ဟိုင်းကြီးကျွန်းမှာ ကယ်ဆယ်ရေးပစ္စည်း ဖြန့်ဝေမှု မမျှတ

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းဘက်မှာ မုန်တိုင်းဒဏ်ခံထားရတဲ့ ပြည်သူတွေအတွက် ကူညီ ကယ်ဆယ်ရေး ပစ္စည်းတွေကို စစ်ဘက်နဲ့ အရပ်ဘက်ခွဲခြားပြီးတော့ ဝေမျှတာကို ခံနေရပါတယ်တဲ့။ ခက်ခက်ခဲခဲ လာရောက် လှူဒါန်းနေတဲ့ ပုဂ္ဂလိက အလှူရှင်တွေရှိပေမယ့် ဒုက္ခသည်တွေဟာ နောင်ရေး အတွက် ရိက္ခာစိတ်မချရလို့ ချွေတာ စားသောက်နေကြရပါတယ်။ လူသေ အလောင်းတွေလည်း မရှင်းရသေးတဲ့အတွက် အဲဒီဒေသဘက်သွားပြီးတော့ လှူဒါန်းတဲ့ ပုဂ္ဂလိက အလှူရှင်တွေမှာလည်း အခက်အခဲတွေ တွေ့နေရပါတယ်။ အဲဒီလို သွားပြီးတော့ လှူဒါန်းတဲ့ စေတနာရှင် အဖွဲ့တဖွဲ့ကို ဦးရော်နီငြိမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

“ကျွန်တော်တို့ရွာရဲ့ ချောင်းထဲမှာ အလောင်းတွေကတော့ ပြန့်ကျဲနေတာပဲခင်ဗျ။ အစိုးရဘက်က ဘာမှ ထောက်ပံ့မှုလည်း မရှိဘူး။ ရှင်းလင်းမှုဆိုတာက ဝေးရော။ အစိုးရထောက်ပံ့မှုဆိုတာက ကျွန်တော်တို့ သွားတဲ့ တလမှာလေ ယံယံ ခေါက်ဆွဲလေး တထုတ်၊ ကြက်သွန် ၂တက်၊ အာလူး ငါးလုံး အဲဒါပဲ ရခဲ့ဖူးတယ်ပေါ့။”

အစိုးရ ဝန်ထမ်းပိုင်းတွေမှာရော ဘယ်လိုရှိသလဲခင်ဗျ။

“ဟိုင်းကြီး ရေတပ်က သတင်းကြားကတည်းက တောင်ပေါ်တက်နေကြတာကိုး။ စစ်သဘောၤာ ကတော့ ကမ်းပေါ်တင်နေတဲ့ကောင်တွေလည်း တွေ့နေရတယ်။ သူတို့ကတော့ အပြင် ထောက်ပံ့ မှုတွေ ကိုလည်း မှီပြီးတော့ ယူထားတဲ့ဟာတွေလည်း ရှိကြတာကိုး။ နိုင်ငံတကာက လှူထားတဲ့ ရေသန့်စက် နှစ်လုံးရတယ်။ အဲဒီရေသန့်စက်ကို ဟိုင်းကြီး ရေတပ်ကလာပြီးတော့ သိမ်းသွားတယ်။ သူတို့ အကြောင်းပြတာကတော့ အဲဒီမှာ သုံးမယ့် လျှပ်စစ်က မရှိတဲ့အတွက် မင်းတို့နဲ့မဆိုင်ဘူးဆိုပြီး ရေတပ်က လာယူသွားတာပဲဗျ။ ပြည်သူအတွက် ရေသန့်ဗူး တစ်ဗူးပေးရင် သူ့စစ်သား အတွက်ကတော့ ရေသန့်ဗူး ကဒ်လိုက်ကို ပေးတာခင်ဗျ။ အိမ်ထောင်စုအတွက် ၁၀ယောက်ကို တဗူးပေးနေတဲ့အချိန်မှာ စစ်သားတယောက်ကို ရေသန့် တကဒ်အဲလိုအထိပေးတယ်။ ဒါဟာ အရပ်သားနဲ့ စစ်သား ခွဲခြားထားမှုပေါ့။ ပြည်သူကဝေနေတာကတော့ အရပ်သားကို အဓိကထားပြီး ထောက်ပံ့တာပေါ့ဗျာ။ အခွင့်အလမ်းချင်းကတော့ ဘယ်တူမလဲ။ အရပ်သား ဝန်ထမ်းလည်း ပြည်သူလူထုနဲ့ တန်းတူညီတူပဲ တန်းစီပြီး ခွဲတန်းလာယူနေရတာပဲ။ ”

