ဘိုကလေးမြို့ ကယ်ဆယ်ရေးမှာ ပုဂ္ဂလိကအလှုရှင်တွေ ကူညီလှုပ်ရှား

မြန်မာပြည်မှာ နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတာ ၁၀ ရက်ကျော်ပြီ ဆိုပေမယ့်လည်း အကူညီတွေကို မရသေးဘဲ ပြည်တွင်းက အလှူရှင်တွေကိုပဲ အားကိုးနေရတယ်လို့ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့က ဒေသခံတွေက ပြောပါတယ။ ဘိုကလေးမြို့က ကျေးရွာဒေသက လေဘေးဒုက္ခသည် အားလုံးကို ဒီကနေ့ သင်္ဘော ၄ စင်းနဲ့ ဘိုကလေးကနေ မအူပင်မြို့ကို ပို့လိုက်ပြီလို့လည်း ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဦးသိန်းထိုက်ဦးက အစီရင်ခံထားပါတယ်။

စောစောပိုင်းတုန်းကတော့ ဘိုကလေးမြို့နယ်၊ ဓမ္မာရုံနဲ့ အ.ထ.က ကျောင်းထဲမှာ ဒုက္ခသည်စခန်း ဖွင့်ပြီးတော့ ဒုက္ခသည်တွေကို အာဏာပိုင်တွေက ထားခဲ့ပါတယ်၊ အခုတော့ အားလုံးကို အာဏာပိုင်တွေက သင်္ဘောနဲ့ မအူပင်မြို့ကို ပို့လိုက်ပြီလို့ ဒေသခံတယောက်က အခုလို ပြောတာပါ၊

“သူတို့က အခု အမိန့်နဲ့ နှင်ချနေတာပါ၊ ဓမ္မာရုံထဲမှာ ဒုက္ခသည်တွေကို ထားတယ်၊ အခု ဓမ္မာရုံကို အခု ပိတ်ပစ်လိုက်ပြီ၊ ဓမ္မာရုံထဲက အကုန်နှင်ထုတ် ပစ်လိုက်ပြီ၊ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းလေ၊
အ.ထ.က (၁) ထဲမှာလည်း မရှိတော့ဘူး၊ မအူပင်ကို ပို့တယ်၊ ဒီနေ့ဆို သင်္ဘော ၄ စီးနဲ့ မအူပင်ကို အကုန်ပို့ပစ်တယ်။”

မအူပင်ကို နောက်ဆုံးပို့လိုက်တဲ့ ဒုက္ခသည်အရေအတွက်က ဒုက္ခသည် ၄,၀၀၀ လောက်လို့ ဒေသခံက ခန်းမှန်းပါတယ်၊ ဒါပေမယ့် သီးခြားအတည်ပြုချက် မရပါဘူး၊ ဘိုကလေးမြို့ရဲ့ ၉၅ %လောက် ပျက်စီးသွားခဲ့တယ်လို့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောထားတာပါ၊ အခုတော့ အာဏာပိုင်တွေ သွားလာတဲ့ လမ်းတလျှောက်မှာ အိမ်တွေကို သွပ်ပြားတွေ တချပ်ကို ၄,၀၀၀ နှုန်းနဲ့ အကြွေး ရောင်းချတယ်လို့လည်း ဒေသခံက ပြောပါတယ်၊ ဘိုကလေးမှာ မြို့သူမြို့သားတွေ ဘယ်လို နေကြသလဲ မေးကြည့်တော့ -

“မြို့က အခု ကိုယ့်အိမ်ပေါ်မှာကိုယ် ဝါတာဖလူးလေးတွေ မိုးနေရတယ်၊ အခုလောလောဆယ် အခုလူတွေ ဘယ်လို နေကြရလဲဆိုတော့ လူတွေ ဒုက္ခရောက်နေကြတာပေါ့ အစ်ကိုရာ၊ အခုဘယ်လို လုပ်လဲဆိုတော့ ဗွီအိုင်ပီ သွားတဲ့ ကားလမ်းတလျှောက်ကို တအိမ်ထောင်ကို သွပ်အချပ် ၇၀၊ ၈၀ တချပ်ကို ၄,၀၀၀ ကျပ်နဲ့ ရောင်းတယ်၊ ဒါပေမယ့် ပိုက်ဆံကို လက်ငင်းမပေးရဘူး၊ ပိုက်ဆံကို လက်ဗွေ နှိပ်ရတယ်၊ နောက်မှပေးပေါ့နော်၊ တချပ်ကို လေးထောင်နှုန်းနဲ့ ရောင်းစားတယ်။”

အခုဆိုရင် လေဘေးဒုက္ခသည်တွေအတွက် နိုင်ငံတကာ အကူအညီတွေ မြန်မာနိုင်ငံကို ရောက်သင့် သလောက် ရောက်နေပြီဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်၊ ဒါပေမယ့်လည်း ပြည့်စုံလုံလောက်မှု မရှိဘူးဆိုပြီး သတင်းတွေက ရေးပါတယ်၊ ဒါကြောင့် မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံရတဲ့ ဒုက္ခသည်တွေ အတွက် ဘယ်လို အကူအညီတွေ ရနေပြီလဲလို့ မေးကြည့်တော့ ဒေသခံက အခုလိုပြောပါတယ်။

