ကုလ လူသားချင်းစာနာမှုဆိုင်ရာရုံး အကြီးအကဲ မြန်မာနိုင်ငံသွားရောက်ရေး စောင့်ဆိုင်း

နာဂစ် ဆိုင်ကလုံးမုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ နေရာတွေကို နိုင်ငံတကာ
အကူအညီ၊ အထောက်အပံ့တွေနဲ့ ကယ်ဆယ်
ရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တွေ စေလွှတ်
ဖို့ ကြိုးစားနေတဲ့နေရာမှာ ကုလသမဂ္ဂကရော အာဆီယံအသင်းကြီးကပါ မြန်မာစစ်ခေါင်း
ဆောင်တွေကို ဖျောင်းဖျပြောဆိုဖို့ ကြိုးစားနေပါ
တယ်။ ဒါနဲ့ပတ်သက်လို့ စုံစမ်းသိရှိထားသမျှ
ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂအနေနဲ့ကတော့ မနေ့က အတွင်း
ရေးမှူးချုပ် ဘန်ကီမွန်း(Ban Ki-moon)
ကိုယ်တိုင် ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံက
မုန်တိုင်းအလွန် အခြေအနေနဲ့ပတ်သက်လို့ အာဆီယံထဲက အလှူရှင်နိုင်ငံတွေနဲ့အတူ
အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။ ဒီကနေ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာကူညီမှု
ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး အကြီးအကဲ မစ္စတာ ဂျွန်ဟိုးလ်မ် (John Holmes) ကို
မကြာခင် မြန်မာနိုင်ငံကိုစေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ရုံး ပြောခွင့်ရသူ မစ်ရဲှလ် မွန်းတပ်စ် (Michelle Montas) က အခုလို ပြောပါတယ်။

“ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး အကြီးအကဲ၊
ကုလသမဂ္ဂ လက်ထောက်အတွင်ရေးမှူးချုပ် ဂျွန်ဟိုးလ်မ်ဟာ မကြာခင်ရက်အတွင်းမှာ
မြန်မာနိုင်ငံကို လူသားချင်းစာနာကူညီမှု အထောက်အပံ့တွေ သယ်ဆောင်မယ့် ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်က လေယဉ်နဲ့ သွားရောက်ဖို့ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ ပျော့ပျော့ပြောင်းပြောင်း ရှိလာတယ်ဆိုတာ မြင်လာရပေမယ့် အရေးပေါ်အကူအညီ
တွေ အမြောက်အများ လိုအပ်နေတုန်းပဲလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
က ပြောခဲ့ပါတယ်။ ဒုက္ခရောက်နေသူတွေအတွက် လူသားချင်းစာနာမှု အကူအညီ၊ အထောက်အပံ့တွေ မကြာခင်ရက်အတွင်း ရောက်ရှိဖို့ အရေးကြီးနေပါတယ်။ နိုင်ငံ
တကာအသိုင်းအဝိုင်း အထူးသဖြင့်ဆိုရင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီမြန်မာ
နိုင်ငံက လူသားချင်းစာနာကူညီမှု အထောက်အပံ့ပေးရေးကိစ္စတွေမှာ မြန်မာအစိုးရနဲ့
အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။”

