မုန်တိုင်းကာလ အကျဉ်းသားများကို ပစ်သတ်မှု စုံစမ်းရန် ကုလ ကိုယ်စားလှယ် တောင်းဆို

လွန်ခဲ့တဲ့လ နာဂစ်မုန်တိုင်းကျတဲ့ ကာလအတွင်း အကျဉ်းသား ၃၆ ယောက် ကို ပစ်သတ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ စုံစမ်းစစ်ဆေးဖို့ စစ်အစိုးရကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေက အကျဉ်းသားတွေကို အဲဒီလို ပစ်သတ်လိုက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စစ်အစိုးရက တုံ့ပြန်ပေးဖို့ ကိုယ်စားလှယ် အသစ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီရေးအဖွဲ့ (AAPPB) ရဲ့အဆိုအရ၊ အဲဒီလို ပစ်ခတ် သတ်ဖြတ်မှုဟာ လေမုန်တိုင်း ကျပြီး နောက်နေ့ မနက်ခင်းမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် နှစ်ထပ် အိပ်ဆောင်တခုမှာ မုန်တိုင်းကြောင့် အမိုးတွေ လန်၊ ရေတွေ ဝင်၊ အကျဉ်းသားတွေလည်း မိုးတွေစိုရွှဲ နေကြပေမယ့်၊ မနက် အိပ်ဆောင်ကို ထောင်အာဏာပိုင်တွေက ဖွင့်မပေးခဲ့ကြပါဘူး။ AAPPB က ကိုတိတ်နိုင် က အခုလို ပြောပြပါတယ်။

“အကျဉ်းသားတွေက မိုးရွာထဲမှာ ဒီအတိုင်း နေနေခဲ့ရတယ်။ နောက်ဆုံး မခံမရပ်နိုင်တဲ့အဆုံး အကူအညီ တောင်းတယ်။ တောင်းလို့မရတဲ့အခါကျတော့ ထွက်ပေါက်ရှာတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ တချို့ နှစ်ကြီးသမားတွေ ရှိတယ်။ အဲဒီလူတွေက တိုင်တွေကို မီးရှို့တဲ့ အခြေအနေမျိုးအထိ ဖြစ်သွားတယ်လို့ ကျနော်တို့ သိရတယ်။ အဲဒီလို မီးလောင်တဲ့အခါ တချို့ အကျဉ်းသားတွေက တံခါးတွေဖွင့်၊ တွန်းဖွင့်ပြီးတော့ ပြေးမိပြေးရာ လျှောက်ပြေးနေတဲ့ အနေအထားမျိုးတွေ ဖြစ်တယ်။ အဲဒီ်အချိန်မှာ ထောင်အာဏာပိုင်တွေက ထောင်တံခါးလည်း မဖွင့်ပေးဘူး။ အခန်းတံခါးလည်း မဖွင့်ပေးဘူး။ မဖွင့်ပေးတဲ့အပြင် အဲဒီ ဘယ်ကို ပြေးလို့ပြေးရမှန်းမသိတဲ့ အကျဉ်းသားတွေကို တုတ်တွေနဲ့ ရိုက်တယ်။ ခါးပတ်တွေနဲ့ ရိုက်တဲ့ အခြေအနေမျိုးတွေ ဖြစ်တဲ့အခြေအနေမှာတော့ မနက် ၉ နာရီ ၁၀ လောက်ကျတော့ သေနတ်တွေနဲ့ ပစ်တယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ ၃၆ ယောက် သေတယ်လို့ ကျနော်တို့ သတင်းရပါတယ်။”

မြန်မာ အာဏာပိုင်တွေကတော့ ထောင် လုံခြုံရေးတပ်ဖွဲ့တွေ ဒါမှမဟုတ် စစ်တပ်က အဲဒီလို ပစ်ခတ်ခဲ့တာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ အခုလို ပြောခဲ့ပါတယ်။

“မုန်တိုင်းကျနေတဲ့ အတောအတွင်း၊ အင်းစိန် အကျဉ်းထောင်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ အဖြစ်အပျက်အတွင်း ဘယ်သူမှ မသေခဲ့သလို အနာတရလည်း မရခဲ့ကြပါဘူး။ အကျဉ်းထောင် လုံခြုံရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ဟာ ဘယ်အခြေအနေမှာမှ အကျဉ်းသားတွေကို လက်နက် အသုံးပြုခြင်း မရှိခဲ့ပါဘူး။” - လို့ မြန်မာသံအမတ်ကြီးက ပြောသွားခဲ့တာပါ။

