အခုလာမယ့် တနင်္ဂနွေနေ့ ရန်ကုန်မှာလုပ်မယ့် ကုလသမဂ္ဂနဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအသင်းတို့က ကမကထ လုပ်တဲ့ နာဂစ်မုန်တိုင်း ကယ်ဆယ် ကူညီရေး နိုင်ငံတကာ ညီလာခံမှာ မြန်မာစစ်အစိုးရက တောင်းခံထားတဲ့ ဒေါ်လာ ၁၁ ဘီလီယံ အကူအညီငွေကို ဘယ်လိုသုံးမလဲ ဒီပမာဏ လိုအပ်တယ် ဆိုတာကိုရော စစ်အာဏာပိုင်တွေက ဘယ်လို လေ့လာ အကဲဖြတ်ခဲ့သလဲ စတာတွေအပေါ် နိုင်ငံတကာ အလှုရှင်တွေ အကြားမှာတော့ မေးခွန်း ဖြစ်နေပါတယ်။ စုံစမ်း မေးမြန်းထားသမျှ အခြေအနေတွေကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
မြန်မာစစ်အစိုးရကတော့ မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်း ပထမအဆင့် ပြီးသွားပြီး ဒုတိယအဆင့် ပြန်လည် ထူထောင်ရေး နလံထရေးကိစ္စတွေ လုပ်ဖို့ အချိန် ဖြစ်တယ်လို့ ပြောလိုက်ကတည်းက နိုင်ငံတကာက ကယ်ဆယ်ရေး လုပ်သားတွေ ကျွမ်းကျင်သူတွေ အကြားမှာ စိုးရိမ်ချက်တွေ ရှိခဲ့တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင်ကလည်း မုန်တိုင်းကြောင့် ဒုက္ခရောက်သူ ၄ ပုံတပုံကိုပဲ ထောက်ပံ့ကူညီနိုင်သေးတယ်လို့ ပြောခဲ့ပါတယ်။ နိုင်ငံတကာက အကူအညီ အထောက်အပံ့တွေနဲ့ ကျွမ်းကျင်သူ တွေကိုလည်း စစ်အစိုးရက အခုအချိန်အထိ ပိတ်ဆို့ ထားဆဲပါ။ ဒါပေမယ့် မနေ့ နေပြည်တော်မှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ၂ နာရီကြာ တွေ့ဆုံတော့ စစ်အစိုးရဖက်က နိုင်ငံခြားသား ကယ်ဆယ်ရေး လုပ်သားတွေကို လက်ခံမယ်လို့ ပြောလိုက်ပါပြီ။ ဒါကို နယူးယောက်ခ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက် ပြောခွင့်ရသူ မာရီး အိုဂါဘဲလ်က အခုလို ပြောသွားပါတယ်။
“မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေပေးရေး လက်ရှိ အရေးကြီးတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ဆွေးနွေး ပြောဆိုချက် အားလုံးမှာ သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေ ရခဲ့ပါတယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ အခု မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဒေသတွေကို နိုင်ငံတကာက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဘယ်လူမျိုးမဆို သွားရောက်ခွင့်ပြုဖို့ ဗိုလ်ချုပ်မှုးကြီးသန်းရွေက သဘောတူညီခဲ့ပါတယ်။ ဒါ့အပြင် ဒီကယ်ဆယ်ရေး လုပ်သားတွေ မြန်မာနိုင်ငံကို အမြန်ဝင်ရောက်နိုင်ဖို့ နိုင်ငံကူးဗီဇာ ထုတ်ပေးတာတွေကို အလျင်အမြန် ဆောင်ရွက်သွားမယ်လို့ သဘောတူညီခဲ့ပါတယ်။”
