ကျောင်းဆောက်ရေး နိုင်ငံတကာအလှူများ အကြွေးဖြင့် ရောင်းချနေ

လေဘေးဒဏ်သင့်ရာ ဒေသတွေမှာ အခုတပတ်ထဲကပဲ ကျောင်းတွေပြန်ဖွင့်လိုက်ပေမယ့် ကလေးငယ်တွေအနေနဲ့ ကျောင်းပြန်တက်နိုင်ဖို့ အခက်အခဲတွေ ရှိနေဆဲဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချို့နေရာတွေမှာ ဆိုရင်လည်း အာဏာပိုင်တွေက ကျောင်းဆောက်လုပ်ရေးအတွက် အသုံးပြုရမယ့် ပစ္စည်းတွေကို ယာယီအဖြစ်သာ ပေးအပ်နေတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ကျောင်းဖွင့်ရာသီရောက်လို့ လေဘေးဒဏ်သင့်ခဲ့တာကို ခဏထားပြီး ကျောင်းသားတွေ ကျောင်းပြန်တက်နေကြရပေမယ့် အခက်အခဲတွေကတော့ ကြုံနေကြရဆဲဖြစ်တယ်လို့ ပြောနေကြတာပါ။ မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ဒေသတွေမှာ ကျောင်းဖွင့်ရက်တွေကို ယာယီရွှေ့ဆိုင်းထားခဲ့ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ ဒီကျန်တဲ့ဒေသတွေမှာ ကျောင်းတွေကို ပြန်ဖွင့်လိုက်တာပါ။ ဒါပေမယ့်လည်း လေမုန်တိုင်းဒဏ် ခံခဲ့ရတဲ့နောက် စာသင်ခန်းလို အခြေခံလိုအပ်ချက်တွေ၊ နောက် စားဝတ်နေရေး ပြဿနာတွေ ရင်ဆိုင်နေရဆဲဖြစ်တာမို့ ကျောင်းပြန်တက်ဖို့ အခက်အခဲတွေက ရှိနေတာပါ။ ကျောင်းဖွင့်ရာသီ ကြုံနေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ဘိုကလေးမြို့က စေတနာ့ဝန်ထမ်း ကူညီကယ်ဆယ်ရေး လုပ်နေသူတယောက်က ပြောပြတာကတော့…

“ကျောင်းဖွင့်ဖို့က တော်တော်ကို အခက်အခဲရှိနေတယ်။ လိုအပ်ချက်ကတော့ အဆောက်အဦးပဲ။ အဆောက်အဦးက ယာယီကို လုပ်နိုင်တဲ့အနေအထား မရှိသေးဘူး။ နောက်တခုက ကျောင်းသားတွေကလည်း ကျောင်းတက်ဖို့အတွက် လောလောဆယ် စားဖို့သောက်ဖို့၊ နေဖို့ထိုင်ဖို့တောင် အခက်အခဲ ဖြစ်နေတဲ့အခါကျတော့ ကျောင်းသွားတက်ဖို့ဆိုတာ ပြဿနာရှိတယ်။

“နောက်တခုက ရွာတွေမရှိတဲ့အခါကျတော့ ရွာတွေက ဟိုမှာပေါင်းနေ၊ ဒီမှာပေါင်းနေရတဲ့ အနေအထားမှာ ရွာ သုံးလေးရွာပေါင်းမှ ကျောင်းက တကျောင်းလောက်ပဲရှိတယ်။ အဲတော့ တခြားရွာတွေက ကျောင်းရှိတဲ့ရွာကို သွားတက်ပေါ့။ တခြားရွာတွေကလည်း ကျောင်းသားက မရှိဘူး။ ကျောင်းလည်း မရှိဘူး။ ပေါင်းနေရတဲ့အနေအထား ဖြစ်တဲ့အခါကျတော့ အဲဒီမှာ ကျောင်းသားပြဿနာတွေလည်း ရှိတယ်။ လောလောဆယ် မိဘတွေက စားဖို့သောက်ဖို့၊ နေဖို့ထိုင်ဖို့ကို ပြင်ဆင်နေရတယ်။ အဲတော့ ကျောင်းက မတက်နိုင်ကြသေးဘူးပေါ့။ အဲဒီအနေအထားရှိတယ်။”