“နိုင်ငံတကာကပေးတဲ့ အကူအညီတွေက အခုထက်ထိ အပြင်ကို မရောက်သေးဘူး၊ ဂိုဒေါင်တွေထဲမှာ သိမ်းထားတယ်၊ ရေသန့်ဗူးကအစ အကုန်လုံးကို ဂိုဒေါင်တွေထဲမှာ သိမ်းထားတယ်။ ကုလားဗလီတို့၊ တရုတ်ဘုံကျောင်း၊ မြို့နယ်ဓမ္မရုံတို့ အဲဒီမှာ အကုန်သိမ်းထားတယ်။ အခုလောလောဆယ်က သွပ်တွေပေါ့၊ တချပ်ကို ၄,၀၀၀ နဲ့ မြို့သူမြို့သားတွေကို ရောင်းတယ်၊ အထောက်အပံ့ ပစ္စည်းတွေ ဘာမှမရဘူး။”

အခုဆိုရင် မြန်မာနိုင်ငံတဝှမ်းက အလှူရှင်တွေ အသင်းအဖွဲ့ပုံစံနဲ့ပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက အနေနဲ့ပဲဖြစ်ဖြစ် ဧရာဝတီတိုင်းကိုသွားပြီး လေဘေးဒုက္ခသည်တွေကို သွားလှူနေပါတယ်။ ဒီအလှူရှင်တွေကိုပဲ အဓိက အားကိုးနေရတယ်လို့လည်း ဒေသခံကပြောပါတယ်။

“ပုဂ္ဂလိကအနေနဲ့ ရန်ကုန်ကနေ ဆင်းလာတဲ့ ကုန်သည်တွေလေ၊ တချို့ ကုမ္ပဏီတို့၊ ရွှေသံလွင်တို့၊ တော်ဝင်တို့ အဲဒါတွေက ဒီမှာ ပုဂ္ဂလိက ဆင်းနေတယ်၊ တိုက်ကြီးက ဒိုးကြီးပဲလှော်ကလည်း ဆင်းပြီးတော့ လှူတယ်။”

မုန်တိုင်းဒဏ် ခံလိုက်ရတဲ့အတွက် လူတွေသေဆုံးနေတဲ့ပုံတွေ၊ ကလေးငယ်တွေ သေဆုံးနေတာတွေ အလောင်းတွေ ရေထဲ မျောနေတဲ့ပုံတွေ မျိုးစုံ အင်တာနက်စာမျက်နှာတွေမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်၊ ဒါကြောင့်လည်း အခုလို မုန်တိုင်းဒဏ်ခံရပြီး ၁၀ ရက်လောက် ကြာတဲ့အခါမှာ အဲဒီအလောင်းတွေ ရှိသေးရဲ့လား၊ အာဏာပိုင်တွေ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေအနေနဲ့ အလောင်းတွေကို ကောက်ပြီးပြီလား မေးကြည့်တော့ -

“ကောက်ကိုမကောက်ဘူး အစ်ကိုရ၊ အလောင်းတွေကို လုံးဝမကောက်ဘူး၊ သူ့ဟာသူ ရေစုံရေဆန် မျှောနေတာ၊ ဒီကနေ့ဆိုရင် ဘုရားကျောင်း ဒေါ်တင်မြ တံတားနားမှာ တွေ့နေသေးတယ်၊ တချို့ လက်တွေဘာတွေ အရည်ပျော်ကျနေပြီတဲ့၊ သင်္ဘောတွေဆို ရှောင်ကွင်းသွားနေရတယ်တဲ့၊ တောကတက်လာတဲ့ သူတွေကို မေးကြည့်တော့၊ လယ်ကွင်းထဲက ရေကျလို့ ကျန်ခဲ့တဲ့ အလောင်းတွေကတော့ ရွာသူရွာသားတွေက မြှုပ်တဲ့လူက မြှုပ်တာပေါ့၊ ကျင်းတွေတူပြီး မြှုပ်တယ်တဲ့၊”

ဒါကတော့ ဘိုကလေးမြို့ခံတယောက် ပြောပြတာပါ၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းက ဒုက္ခသည်တွေကို သွားလှူနေတဲ့ အလှူရှင်တယောက်ကို ဒုက္ခသည်တွေကို လှူနေတဲ့နေရာမှာပဲ ဆက်သွယ် မေးကြည့်တော့ သူက အဲဒီနေရာတွေမှာ နိုင်ငံတကာ အကူအညီတွေ လုံးဝမရောက်တဲ့အပြင် အာဏာပိုင်တွေလည်း ရောက်လာတာ မရှိဘူးလို့ ပြောပါတယ်။

“ကျနော် အခု အဲဒီကွင်းပြင်မှာပဲ ရောက်နေတာ၊ လူတွေက လောလောဆယ် ရေတွေနဲ့ဆိုတော့ ဒီလိုပဲ လာပေးတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ဒီလိုပဲ ခြစ်ကုပ်စားနေရတာပေါ့၊ ကိုယ့်အဖွဲ့လိုက်ကိုယ် ကျနော်တို့လိုပဲ လုပ်နေတဲ့ဟာမျိုးတွေ ရှိတယ်၊ အဲဒါမျိုးတွေ လာလာဝေပေးသွားတာ ရှိတယ်၊ ဒီဘက်တွေ ကတော့ ဒီလိုဗျ၊ နာမည်လည်း မရှိဘူးလေ၊ ဟိုဘက်တွေကတော့ ဟိုတနေ့က ကျနော်တို့ ရန်ကုန်ကို သွားဝေတဲ့သူတွေ ဆိုတော့ မသိအောင် ဝင်ဝင်လုပ်ရတယ်။”

ဒါကတော့ ဒုက္ခသည်တွေကို ကိုယ်တိုင်သွားလှူနေတဲ့ အလှူရှင်တယောက်ကို ဆက်သွယ် မေးမြန်းထားတာဖြစ်ပါတယ်။