ဒါ့အပြင် နိုင်ငံတကာ အကူအညီတွေကို မုန်တိုင်းသင့်တဲ့နေရာကို အလျင်အမြန် ပို့နိုင်ဖို့ ရန်ကုန် လေဆိပ်ကိုလည်း နိုင်ငံတကာ အထောက်အပံ့တွေ စုပုံဖို့နေရာ အဖြစ် အသုံးပြုခွင့်ပေးမယ် - နိုင်ငံတကာ အထောက်အပံ့ အကူအညီတွေကို အရပ်ဖက်သုံး သင်္ဘောတွေ မော်တော်ငယ်တွေနဲ့ သယ်ဆောင်ခွင့် ပေးမယ်လို့လည်း မြန်မာအစိုးရဖက်က သဘောတူညီခဲ့တယ်။
ဒါပေမယ့် ဒါမျိုးဟာ စစ်အစိုးရက လုပ်နေကြ ပရိယယ်ပဲလို့ ပါမောက္ခ ဂျိုးဆက်ဆီဗာစတိုင်းက ယူဆပါတယ်။ အခြေအနေ တမျိုးပြောင်းသွားရင် စစ်အစိုးရဖက်က သူတို့ ကတိကဝတ်ကိုတောင် ချိုးဖောက်နိုင်တယ်လို့ သူက ဥပမာနဲ့ ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ သင်္ဃန်းရောင် လှုပ်ရှားမှုအပြီး ဒေါ်အောင်ဆန်းစုကြည်ကို သူကိုယ်တိုင် တွေ့ဆုံဆွေးနွေးမယ်လို့ ဗိုလ်ချုပ်မှုးကြီး သန်းရွေက ကတိပေးခဲ့ပေမယ့်လို နောက်တော့ ကြားခံ အာဏာပိုင် တစ်ဦးထားတာနဲ့ ပြီးခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စကိုလည်း မနေ့က ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရဖက်က ကတိကဝတ်တွေ ဘယ်လောက် ယုံရမလဲ မေးတော့ ပြောခွင့်ရသူ မာရီး အိုဂါဘဲလ်ကတော့ - ဒါကို ကျန်တဲ့ အဆင့်မြင့် မြန်မာ စစ်ဗိုလ်ချုပ်တွေ ရှေ့မှာပဲ သဘောတူညီချက် ကတိပေးခဲ့တာဖြစ်တယ်လို့ ဖြေခဲ့ပါတယ်။ အဲန်စီဂျီယူဘီ အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းကတော့ ဒီသဘောတူညီချက်ကို အကောင်အထည် ဖော်ရေး အမြန်လုပ်ဖို့ပဲ အရေးကြီးတယ်လို့ အခုလို ယူဆပါတယ်။
“ကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေကို လက်ခံမယ်လို့ ဆိုထားပေမယ်လို့ ဘန်ကောက်မှာ နိုင်ငံတကာက လူမှုကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ တော်တော်များများနဲ့ အဖွဲ့အစည်း တော်တော်များများက ပုဂ္ဂိုလ်တွေဟာ ဗီဇာရဖို့ ကနေ့ထိ စောင့်ဆိုင်းဆဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ကယ်ဆယ်ရေးအဖွဲ့က လူတွေမှာ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်ကိုသာ ဝင်ခွင့် ပြုထားတာ ရှိပြီးတော့ ကျန်တဲ့သူတွေက ဗီဇာ စောင့်ဆိုင်းဆဲဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ကျနော်တို့ အကောင်အထည် ဖော်မှုတွေက ကျနော်တို့ စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။”
မနက်ဖြန် ရန်ကုန်မှာ ကျင်းပမယ့် ကုလသမဂ္ဂနဲ့ အာဆီယံ ပူးတွဲကြီးမှူးကျင်းပတဲ့ နိုင်ငံတကာ ညီလာခံကို နိုင်ငံပေါင်း ၆၀ တတ်ရောက်မယ်လို့ သိထားရပါတယ်။ ဒီအထဲ ကမ္ဘာ့ဘဏ် အပါအဝင် ကုလသမဂ္ဂ အေဂျင်စီတွေ ရံပုံငွေအဖွဲ့တွေ ၁၂ ဖွဲ့လည်း တတ်ရောက်မှာပါ။ မြန်မာစစ်အစိုးရ ဖက်ကတော့ ကူညီရေးငွေ ဒေါ်လာ ၁၁ ဘီလီယံ ရရှိဖို့ မျှော်လင့်ထားပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒီညီလာခံကို မြန်မာအစိုးရက သံတမန်ရေးအရရော ငွေကြေးအရပါ အသုံးချသွားမှာကို စိုးရိမ်နေပါတယ်။ အမေရိကန် ပြည်ထောင်စုက မြန်မာ့အရေး လေ့လာသူ ဂျိုးဇက် ဆယ်ဗာစတိုင်းကလည်း အလားတူ အယူအဆရှိပါတယ်။