မစ္စတာ ဂျွန်ဟိုးလ်မ်အနေနဲ့ အခု မြန်မာနိုင်ငံကူးဗီဇာ တောင်းခံထားပြီး ၅ ရက်အတွင်း
မှာ သွားရောက်နိုင်ဖို့ ကုလသမဂ္ဂဘက်က မျှော်လင့်ထားတယ်လို့ ပြောခွင့်ရသူက
ပြောပါတယ်။ အာဆီယံအသင်းနဲ့တော့ လာမယ့် မေလ ၁၉ ရက်နေ့ နိုင်ငံခြားရေး
ဝန်ကြီးများအဆင့် အစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကိစ္စကို ဆွေးနွေးမယ်လို့
မျှော်လင့်ရပါတယ်။ အခုလို အာဆီယံဘက်က မြန်မာနိုင်ငံကို လူသားချင်းစာနာကူညီ
မှု အထောက်အပံ့ပေးရေးကိစ္စတွေ ပြောဆိုကြမယ်ဆိုရင် တိုးတက်တဲ့လက္ခဏာလို့
ယူဆရပေမယ့် အာဆီယံအသင်းအနေနဲ့ မြန်မာအစိုးရကို နိုင်ငံတကာအကူအညီနဲ့
ကျွမ်းကျင်သူတွေ စေလွှတ်နိုင်ရေး ဖျောင်းဖျနိုင်လိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စု
ဘက်ကတော့ မယူဆပါဘူး။ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ရှောင်မက်
ကောမက် (Sean McCormack) က အခုလို ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံကို နိုင်ငံတကာအကူအညီတွေ အတော်များများ ရောက်ရှိရေး၊ ပိုပြီး
အရေးကြီးတာက ကျွမ်းကျင်သူတွေရောက်ရှိရေးကိစ္စကို ခွင့်ပြုရေး မြန်မာစစ်အစိုးရ
ကို ဖျောင်းဖျပြောဆိုဖို့ အာဆီယံအသင်းကြီးအနေနဲ့ ရှေ့တိုးဆောင်ရွက်မယ်ဆိုရင်
ဒါဟာ တိုးတက်မှုပါ။ ဒါပေမယ့်လည်း ကျနော် မထင်ပါဘူး။ အာဆီယံအသင်းကြီးအနေ
နဲ့ ဒီလိုလုပ်နိုင်လိမ့်မယ်လို့လည်း ဘယ်သူကမှ မမျှော်လင့်ပါဘူး။ ဒါပေမယ့်လည်း အာဆီယံအသင်းကြီးအနေနဲ့တော့ စစ်အစိုးရကို အပြောင်းအလဲတွေဖြစ်လာဖို့
ဖျောင်းဖျပြောဆို ကြိုးစားတဲ့နေရာမှာ အရေးပါတဲ့အခန်းမှာ ရှိနိုင်ပါတယ်။”

ဘာပဲပြောပြော နိုင်ငံတကာကျွမ်းကျင်သူတွေ မဟုတ်ပေမယ့်လို့ နိုင်ငံတကာ အထောက်အပံ့အချို့ကိုတော့ မြန်မာနိုင်ငံကို ပစ္စည်းချည်းသက်သက် ပို့လိုက်နိုင်ပါပြီ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ လက်ရှိအားဖြင့် ဒုက္ခရောက်သူ လူပေါင်း
၁၀၀,၀၀၀ ကျော်အတွက် အထောက်အပံ့အချို့ ပို့ခဲ့ပြီလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ
သူ ရှောင်မက်ကောမက်က အခုလိုပြောပါတယ်။

“အခုအနေအထားမှာတော့ ကျနော်တို့ဘက်က အကူအညီတွေ ပို့ပေးနိုင်ဖို့ အခြေအနေ ပြင်ဆင်ထားပြီးသားပါ။ အခုဆိုရင် လေယဉ်ငါးစီးနဲ့ ပို့ထားပါပြီ။ မနက်ဖြန်ဆိုရင် ပိုပြီး
တော့ လွှတ်နိုင်ဖို့ရှိပါတယ်။ ခန့်မှန်းချက်အရတော့ ကျနော်တို့အနေနဲ့ လူပေါင်း
၁၃၅,၀၀၀ ကို ကူညီနိုင်မယ့် အထောက်အပံ့တွေ ပို့ထားပါတယ်။ လက်ရှိခန့်မှန်းချက်
အရဆိုရင် ဒီ သဘာဝဘေးကပ်ဆိုးကြောင့် တနည်းမဟုတ်တနည်း ဒုက္ခရောက်နေသူ
ဟာ ၂၀၀,၀၀၀ နဲ့ ၂၅၀,၀၀၀ လောက်ရှိပါတယ်။ ဒါကြောင့် အထောက်အပံ့၊ အကူအညီ
တွေ ပိုလိုအပ်ပါတယ်။ ဒီအတွက် အကူအညီတွေ ပိုပြီးပို့နိုင်ဖို့ ကျနော်တို့ ပြင်ဆင်ထား
ပါတယ်။”

