မုန်တိုင်းသင့်ဒုက္ခသည်များအရေး ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မြန်မာပြည်ခရီးစဉ်

မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေအရေးအတွက် ကုလသမဂ္ဂရဲ့ အထူးပါဝင်ကြိုးပမ်း ဆောင်ရွက်မှုအနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိစဉ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုပဒွန်ပထမ (Noppadon Pattama) နဲ့အတူ သတင်းထောက်များနဲ့ တွေ့ဆုံတဲ့အခါ မစ္စတာဘန်ကီမွန်းက သူ့ရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။

ကြာသာပတေးနေ့ မနက်မှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း၊ အဲ့ဒီနောက် မြစ်ဝကျွန်းပေါ်ဒေသက လေမုန်တိုင်းဒဏ်ခံခဲ့ရသူတွေကို ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီး ကူညီအားပေး စကားပြောကြားမှာဖြစ်ကြောင်းနဲ့ ဗိုလိချုပ်မှုးကြီးသန်းရွှေအပါအဝင် မြန်မာစစ်အစိုးရ ခေါင်းဆောင်များနဲ့လည်း တွေ့ဆုံဖို့ ရှိကြောင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မုန်တိုင်းသင့်ဒေသတွေမှာ အထောက်အပံ့ပစ္စည်းတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေ လွတ်လွတ်လပ်လပ် သွားရောက်ကူညီခွင့်ပြုနိုင်ဘို့အတွက် မြန်မာစစ်အစိုးရခေါင်းဆောင်တွေကို ဖျောင်းဖျပြောဆိုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလဲ ပြောဆိုခဲ့ပါတယ်။