“ကျိန်းသေပါတယ်။ ဒါကို စစ်အစိုးရက အသုံးချဖို့ ကြိုးစားမှာပါ။ ခင်ဗျားတို့လည်း သတိထားမိပါတယ် အလှူရှင်နိုင်ငံ အတော်များများက မေးနေတာက ဒီ ဒေါ်လာ ၁၁ ဘီလီယံက ဘယ်က ထွက်လာတာလဲ၊ ဘာအတွက်လဲ ဆိုတာတွေပါ။ ဒီကိစ္စမှာ သူတို့ ကျေနပ်ကြတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါတွေကို ဘယ်အတွက် သုံးမှာလဲ၊ နောက်ပြီး ဒီအတိုင်းအတာက လိုသလောက်ရော ရှိရဲ့လား ဒါမှမဟုတ် လိုတာထက် ပိုနေလား ဆိုတာတွေလည်း သူတို့ သိကြတာ မဟုတ်ပါဘူး။ နောက်ပြီး အခုလို လိုအပ်တယ်ဆိုတဲ့ အတိုင်းအတာကို ပြောနိုင်အောင် လေ့လာ အကဲဖြတ်တဲ့ လုံလောက်တဲ့ ကာလရော ရှိသလား ဆိုတာပါ။ ပထမအဆင့် ဆိုတဲ့ ကယ်ဆယ်ရေး အခြေအနေမှာတော့ ၂၅ %ကိုပဲ ထောက်ပံ့ ကူညီနိုင်တယ် ဆိုတဲ့ အစီရင်ခံချက်တွေ ရှိနေပါတယ်။ အခုတော့ စစ်အစိုးရ ပြောနေတာက ကယ်ဆယ်ရေးလုပ်ငန်းတွေ ရှင်းလင်းရေးတွေ ပြီးသွားပြီ။ အခုတော့ ပြန်လည် တည်ဆောက်ရေးအဆင့် ရောက်နေပြီလို့ ဆိုနေပါတယ်။ ဒါကြောင့် မနက်ဖြန် အစည်းအဝေးကို ကြည့်ရမှာပါ။ အခု တောင်းတဲ့ ဒေါ်လာ ၁၁ ဘီလီယံက ဘာအတွက်သုံးမှာလဲ ဘယ်လို တွက်ချက်ထားသလဲ ဆိုတာကိုပါ။ မေးခွန်းတွေကတော့ အများကြီးရှိပါတယ်။” - လို့ ဂျိုးဇက် ဆယ်ဗာစတိုင်းက ပြောသွားတာပါ။
ဒါပေမယ့်လို့ အစည်းအဝေးတတ်လာတဲ့ နိုင်ငံအများစုကတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပိုစိတ်ဝင်စားမှာဖြစ်တာမို့လို မြန်မာအစိုးရက တောင်းနေတဲ့ ပြန်လည် ထူထောင်ရေးအတွက် ရံပုံငွေဆိုတာကို စိတ်ဝင်စားနိုင်ဦးမှာ မဟုတ်ဘူးလို့ ဒေါက်တာသောင်းထွန်းက ယူဆပါတယ်။
“အခု အစည်းအဝေး တက်ကြမယ့်နိုင်င်တချို့နဲ့ ကျနော်တို့ ဆွေးနွေးတာတွေလည်း ရှိပါတယ်။ ဆိုတော့ ကျနော်တို့ အခုအဆင့်က ကယ်ဆယ်ရေး၊ အဓိကအားဖြင့် ကယ်ဆယ်ရေးဆိုတဲ့ နေရာမှာ စားနပ်ရိက္ခာ၊ သန့်ရှင်းတဲ့ရေ၊ သောက်သုံးရေ၊ မိုးဒဏ်ကနေ ကာကွယ်နိုင်ဖို့ မိုးကာပေါ့နော်။ ဒါတွေက ဦးစားပေးဖြစ်ပါတယ်။ ကျနော်တို့ နအဖ ပြောသလို တည်ဆောက်ရေး အဆင့် မရောက်သေးဘူး။ ဒီ ကယ်ဆယ်ရေးအဆင့် ပစ္စည်းတွေကိုတောင်မှ သူတို့လက်ထဲကို မရောက်သေးတော့ ကျနော်တို့ ဆွေးနွေးမှုမှာ နိုင်ငံတော်တော်များများက ဒီ ကယ်ဆယ်ရေးကိစ္စနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို လူထုတွေကို မြန်မြန်ဆန်ဆန် ရောက်ဖို့၊ ဒါတွေမှာ ဒီလိုရောက်ဖို့ စီမံခန့်ခွဲတဲ့နေရာမှာ အဟန့်အတား ဖြစ်နေတဲ့ ခုနက ဗီဇာကိစ္စတွေ၊ နိုင်ငံတကာ ကျွမ်းကျင်သူတွေ ပြည်တွင်းမှာရောက်နေဦး။ ဆိုင်ကလုန်းဘေးဒဏ်ခံရတဲ့ နယ်တွေကို