တဆက်တည်းမှာ ကုလသမဂ္ဂနဲ့ အမေရိကန်က အကူအညီတွေ မုန်တိုင်းဘေး ဒုက္ခ
သည်တွေဆီကို တိုက်ရိုက်မရောက်ဘဲ တခြားရောက်နေတယ်လို့ သတင်းတွေရနေ
တယ်လို့ မစ္စတာ မက်ကောမက်က ပြောပါတယ်။ ဒါကို စောင့်ကြည့်ဖို့ အကန့်အသတ်
ရှိနေပေမယ့် သူတို့အနေနဲ့ သတင်းကို အတည်ပြုဖို့ ကြိုးစားနေတုန်းပဲလို့ ပြောပါတယ်။ တဆက်တည်းမှာပဲ လေဘေးကြောင့် ဒုက္ခရောက်သူ စုစုပေါင်း ၂,၅၀၀,၀၀၀ ကျော်
အတွက် အထောက်အပံ့၊ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါ
တယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ မစ်ရဲှလ် မွန်းတပ်က အခုလို
ပြောတာပါ။

“ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ အပြောအရ နာဂစ် ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် နောက်ပိုင်း ကပ်ဘေးကျရောက်နေတဲ့အတွက်
အရေးပေါ်အကူအညီ လိုအပ်နေသူဟာ စုစုပေါင်း ၁.၆ သန်းနဲ့ ၂,၅၀၀,၀၀၀ ကြားမှာ
ရှိတယ်လို့ သိရပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး ရေကြီးနေတဲ့
မြစ်ဝကျွန်းပေါ်ဒေသကို သွားနိုင်ဖို့နဲ့ နောက်ပိုင်း အဲဒီမှာ မိုးအသည်းအသန်ရွာသွန်းနေ
တာတွေဟာ တကယ့်ကို အခက်အခဲတွေ ဖြစ်နေပါတယ်။ ဒါကြောင့် လိုအပ်တဲ့
အထောက်အပံ့တွေ မရောက်နိုင်ဘူး ဖြစ်နေပါတယ်။ အလွန်အမင်းစိုးရိမ်ရတဲ့အချက်
က ရောဂါဘယတွေ ထူပြောလာမယ့်ကိစ္စပါ။ အထူးသဖြင့်ဆိုရင် ဘေးဒဏ်ခံရတဲ့နေရာ
က လူတွေဟာ လိုအပ်တဲ့အထောက်အပံ့တွေရဖို့ အခြားနေရာတွေကို ရွှေ့ပြောင်း
လာတဲ့အခါပါ။”

ဒါပေမယ့်လည်း ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) နဲ့ မြန်မာ
ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးတွဲပြီး လေဘေးဒုက္ခသည်စခန်းတွေမှာ ကလေးတွေကို ကာကွယ်ဆေးထိုးပေးတာတွေကိုတော့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မြန်မာ အစိုးရဘက်ကတော့ နိုင်ငံတကာအကူအညီတွေကိုပဲ လက်ခံထားပြီး အခြားကျွမ်းကျင် သူပညာရှင်တွေကို လက်ခံဖို့ တွန့်ဆုတ်နေဆဲပါ။ တဖက်မှာလည်း ဒီအကူအညီတွေကို အစိုးရအာဏာပိုင်တွေကနေ ထိထိရောက်ေရောက် အသုံးပြုပါ့မလားလို့လည်း နိုင်ငံ
တကာမှာ စိုးရိမ်ချက်ရှိပါတယ်။

ဒါ့အပြင် ကယ်ဆယ်ရေးအကူအညီတွေ ဘယ်လောက်လိုအပ်တယ်၊ ရေရှည်အားဖြင့်
လည်း ဘယ်လိုအကူအညီမျိုးတွေ လိုနေတယ်ဆိုတဲ့ ကပ်ဘေးဆိုးနောက်ပိုင်း လိုအပ် ချက်တွေအတွက် နိုင်ငံတကာက ကျွမ်းကျင်သူတွေကိုလွှတ်ပြီး လေ့လာဖို့ နိုင်ငံတကာ၊ အထူးသဖြင့်ဆိုရင် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက လိုလားနေပါတယ်။ ဒီအတွက်
လည်း အာဆီယံရော ကုလသမဂ္ဂရောကပါ အခုဆိုရင် မြန်မာအစိုးရကို ဖျောင်းဖျနိုင်ဖို့ ကြိုးစားနေဆဲပဲ ဖြစ်ပါတယ်။