ကုလသမဂ္ဂ ကလေးငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) ကတော့ လေမုန်တိုင်းဘေးဒဏ်ကြောင့် ခန့်မှန်းချေ ကျောင်းသားကလေးငယ် ၁.၁ သန်း တက်ရောက်နေတဲ့ ကျောင်းပေါင်း ၄,၀၀၀ လောက် ထိခိုက်ပျက်စီးခဲ့တယ် ဆိုပြီးတော့ ပြောဆိုထားတာပါ။ ပြန်လည်ထူထောင်ရေးလုပ်ငန်း တစိတ်တဒေသအဖြစ် ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ဟာ အရေးပါတဲ့ လုပ်ငန်းစဉ်တခုအဖြစ်လည်း UNICEF က ပြောဆိုထားတာပါ။ ဒါပေမယ့်လည်း အခုလို ကျောင်းပြန်ဖွင့်ချိန်မှာတော့ တချို့နေရာတွေမှာ အာဏာပိုင်တွေဘက်က ကျောင်းဆောက်လုပ်ရေး အထောက်အကူပစ္စည်းလို နိုင်ငံတကာက ထောက်ပံ့ထားတဲ့ ပစ္စည်းတွေကို ယာယီသဘောသာ ပေးကမ်းနေတယ်ဆိုပြီးတော့ ဒေသခံတွေက စောဒကတက်သံတွေလည်း ထွက်ပေါ်နေတာပါ။

“ပညာရေးကိစ္စ မနေ့တုန်းက Eleven မှာ ဖတ်လိုက်ရတယ်။ ကျောင်းတွေ တလဆုတ်တယ်ဆိုတဲ့ကိစ္စကို Confirm ဖြစ်အောင် ရေးထားတယ်။ အမှန်တကယ် ဒီမှာက အဲဒီလိုမဟုတ်ဘူး။ ကျောင်းတွေကို အခုဖွင့်ခိုင်းတယ်။ နောက်တခုက ကျောင်းပေါင်း ၇၀၀ ကို ကုမ္ပဏီကနေ ဆောက်မယ်ဆိုပြီး ယာယီတဲတွေပေါ့။ ကျေးလက်ကကျောင်းတွေကို တနင်္လာနေ့မှာ စသင်ရမယ်ဆိုတော့ အဲဒီကျောင်းတွေကို ရွက်ဖျင်တဲတွေ ကြိုထုတ်ပေးတယ်။ ထုတ်ပေးတာလည်း On Loan ပေါ့။ ကျနော်တို့သိရတာကတော့ ဒါတွေကို ယူအန်ကနေ အပြီးထုတ်ပေးတာ။ ဒါပေမယ့် ဒီမှာ On Loan လုပ်နေတယ်။ ပြန်သိမ်းမယ်လို့ ဖြစ်နေတယ်။”

ကျောင်းဖွင့်ရာသီ ကြုံနေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ဘိုကလေးမြို့က စေတနာ့ဝန်ထမ်း ကူညီကယ်ဆယ်ရေး လုပ်နေသူတယောက်က ပြောပြသွားတာပါ။ အစောပိုင်းမှာတုန်းကလည်း လေမုန်တိုင်းဘေးဒဏ်သင့်လို့ ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ အခြေတကျ မဖြစ်သေးတဲ့အချိန်မှာ သူတို့ခိုလှုံနေရတဲ့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကနေ အာဏာပိုင်တွေက အတင်းအကျပ် ဖယ်ရှားတာတွေ၊ နေရပ်ရင်းမှာ ကလေးငယ်တွေ ကျောင်းပြန်တက်နိုင်ဖို့ ဒုက္ခသည်တွေကို ပြန်ပို့တာတွေ ရှိခဲ့တာကြောင့်လည်း ပြည်တွင်းပြည်ပက စိုးရိမ်သံတွေ၊ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။