သွားခွင့်ပိတ်ထားတာတွေ ဒါတွေကို တော်တော်များများ စောင်းပေးပြီးတော့ ဆွေးနွေးကြမယ့်သဘော ရှိတယ်။ အာဆီယံရဲ့ Coordinating Mechanism မှာ ဘယ်လောက်ထိ နိုင်ငံတကာ အလှူရှင်တွေရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်မလဲ ဆိုတာတွေ၊ ဒါတွေအပေါ်မှာ အခြေခံပါလိမ့်မယ်။ နအဖ တောင်းသလောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ချက်ချင်းလက်ငင်းကြီး အစည်းအဝေးမှာ တထိုင်တည်းနဲ့ ဆွေးနွေးဖြစ်မယ်လို့ ကျနော်တို့ မထင်ဘူး။”
အခုလို ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့တောင် နိုင်ငံတကာက ကျွမ်းကျင်သူ လုပ်သားတွေ ဝင်ရောက်ခွင့်၊ အထောက်အပံ့ ပစ္စည်းတွေ တိုက်ရိုက်ပို့ခွင့်တွေ ပြည့်ပြည့်၀၀ မလုပ်နို်င်သေးတော့ အခုလို မြန်မာအစိုးရက ပြောနေဆိုနေတာ - နောက် ကုလသမဂ္ဂနဲ့ အာဆီယံက ဦးဆောင်ပြီးတော့ သံတမန်ရေးအရ ကြိုးပမ်းနေတာတွေကို အထောက်အပံ့ အကူအညီတွေ အမြန်ဆုံး လုပ်လိုတဲ့ ကျန်နိုင်ငံတွေ အထူးသဖြင့် အနောက်နိုင်ငံတွေဘက်က ဘယ်လောက်အထိ စောင့်ကြည့်နေဦးမှာလဲ မေးခွန်းတော့ ရှိပါတယ်။ ဒေါက်တာသောင်းထွန်း ဘယ်လိုယူဆပါသလဲ။ -
“ဒီကိစ္စမှာကတော့ ကျနော်တို့ သိပ်အချိန်ကြာကြာ စောင့်ကြည့်မှာ မဟုတ်ပါဘူး။ ကျနော်တို့ အချိန်နဲ့အမျှ လူ ထောင်ပေါင်းများစွာရဲ့ အသက်အန္တရာယ်တွေ ရှိတဲ့အတွက်ကြောင့်မိုလို့ မြန်မာပြည်သူလူထုအပေါ်မှာ စာနာမှုရှိတဲ့နိုင်ငံတွေဟာ ရှေ့တစ်ပတ်အတွင်းမှာ အကောင်အထည် ဖော်မှုအပေါ်မှာ သုံးသပ်ပြီးတော့ တုံ့ပြန်ဖို့ လုပ်ကြလိမ့်မယ်လို့ ကျနော်တို့ မြင်ပါတယ်။”
လက်ရှိအားဖြင့်တော့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ ထုတ်ပြန်ချက် အရဆိုရင် မြန်မာနိုင်ငံကို အကူအညီ အထောက်အပံ့တွေ လေယာဉ် ၁၃၃ စီးစာ ပို့ခဲ့ပြီး ဒီအထဲမှာ ကုလသမဂ္ဂရဲ့ အထောက်အပံ့ လေယာဉ်က ၂၂ စီးရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုလာတော့မယ့် မုတ်သုံရာသီ ဥတုကြောင့် သယ်ယူပို့ဆောင်ရေး ကိစ္စတွေ စိတ်ပူလာရတဲ့ အတွက် မြစ်ဝကျွန်းပေါ်မှာ ပြန့်ကျဲနေတဲ့ ကျွန်းငယ်တွေဆီကို အရောက်သွားနိုင်ဖို့ မော်တော်ငယ်တွေ ပိုလို့ ရရှိရေး ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။
မနက်ဖြန်လုပ်မယ့် နိုင်ငံတကာကူညီရေး ညီလာခံမှာတော့ မြန်မာအစိုးရက လိုလားနေတဲ့ ပြန်လည် ထူထောင်ရေး ရံပုံငွေထက်စာရင် နိုင်ငံတကာ အလှူရှင်နိုင်ငံတွေ ကုလသမဂ္ဂ အေဂျင်စီတွေ ကတော့ နိုင်ငံတကာက အထောက်အပံ့တွေ ကျွမ်းကျင်ရေး လုပ်သားတွေ မြန်မာနိုင်ငံထဲ ဝင်ရောက် နိုင်ပြီးတော့ ပထမအဆင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်နိုင်ရေးကို ဇောင်းပေးကြမယ်လို့ပဲ ယူဆရမှာပါ။