၀၀၀ ကျော် ဒုက္ခရောက်ခဲ့ကြတယ်
လို့ သံတမန်တွေနဲ့ အကူအညီပေးရေးအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။ မဲလာပေး
သူ နည်းလိမ့်မယ်လို့ ပိုင်းခြားစိတ်ဖြာ သုံးသပ်သူတွေက မျှော်လင့်ကြပါတယ်။
နိုင်ငံခြား စောင့်ကြည့်လေ့လာသူတွေနဲ့ မီဒီယာကို စစ်အစိုးရက ခွင့်မပြုခဲ့ပါဘူး။
ဒါကြောင့် စနေနေ့ မဲပေးခဲ့ကြပုံကို စစ်ဆေးဖို့ မဖြစ်နိုင်ပါဘူး။

မြန်မာနိုင်ငံအတွင်းကလူတွေကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ အိမ်ပြင်ဖို့၊ အစားအသောက်နဲ့ ရေရှာဖို့ပဲ ရတက်မအေး ဖြစ်နေကြပါတယ်လို့ ပြောကြပါတယ်။
တချို့ကတော့ မဲပေးဖို့ အစီအစဉ်မရှိဘူးလို့ ဆိုကြပါတယ်။

မြန်မာနိုင်ငံရဲ့ ပြင်ပမှာတော့ အစိုးရနဲ့ သဘောကွဲသူ အဝေးရောက်ပုဂ္ဂိုလ်တွေက
ဆန့်ကျင်မဲပေးဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ကြပါတယ်။ သူတို့က ဒီ လူထုဆန္ဒခံယူပွဲ
ကို တရားမဝင်ဘူးလို့ ပြောကြပါတယ်။ စောဒေးဗစ်တာကပေါဟာ မြန်မာနိုင်ငံနဲ့
နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့က အဝေးရောက်အဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုမြန်မာ
နိုင်ငံ အမျိုးသားကောင်စီ အဖွဲ့ဝင်တယောက် ဖြစ်ပါတယ်။ သူက အခုလိုပြောပါတယ်။

“တခုလုံးသဘောအရ ပြောရရင် ဒီဖွဲ့စည်းပုံက အတုအယောင်ဖွဲ့စည်းပုံပါ။ ဒီမိုကရေစီ
မကျဘူး။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ပဲ ဖြစ်ပါတယ်။”

ဖွဲ့စည်းပုံအသစ်ဟာ ဒီမိုကရေစီ လမ်းပြမြေပုံလို့ ဗိုလ်ချုပ်ကြီးတွေကခေါ်တဲ့
လမ်းကြောင်းရဲ့ အဆင့်တဆင့်ဖြစ်ပါတယ်လို့ စစ်အစိုးရက ဆိုပါတယ်။ ၂၀၁၀ မှာ ပါတီစုံရွေးကောက်ပွဲလုပ်ဖို့ ဆိုထားပါတယ်။ ဒီရွေးကောက်ပွဲက ၁၉၆၂ က စခဲ့တဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ အစိုးရစနစ်ကို အဆုံးသတ်လိမ့်မယ်လို့ စစ်အစိုးရက
ဆိုပါတယ်။

ဒါပေမယ့် ဝေဖန်သူတွေကတော့ ဗိုလ်ချုပ်ကြီးတွေမှာ အာဏာစွန့်ဖို့ ရည်ရွယ်ချက်မရှိ
ဘူးလို့ ယုံကြည်ကြပါတယ်။ ဖွဲ့စည်းပုံသစ်မှာ ပါလီမန်အမတ် နေရာရဲ့ ၂၅% ကို
စစ်တပ်က ထိန်းချုပ်ထားပြီး မကြိုက်တာကို ပယ်ချနိုင်တဲ့ ဗီတိုအာဏာအပြည့်လည်း
ယူထားပါတယ်။ စာမျက်နှာ ၂၀၀ ရှိတဲ့ ဖွဲ့စည်းပုံကို ချမှတ်ရာမှာ ဦးဆောင် အတိုက်
အခံပါတီဝင်တွေကို ဖယ်ထားခဲ့ပါတယ်။ နိုင်ငံခြားသားကို လက်ထပ်ထားသူ ဒါမှမဟုတ်
သားသမီးက နိုင်ငံခြားသား ဖြစ်နေသူတွေကို နိုင်ငံရေးရာထူးနေရာယူခွင့် ပိတ်ပင်
ထားပါတယ်။

ဒီပြဋ္ဌာန်းချက်ဟာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေရာမယူနိုင်
အောင် ရည်ရွယ်ထားပုံရတယ်လို့ စောင့်ကြည့်အကဲခတ်သူတွေက ဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိသျှနိုင်ငံသားတယောက်နဲ့ အိမ်ထောင်ကျခဲ့ပြီး
သူ့ခင်ပွန်းက ကွယ်လွန်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၁၈ နှစ်အတွင်း နှစ်အများစုက နေအိမ်
အကျယ်ချုပ် ချထားတာကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်
ခံခဲ့ရပါတယ်။ သူမ ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀ ရွေးကောက်
ပွဲမှာ အများစုအနိုင်ရရှိခဲ့ပေမယ့် စစ်အစိုးရက အစိုးရဖွဲ့ခွင့် ဘယ်တုန်းကမှ ခွင့်မပြုခဲ့
ပါဘူး။

ဆိုင်ကလုန်းမုန်တိုင်း ဘေးအန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်ရာမှာ နှေးကွေးခဲ့တဲ့အတွက် တပ်မတော်ခေါင်းဆောင်တွေအပေါ် ဒေါသတွေ ထွက်သထက် ထွက်နေကြတယ်လို့
ပြည်တွင်းကို ဆက်သွယ်မေးမြန်းခဲ့သူတွေက စနေနေ့မှာ ပြောခဲ့ကြပါတယ်။ မုန်တိုင်း
လွန်ခဲ့တာ တပတ်အကြာမှာ ဧရာဝတီတိုင်းက ထောင်ချီတဲ့လူတွေမှာ အစားအသောက်
နဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေ မရှိကြရှာဘူးလို့ မျက်မြင်သက်သေတွေက ပြောကြပါ
တယ်။ နိုင်ငံခြားက အကူအညီပေးကြမယ့် စေတနာ့ဝန်ထမ်းတွေကို ပြည်ဝင်ခွင့် အစိုးရ
က ဆက်လက်ငြင်းပယ်နေပါတယ်။ ဒီလူတွေက ကမ္ဘာတဝှမ်းက လှူဒါန်းနေကြတဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို ကူညီဖြန့်ဝေပေးချင်ကြပါတယ်။

တပ်မတော်ခေါင်းဆောင်တွေက အကူအညီကိုတော့ လိုချင်ပါတယ်။ ဒါပေမယ့်
နိုင်ငံခြား စေတနာ့ဝန်ထမ်းတွေက မဟုတ်ဘဲ သူတို့ကပဲ အဲဒီအကူအညီပေးတဲ့ ပစ္စည်း
တွေကို ဖြန့်ချင်ကြပါတယ်။