ဒါပေမယ့် အဲဒီလို ထောင်ထဲမှာ ကစဉ့်ကလျား ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး၊ ထောင် အာဏာပိုင်တွေက စစ်ကြောရေး ဝင်ခဲ့ပြီး အကျဉ်းသားပေါင်း ၉၈ ယောက်ကို တိုက်ပိတ်ခဲ့တယ်လို့ ကိုတိတ်နိုင်က ဆိုပါတယ်။

“တိုက်ပိတ်တဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသား ၇ ယောက်ပါတယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီလို စစ်ကြောရင်းနဲ့ ၄ ဦး ထပ်ပြီး သေဆုံးသွားတယ်လို့ ကျနော်တို့ သိရတယ်။”

လူ့အခွင့်အရေးအဖွဲ့တွေက အဲဒီလို ရိုက်နှက် ပစ်ခတ်တာကို စိတ်ထင်သလို သတ်ဖြတ်မှုလို့ ခေါ်ခဲ့ကြပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား က ဒီကိစ္စ ရှင်းလင်းသွားအောင် စုံစမ်းစစ်ဆေးရာမှာ မြန်မာစစ်အစိုးရ အနေနဲ့ ပွင့်လင်း မြင်သာတဲ့ စုံစမ်းစစ်ဆေးမှု လုပ်သင့်တယ်လို့ ဆိုပါတယ်။

အကျဉ်းသားတွေထောင့်က ပြောရင်၊ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုကို ဘယ်လို နားလည်ကြပါသလဲလို့ ကိုတိတ်နိုင်ကို မေးကြည့်တဲ့အခါ အခုလို ပြောပါတယ်။

“အကျဉ်းထောင်ထဲက လူတွေ ပြောပြချက်အရကတော့ အိုင်စီအာစီ ကို စုံစမ်းစစ်ဆေး စေချင်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကို စုံစမ်းစစ်ဆေးစေချင်တယ်။ ဘယ်လို စစ်ဆေးရမလဲ ဆိုတဲ့ဥစ္စာလည်း သူတို့က ပြောထားတာ ရှိပါတယ်။”

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က အာရှ တာဝန်ခံ မစ္စတာ ဘရတ် အဒမ် (Brad Adam) ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန် အကျဉ်းထောင်ကို သွားရောက် စစ်ဆေးစဉ်က အကျဉ်းထောင်ထဲမှာ စစ်အစိုးရက အသံဖမ်း စက်တွေ တပ်ခဲ့တဲ့အဖြစ်ကို ပြန်ပြောင်း ပြောပြရင်း စစ်အစိုးရ လုပ်ဆောင်သင့်တဲ့ အချက်တွေကို အခုလို ဗွီအိုအေကို ပြောပါတယ်။

“အကျဉ်းသားတွေကို လွတ်လပ်စွာ တွေ့ဆုံခွင့် ပေးသင့်ပါတယ်။ ဒါမှ အကျဉ်းသားတွေဟာ အာဏာပိုင်တွေက သူတို့ ပြောတာကို ကြားသွားမှ မစိုးရိမ်ဘဲ သူတို့ သိသမျှ ပြောနိုင်ကြမှာပါ။ တခါက ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ပင်ညဲရိုး အဲဒီလို တောင်းဆိုစဉ်က အစိုးရက ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် သူ အကျဉ်းသားကို တွေ့ဆုံမေးမြန်းတဲ့အခါ၊ စာပွဲအောက်မှာ လျှို့ဝှက် အသံဖမ်းစက် တပ်ထားတာ တွေ့ရပါတယ်။ အစိုးရကို မယုံကြည်နိုင်တော့ တာကြောင့် သူ တိုင်းပြည်က ချက်ချင်း ပြန်ထွက်လာခဲ့တာကို ခင်ဗျား မှတ်မိကောင်း မှတ်မိမှာပါ။” - လို့ သူက ပြောသွားတာပါ။

တကယ်လို့ အစိုးရက အဲဒီလို စုံစမ်းစစ်ဆေးမှု မလုပ်ဘူး ဆိုရင်တော့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ဟာ ဒီကိစ္စကို လူ့အခွင့်အရေး ကောင်စီကို ယူသွားပြီး၊ မြန်မာနိုင်ငံဆိုင်ရာ အထူး အစည်းအဝေး တစ်ရပ်ကို တောင်းဆိုသင့်တယ်။ ပြီးတော့ လုံခြုံရေးကောင်စီကိုလည်း တင်ပြ သင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့မှ အာရှတာဝန်ခံ မစ္စတာ ဘရတ် အဒမ်က ပြောသွားတာ ဖြစ်ပါတယ်။