ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကနေ
မြန်မာနိုင်ငံ ဆိုင်ကလုံးမုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေကို ပေးအပ်နေတဲ့ စားနပ်
ရိက္ခာတွေဟာ ဇူလိုင်လလယ်လောက်မှာ ပြတ်လပ်တော့မှာမို့ ဆန်အပါအဝင် စားကုန်ပစ္စည်းတွေကို ပြည်ပကနေ
တင်သွင်းခွင့် တောင်းခံထားရပါတယ်။ ဒီအတောအတွင်းမှာပဲ ကူညီကယ်ဆယ် ရေးလုပ်ငန်းတွေအတွက် ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင် နိုင်ငံ
တွေရဲ့ စစ်ဖက်ယန္တရားတွေ၊ ပစ္စည်းတွေကို အသုံးပြုခွင့်ပြုဖို့ မလေးရှား ဒုတိယ
ဝန်ကြီးချုပ်က မြန်မာစစ်အစိုးရကို ပန်ကြားလိုက်ပါတယ်။ ဒီအကြောင်းတွေကို
စုစည်းပြီး ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
WFP အနေနဲ့ လိုအပ်တာကတော့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ စဉ်ဆက်မပြတ် တကမ္ဘာလုံးကနေ စီးဝင်နေဖို့ပဲ ဖြစ်ပါတယ်လို့ WFP ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး
မစ္စ ဂျိုဆက်တ် ရှီးရန် (Ms. Josette Sheeran) က ပြောလိုက်ပါတယ်။ သူဟာ မုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ထဲက ပထမဆုံးသော ကုလ သမဂ္ဂအေဂျင်စီတခုရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ တိုးတက်မှုတွေတော့ ရှိနေပြီ၊ ဒါပေ
မယ့် အရေးတကြီး လုပ်ဆောင်ရမှာတွေဟာ သေရေးရှင်ရေး နောက်ဆုံးအခြေအနေ
မှာ ရောက်နေပါပြီလို့လည်း သူက ဆိုပါတယ်။
WFP အနေနဲ့ လက်ရှိ မြန်မာပြည်တွင်းမှာရှိနေတဲ့ စားနပ်ရိက္ခာတွေဟာ ဇူလိုင်လလယ်
လောက်မှာ ပြတ်လပ်တော့မှာမို့ ဆန်အပါအဝင် စားနပ်ရိက္ခာတွေကို ပြည်ပကနေ
တင်သွင်းခွင့်ရဖို့ မြန်မာအာဏာပိုင်တွေဆီမှာ တောင်းခံထားရတယ်လို့ WFP ရဲ့ ဘန်ကောက်အခြေစိုက် ဒေသဆိုင်ရာရုံး ပြောရေးဆိုခွင့်ရှိသူ ပေါလ် ရစ္စလေ
(Paul Risley) က ဗွီအိုအေကို ပြောပါတယ်။
“မြစ်ဝကျွန်းပေါ်ဒေသမှာ မုန်တိုင်းဒဏ်ကနေ လွတ်မြောက်ခဲ့တဲ့ ဒုက္ခသည်တွေကို
စားရေရိက္ခာတွေ ထောက်ပံ့ဖို့အတွက် ဆန်နဲ့ တခြားစားကုန်တွေကို မြန်မာနိုင်ငံတွင်း
မှာပဲ ကျနော်တို့ ဝယ်ယူနေပါတယ်။ ဇူလိုင်လလယ်လောက်ရောက်ရင်တော့ ဒီ ဆန်နဲ့ တခြားစားကုန်တွေကို မြန်မာနိုင်ငံပြင်ပကနေ တင်သွင်းဖို့ လိုလာမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒီလို စားကုန်တွေကို တင်သွင်းခွင့်ရဖို့ မြန်မာအစိုးရဆီမှာ
ခွင့်ပြုချက် တောင်းခံထားပါတယ်။ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို စားနပ်ရိက္ခာ
ထောက်ပံ့နေတာတွေ ပြတ်တောက်သွားစေမယ့် ဘယ်လိုအခြေအနေမျိုးမှ ကျနော်တို့ မကြုံချင်ပါဘူး။” လို့ ပေါလ် ရစ္စလေက ပြောပါတယ်။
