မုန်တိုင်းအထောက်အကူ လက်ခံရေးတိုက်တွန်းရန် ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံ သွားဖို့ပြင်

မြန်မာနိုင်ငံက လေဘေးဒုက္ခသည်များအတွက် နိုင်ငံတကာ အထောက်အပံ့များ ပိုမိုလက်ခံဖို့ ကုလသမဂ္ဂရဲ့ ပန်ကြားချက်ကို ဒီကနေ့ ထိုင်းဝန် ကြီးချုပ် မြန်မာပြည်ကို သွားရောက်ပြီး စစ်အစိုးရကို နားချမယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ မေတ္တာရပ်ခံချက်အရ
ဝန်ကြီးချုပ် စမတ် စွန်ထရာေ၀ မြန်မာပြည်ကို သွားရောက် နားချဖို့ သဘောတူလိုက်တာ ဖြစ်တယ်လို့ ထိုင်းအစိုရက ထုတ်ပြန်ကြေညာ ပါတယ်။

အမေရိကန်နိုင်ငံက မြန်မာဆိုင်ကလုန်း လေဘေး အတွက် ပိုမိုထောက်ပံ့ ကူညီလိုကြောင်းကိစ္စကို သမ္မတ ဘုရှ်နဲ့ တရုတ်သမ္မတ ဟူဂျင်တောင်းတို့အကြား အင်္ဂါနေ့မှာ ဆွေးနွေးကြတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ကြေညာပါတယ်။ မြန်မာပြည်မှာ နာဂစ်ဆိုင်ကလုန်း လေမုန်တိုင်းကြောင့် သေဆုံးသူဦးရေ တိုးလာနေတဲ့ တချိန်တည်းမှာပဲ လေဘေးဒုက္ခသည် ထောင်သောင်းများစွာတို့ဟာ ၁၀ ရက်ကျော် ကြာလာချိန်အထိ အရေးပေါ် အထောက်အပံ့များ မရကြသေးဘူး။ အများအပြား သေဆုံးနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

သေဆုံးသူ ၃၄,၀၀၀ ကျော်သွားပြီလို့ အင်္ဂါနေ့မှာ စစ်အစိုးရက ကြေညာလိုက်ပြီး တဲ့နောက် ကုလသမဂ္ဂကတော့ သေဆုံးသူ ၁၀၀,၀၀၀ လောက်အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

အီးယူ ဥရောပသမဂ္ဂရဲ့ ထိပ်တန်း ထောက်ပံ့ရေး ကယ်ဆယ်ရေး တာဝန်ခံ လူးဝစ် မီခဲလ် ကို နိုင်ငံတကာ ကယ်ဆယ်ရေးဝန်ထမ်းများနဲ့ အထောက်အပံ့ ပစ္စည်းများကို စူးစမ်းစောင့်ကြည့်နိုင်ရေး၊ မြန်မာနိုင်ငံတွင်း ဝင်ခွင့်ပြုဖို့ စစ်အစိုးရက သဘောတူလိုက်ပြီလို့ ဥရောပ ကော်မရှင်က မနေ့က ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂက ကယ်ဆယ်ထောက်ပံ့ရေး ကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ်က ဆိုင်ကလုန်း လေပြင်း မုန်တိုင်းဒဏ် ခံရတဲ့ လူ ၁ သန်းခွဲလောက်ထဲက သုံးပုံတစ်ပုံလောက်ပဲ အထောက်အပံ့ ရကြသေးတယ်လို့ ထုတ်ပြောပါတယ်။ ကျန်းမာသန့်ရှင်းရေး ညံ့ဖျင်းမှုကြောင့် ကူးဆက်ရောဂါတွေ ပြန့်ပွားလာလိမ့်မယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်ကလည်း သတိပေးထားပါပြီ။ နိုင်ငံတကာ ကယ်ဆယ်ရေးဝန်ထမ်းများ နိုင်ငံတွင်း ဝင်ရောက်ခွင့်၊ ပစ္စည်းများ ဖြန့်ဝေခွင့်ပြုရေး ဖိအားပေးမှုကို စစ်အစိုးရက ပယ်ချထားပြီး အထောက်အပံ့ ပစ္စည်းများ လေဘေးဒုက္ခသည်များဆီ မရောက်နိုင်ဘဲ လေဆိပ်မှာ စုပြုံနေတယ်လို့လည်း ရန်ကုန်ရှိ ကုလသမဂ္ဂ တာဝန်ခံများက ပြောဆိုကြပါတယ်။

ဒီအတောအတွင်း ဒုရေတပ်ဗိုလ်ချုပ်ကြီး စိုးသိန်းက မြန်မာနိုင်ငံအနေနဲ့ ကျွမ်းကျင်တဲ့ ကယ်ဆယ်ရေး လုပ်သားတွေ မလိုအပ်သေးဘူးလို့ ပြောဆိုကြောင်း တနင်္လာနေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာက ဖော်ပြပါတယ်။ မုန်တိုင်း နာဂစ် ဘေးဒုက္ခသည်တွေအတွက် လိုအပ်ချက်တွေကို ဖြစ်နိုင်သမျှ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့တယ်လို့ သူက ပြောပါတယ်။

အမေရိကန်ရဲ့ ပထမ အထောက်အကူ လေယာဉ် မြန်မာနိုင်ငံကို တနင်္လာနေ့ကနဲ့ ဒုတိယလေယာဉ် အင်္ဂါနေ့က ဆိုက်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အိမ်ဖြူ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက မြန်မာနိုင်ငံထဲ ရောက်ရှိနေတဲ့ အထောက်အကူ ပမာဏဟာ လိုအပ်တာနဲ့စာရင် အလွန်မှ နည်းတယ်လို့ ပြောပါတယ်။ အမေရိကန် ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ရေသန့် သေတ္တာကြီး ၁၄,၀၀၀ ကျော် တင်ဆောင်ထားတဲ့ အမေရိကန် သင်္ဘောတစ်စင်းဟာ မြန်မာနိုင်ငံ ကမ်းလွန် နိုင်ငံတကာ ရေပိုင်နက်ထဲမှာ စောင့်နေတယ်လို့ ပြောကြားပါတယ်။

အာဆီယံက နောက် ၄၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ဘေးဒဏ်လေ့လာရေးအဖွဲ့ စေလွှတ်မယ်လို့ မနေ့က ကြေညာပါတယ်။ အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီး တွေက မြန်မာနိုင်ငံကို စာနာမှု အထောက်အကူ ပေးရေး ဆွေးနွေးဖို့ နောက်အပတ် စင်ကာပူနိုင်ငံမှာ စည်းဝေးပါလိမ့်မယ်။