မြန်မာ့နိုင်ငံရေးပြောင်းလဲမှုတွေ အတွက်
ပိုမိုအလေးပေးဆောင်ရွက်နိုင်ဘို့အတွက် မြန်မာ့အရေး ဥရောပ ပါလီမန် အမတ်များအဖွဲ့
European Parliamentary Caucus on Burma (EPCB) ကို ဖွဲ့စည်းခဲ့ပါတယ်။
ဥရောပ နိုင်ငံ (၈) နိုင်ငံက ပါလီမန်အမတ်များနဲ့ ဇွန်လ (၁၉) ရက် နေ့က ဖွဲ့စည်းခဲ့တာပါ၊ အခုလိုEPCB ဖွဲ့စည်းခဲ့မှုနဲ့ ပတ်သက်လို့ ဘဲလ်ဂျီယံ နိုင်ငံအခြေစိုက် ဥရောပမြန်မာရုံးရဲ့ ညွှန်ကြားရေးမှုး ဦးဟန်ညောင်ဝေက အခုလို ပြောဆိုပါတယ်။
"ဘာကြောင့် ဒီအဖွဲ့ဖွဲ့လိုက်တာလဲဆိုတော့ အရင်တုန်းကဆိုရင် အဖွဲ့မရှိဘူး။ အရေးပေါ်တဲ့အချိန်မှာ တယောက်နဲ့ တယောက်လိုက်ညှိရတယ်ဆိုတော့ အချိန် နည်းနည်းကြာတယ်။ ဆုံးဖြတ်ချက်တွေချဖို့အတွက်။ အခုလိုမျိုး သူတို့ကလည်း အာစီယံက AIPMCအဖွဲ့ပုံစံလိုမျိုး ဥရောပ သမဂ္ဂမှာရှိတဲ့ ပါလီမာန်အမတ်တွေ တစုတစည်းထဲဖြစ်အောင် ဒီမှာ အဖဲ့ွတဖွဲ့ ဖွဲ့လိုက်တာပဲဖြစ်တယ်။ ကျွန်တော်ထင်တာက အရင်ကထက်ပိုပြီးတော့ အားရှိမယ်။ ဘာကြောင့်လည်း ဆိုရင် အဖွဲ့အစည်းရှိတော့ ပြည်ထောင်စု မြန်မာနိုင်ငံအကြောင်းကို တချိန်လုံး စောင့်ကြည့်မယ်။ လိုက်ပြီးတော့ သတင်းတွေ စုစည်းမယ်။ ပြဿနာ ပေါ်လာရင်လည်း သူတို့က ချက်ခြင်းတုန့်ပြန်နိုင်တယ်။ အရင်ထက်ကထက် ပိုမြန်မယ်ဆိုရင်လည်း ဒီလောက်ပါပဲ။ သာမန်အနေနဲ့ကတော့ ပေါ်လစီချလို့မရဘူး။ လူထုရဲ့ ဆန္ဒကို အစိုးရသိအောင် သူတို့ လုပ်ပေးနိုင်တယ်။ အစိုးရကလည်း သူတို့ရဲ့ လူထုဆန္ဒကို မဆန့်ကျင် ချင်ဘူးဆိုရင် ပါလီမန်ပြောတဲ့အတိုင်း သူတို့ လိုက်လုပ်မှာပဲ။ ဒါပေမယ့် ဥပဒေအရတော့ မဟုတ်ဘူးပေါ့။ ဒီမိုကရေစီ စနစ်အရ လူထုရဲ့ ဆန္ဒကို နားထောင်ရမယ်ဆိုတော့ အစိုးရတွေကတော့ နားထောင်မှာဖြစ်ပါတယ်။"
ဒီလို မြန်မာနိုင်ငံအရေး ဥရောပ ပါလီမန်
အမတ်များအဖွဲ့ ကို AIPMC မြန်မာ့အရေး အာဆီယံပါလီမန် အမတ်များ အဖွဲ့ကလည်း ကြိုဆိုလိုက်ပြီး၊
မြန်မာ့အရေးအတွက် EPCB နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ထိရောက်တဲ့ လုပ်ဆောင် ချက်တွေကို လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ AIPMC
အမှုဆောင် ညွန်ကြား ရေးမှုး Roshan Jason က ပြောဆိုပါတယ်။
ဒါ့အပြင် အခုဖွဲ့စည်းလိုက်တဲ့ မြန်မာ့ရေး
ဥရောပ ပါလီမန် အမတ်များ အဖွဲ့ EPCB ဟာ အာဆီယံ အမတ် များ အဖွဲ့ AIPMC ထက်တော့
မြန်မာ့အရေးကို ပိုမိုလုပ်ဆောင်သွားနိုင်မယ်လို့လဲ ဦးဟန်ညောင်ေ၀ က ပြောဆိုပါတယ်။
"AIPMCထက်တော့ ပိုလုပ်နိုင်မယ်။ ဘာကြောင့်လည်းဆိုရင် အာစီယံနိုင်ငံတွေ အကုန်လုံးက ဒီမိုကရေစီ အစိုးရတွေ မဟုတ်ပါဘူး။ ဥရောပ သမဂ္ဂထဲမှာက ဒီမိုကရေစီနိုင်ငံတွေဖြစ်ပါတယ်။ ၂၇နိုင်ငံ။ ဆိုတော့ လူထုရဲ့ ဆန္ဒကို သူတို့က ဆုံးဖြတ်ချက်တွေ ထုတ်ပြမယ်။ လူထုဘယ်လို မြင်သလဲဆိုတာကို အစိုးရတွေက လိုက်နာရမှာပဲဖြစ်ပါတယ်။"
EPCB အနေနဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေဖြစ်ပေါ်လာစေနိုင်ဘို့ အတွက် ဥရောပနိုင်ငံ အစိုးရတွေနဲ့ ဥရောပ သမဂ္ဂ တို့ကို ဖိအားပေးယုံမက တခြားနိုင်ငံတကာအစိုးရတွေနဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ တို့ကိုပါ မြန်မာနိုင်ငံအတွက် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှုတွေလုပ်ဆောင်ပေးဖို့ တိုက် တွန်း ပြောဆိုမှုတွေကို အဓိက လုပ်ငန်းစဉ်တွေအဖြစ်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်ရှင်။