အမှုဆောင်ညွှန်ကြားရေးမှူး မစ္စရှီးရန်ဟာ မြန်မာအစိုးရကိုယ်စားလှယ်သုံးဦး၊ ကုလ
သမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်သုံးဦး၊ အာဆီယံအဖွဲ့က ကိုယ်စားလှယ်သုံးဦးစီနဲ့ ဖွဲ့စည်းထားတဲ့ သုံးပါတီ အခြေခံအလုပ်အဖွဲ့ရဲ့ခေါင်းဆောင် မြန်မာနိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး ဦးကျော်သူနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုဆွေးနွေးရာမှာ နိုင်ငံတကာက ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေ မြစ်ဝ
ကျွန်းပေါ်ဒေသ သွားရောက်ခွင့် နှောင့်နှေးကြန့်ကြာနေစေတဲ့ ဗျူရိုကရေစီ လုပ်ထုံး
လုပ်နည်း အတားအဆီးတွေကို ဖယ်ရှားပေးဖို့ မစ္စရှီးရန်က တိုက်တွန်းခဲ့ပါတယ်။
ခရီးသွားဖို့အတွက် ကြိုတင်ခွင့်ပြုမိန့် တောင်းခံရမယ့်ကာလကို အရင် သီတင်းနှစ်ပတ် သတ်မှတ်ခဲ့ရာကနေ နှစ်ရက်ကို လျှော့ချပေးခဲ့ပြီးတဲ့နောက် အခုတခါ သုံးရက်ထိ ထပ်တိုးလိုက်ပြန်ပါတယ်။
မြစ်ဝကျွန်းပေါ်ဒေသကို သွားရောက်ခွင့်ဟာ ခုချိန်ထိ အခက်အခဲဖြစ်နေရသေးကြောင်း
ပေါလ် ရစ္စလေကလည်း ပြောပါတယ်။
“မြစ်ဝကျွန်းပေါ်ဒေသက ဆိုင်ကလုံးဒဏ်သင့်လူထုဆီကို WFP ကနေ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးအပ်နိုင်စွမ်းမှာ ခရီးသွားခွင့်ဟာ အရေးပါတဲ့ အတားအဆီးတခုအဖြစ်
ရှိနေဆဲပါ။ ကျနော်တို့ရဲ့ နိုင်ငံတကာဝန်ထမ်းတွေဟာ ခရီးသွားလာခွင့်ရဖို့အတွက်
လိုအပ်ချက်တွေ၊ ခွင့်ပြုချက်ရဖို့တွေနဲ့ ဆက်ပြီး တားဆီးကန့်သတ်ခံနေရဆဲပါ။ အခု
ဆိုရင် ရန်ကုန်မှာ ကျနော်တို့ရဲ့ နိုင်ငံတကာဝန်ထမ်း ၂၆ ယောက်ကျော် ရှိနေပါတယ်။
ဒါပေမယ့် ဒီဝန်ထမ်းတွေကို မြစ်ဝကျွန်းပေါ်ဒေသဆီ စေလွှတ်ဖို့ရာမှာ အစိုးရရဲ့ ခွင့်ပြု
ချက်ရဖို့ ဆက်ပြီးတော့ အရမ်းကို ခက်ခဲနေဆဲပါ။” လို့ ပြောပါတယ်။
WFP အနေနဲ့ ဒုက္ခသည်ပေါင်း ၅၇၅,၀၀၀ တို့အတွက် ပထမအကျော့ ဆန်တွေ ဖြန့်ဖြူး ပေးခဲ့ပြီးဖြစ်ပေမယ့် မရသေးတဲ့လူတွေက အများကြီးကျန်နေသေးပြီး ဒုတိယအကျော့
တောင်မှ ထပ်ဝေရတော့မှာပါ။ အခုတကြိမ်မှာတော့ အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့ မြစ်ဝကျွန်းပေါ်ဒေသက ဒုက္ခသည် ၆၆၃,၀၀၀ အတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးဖို့ ဦးတည်ချက်ထားထားတယ်လို့ WFP ကဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းက မုန်တိုင်းဒဏ်သင့်လူထု ၂၀၀,၀၀၀ တို့အတွက်
တယောက်ကို တရက် အမေရိကန်ဒေါ်လာ ဆင့် ၅၀ နှုန်းနဲ့ သီတင်းလေးပတ်တိုင်
ထောက်ပံ့နေတဲ့ စီမံကိန်းအသစ်တခုကိုလည်း WFP က စတင်နေပါတယ်။ ရန်ကုန်
ပတ်ဝန်းကျင်မှာ ဈေးတွေပြန်ဖွင့် ရောင်းဝယ်နေပြီမို့ ဒုက္ခသည်တွေအနေနဲ့ သူတို့