သွားလှူတဲ့အခါမှာရော အာဏာပိုင်တွေဘက်က အခြေအနေဘယ်လိုရှိလဲ။

“လှူခဲ့တဲ့ ရွာတွေရဲ့ အလှူစာရင်းတွေ ပစ္စည်းစာရင်းတွေကို သူတို့က တောင်းတယ်ခင်ဗျ။ လူဦးရေ အချိုးနဲ့ သူတို့က တွက်ထားတယ် ထင်ပါတယ်။ ဒီရွာတွေမှာ ဟိုင်းကြီး မြို့နယ်ခွဲ လက်အောက်မှာရှိတဲ့ ရွာတွေမှာ လူဦးရေ ဒီလောက်ရှိတယ်။ အဲဒါကြောင့် ဒီလောက်ပဲရသင့်တယ်။ ကျောက်ကလပ်ဆိုရင် ၂၁ရာခိုင်နှုန်း၊ ဟိုင်းကြီးကျွန်းဆိုရင် ၅၀ ရာခိုင်နှုန်းဆိုပြီး ခွဲတမ်းချထားတာပေါ့။ လှူခဲ့တဲ့ ပစ္စည်းစာရင်းပေါ်ကို သူတို့က မှတ်ထားတယ်။ ခွဲတမ်းကျလာရင် ကျွန်တော်တို့ လှူခဲ့တဲ့ ပစ္စည်းကို ပြန်နုတ်ယူမှာ။ ရွာသားတွေကလည်း ကျွန်တော်တို့ တိုက်ရိုက်လှူတာကိုပဲ လိုချင်တယ်။ ကျွန်တော် တို့ ထောက်ပံ့တဲ့ ရိက္ခာကိုပဲ ချွေတာပြီး စားနေကြရတာ။ တချို့ဆို ထမင်း တနပ်ပဲ စားနိုင်တယ်။ ကျွန်တော်တို့ ပေးတာ အားလုံး မစားရဘူး။ နောက်ထပ်မရောက်လာရင် ထမင်းငတ်မယ် ဆိုပြီး ဒါတွေကို စုဆောင်းထားရတာ။ ထောက်ပံ့လာမယ့် သတင်းကို ပဲ ထိုင်ပြီး မျှော်နေကြရတာ။ မရကတို့က ဆန်လှူမယ်ဆိုပြီး ဆန်စုနေတာကြာပြီ။ ဆန်တွေ ဒီအတိုင်းပုံထားတာ ကြာပြီ။ ကြွက်စာ၊ ငှကခ်စာပဲ ဖြစ်နေတာ။ ဟိုကို မရောက်နိုင်ဘူး။ ဆန်တွေက ရရကတို့ကလာတော့ ထည့်လိုက် ရတာပဲ၊ မရောက်ဘူးဆိုတာလည်း သိနေရတာပဲ။ ရရကက ကျွန်တော်တို့ အရင် စုထားပေမယ့် ကျွန်တော်တို့တောင် ၂ခေါက်ရှိနေပြီ၊ ကျွန်တော်တို့အရင် ရရကက စုထားတဲ့ ဆန်တွေက ဒီအတိုင်းပဲ ပုံလျက်ပေါ့။ နေရာမရွေ့သေးဘူး ရွာမှာ။ အစိုးရအဖွဲ့အစည်းက မပို့နိုင်ဘူးဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ ပုဂ္ဂလိက အဖွဲ့အစည်းတွေတောင် မရောက်ရောက်အောင် ပို့နိုင်သေးတာပဲ။”