လိုအပ်တဲ့ စားနပ်ရိက္ခာတွေ၊ မုန်တိုင်းအတွင်း ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေကို ပြန်ဝယ်နိုင်
ဖို့အတွက် သိပ်မများတဲ့ ဒီငွေကို ထောက်ပံ့နေတာပါလို့ ပေါလ် ရစ္စလေက ပြောပါ
တယ်။
လက်ရှိမှာ WFP ရဲ့ ရဟတ်ယာဉ်တစီးဟာ ရန်ကုန်လေဆိပ်မှာ ရောက်နေပြီဖြစ်ပြီး
အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပေါလ် ရစ္စလေက ပြောပါတယ်။ ဒါ့အပြင်
နောက်ထပ် ရဟတ်ယာဉ်ကိုးစင်းဟာလည်း ထိုင်းနိုင်ငံမှာ ရောက်နေပြီဖြစ်ပြီး မြန်မာ
နိုင်ငံဆီပျံသန်းဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ နောက် ရက်အတော်ကြာကြာအတွင်းမှာ ဒီရဟတ်ယာဉ်တွေ မြန်မာနိုင်ငံဆီသွားနိုင်ဖို့ ပေါလ် ရစ္စလေက မျှော်လင့်ထားပါတယ်။
ဒီအတောအတွင်းမှာပဲ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်ဖက်ဆိုင်ရာ အထောက်အကူ
ပစ္စည်းတွေကို အသုံးပြုပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခွင့်ပြုဖို့ မလေးရှား
ဒုတိယဝန်ကြီးချုပ် ဒါတွတ်ခ် ဆယ်ရီ နာဂျစ်ဘ် (Datuk Seri Najib) က မြန်မာအစိုးရ
ကို ပန်ကြားလိုက်ပါတယ်။ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်ပမာဏဟာ ၂၀၀၄ ခုနှစ်
ကဖြစ်ခဲ့တဲ့ ဆူနာမီ ငလျင်ရေလှိုင်းဒဏ် ပမာဏထက်ကို ကြီးတာမို့ လူတွေ ဘေးဒုက္ခ
ကျရောက်မှု အနည်းဆုံးဖြစ်အောင် ကူညီကယ်ဆယ်ရေးအတွက် အာဆီယံရဲ့စစ်ဖက်
ကို ပိုကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခွင့်ပြုသင့်တယ်လို့ သူကပြောပါတယ်။
စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ကျင်းပခဲ့တဲ့ လုံခြုံရေးဆိုင်ရာ အဆင့်မြင့် နှစ်ပတ်လည်ညီလာခံတခုအတွင်း မလေးရှား ဒုတိယဝန်ကြီးချုပ်က ပန်ကြားခဲ့တာဖြစ်
ပါတယ်။ အဲဒီညီလာခံကို မြန်မာ ဒုတိယကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်လည်း တက်ရောက်ခဲ့ပေမယ့် မလေးရှား ဒုတိယဝန်ကြီးချုပ်ရဲ့ ကမ်းလှမ်းချက်နဲ့ပတ်သက်လို့
ဘာမှ အကြောင်းပြန်ကြား ပြောဆိုခဲ့တာ မရှိပါဘူး။ အဲဒီအစား သူတို့အစိုးရအဖွဲ့အနေ
နဲ့ မုန်တိုင်းဒဏ်သင့်လူထု ကူညီကယ်ဆယ်ရေးကို အလျင်အမြန် လုပ်ဆောင်ခဲ့တဲ့
အတွက် ဒုက္ခသည်တွေအားလုံးကို အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးခဲ့ပြီး
ပြီမို့ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ အရှိန်မြှင့်နိုင်
တော့မယ်လို့ သူယုံကြည်ပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန်ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်တ်စ် (Robert Gates)
ကတော့ ဒုက္ခသည်တွေအပေါ် မြန်မာစစ်အစိုးရရဲ့ လျစ်လျူပြုမှုဟာ ရာဇဝတ်မှုမြောက်
လောက်တဲ့ထိ ဖြစ်တဲ့အတွက် အပြစ်ရှိနေတယ်လို့ အဲဒီညီလာခံမှာပဲ အပြင်းထန်ဆုံး
ဝေဖန်ခဲ့ပါတယ်။