စစ်သုံးစရိတ် ထပ်ဆောင်းဥပဒေ သမ္မတဘုရှ် အတည်ပြု

အီရတ်နဲ့ အာဖဂန်နစ္စတန်က စစ်ပွဲတွေအတွက်
စစ်အသုံးစရိတ် ထပ်ဆောင်း ဒေါ်လာသန်းပေါင်း
၁၆၂,၀၀၀ ပေးမယ့် ဥပဒေကို သမ္မတ ဂျော့ခ်ျ
ဒဗလျူ ဘုရှ် (George W.Bush) က လက်မှတ်
ရေးထိုးလိုက်ပါတယ်။ ဗွီအိုအေ အိမ်ဖြူတော်
သတင်းထောက် ပေါ်လာ ဝုဖ်ဆင် (Paula
Wolfson) အသေးစိတ် သတင်းပေးပို့ထားတာ
ကို ဦးတင်မောင်သန်းက တင်ပြပေးထားပါ
တယ်။

စစ်ဖြစ်နေချိန်မှာ စစ်ရေးတာဝန် ထမ်းဆောင်
နေကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို
ကျောထောက်နောက်ခံပေးဖို့ အမေရိကန်မှာ တာဝန်ရှိတယ်လို့ သမ္မတဘုရှ်က
ဆိုပါတယ်။

“ဒီ သူရသတ္တိပြောင်လှတဲ့ အမေရိကန်တွေဟာ ကျနော်တို့အပေါ်မှာ ကျေးဇူးရှိပါတယ်။
သူတို့အပေါ် မတွန့်မရွံ့ ထောက်ခံဖို့ ကျနော်တို့မှာ အကြွေးတင်နေပါတယ်။ အဲသလို
ထောက်ခံတာကို ပြသဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူတို့အလုပ်တွေကို လုပ်ဖို့၊
သူတို့ အောင်နိုင်ဖို့၊ သူတို့လိုအပ်တဲ့ အရင်းအမြစ်တွေ သူတို့ကို ကျနော်တို့ ပေးတာ
ပါပဲ။”

စစ်ထောက်ပံ့ရန်ပုံငွေ ဥပဒေကို လက်မှတ်ရေးထိုးပြီးတဲ့ မိနစ်ပိုင်းအတွင်းမှာ မစ္စတာ
ဘုရှ်က ပြောခဲ့တာပါ။ ဒီဥပဒေက အိမ်ဖြူတော်နဲ့ လွှတ်တော်ကြား လပေါင်းများစွာ၊
ဆွေးနွေးညှိနှိုင်း၊ ငြင်းခုံ၊ စေ့စပ်ခဲ့တာရဲ့ ရလဒ်ဖြစ်ပါတယ်။

“ရွေးကောက်ပွဲနှစ်မှာတောင် ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တွေဟာ ကျနော်တို့ရဲ့
တပ်တွေနဲ့ သူတို့ရဲ့မိသားစုတွေနောက်မှာ အတူတကွ ရပ်တည်နိုင်တယ်ဆိုတာကို
ဒီဥပဒေက ပြသတာပါပဲ။”

ဥပဒေကြမ်းအပေါ် အတူတကွ အလုပ်လုပ်ခဲ့ကြတဲ့ ပါတီ ၂ ပါတီလုံးက လွှတ်တော်
ခေါင်းဆောင်တွေကို သမ္မတက ချီးမွမ်းစကား ပြောဆိုခဲ့ပါတယ်။ ဘယ်လိုအကြောင်းမှ
အောက်ခံသတ်မှတ်မထားဘဲ လွှတ်တော်အမတ်တွေက အသုံးစရိတ်ကို ပေးခဲ့ပါတယ်
လို့ သူက ပြောပါတယ်။

“ကျနော်တို့ရဲ့ တပ်မှူးတွေကို ချည်နှောင်မထားဘဲ၊ အီရတ်က ဆုတ်ခွာဖို့လုပ်ထားတဲ့
အချိန်ဇယား မသတ်မှတ်ဘဲ ဒီ အရေးကြီးလှတဲ့ ရန်ပုံငွေကို လွှတ်တော်က ရီပတ်
ဘလီကန်နဲ့ ဒီမိုကရက်အမတ်တွေက သဘောတူခဲ့ကြတာကို ကျနော် အသိအမှတ်ပြု
ပါတယ်။”

လွန်ခဲ့တဲ့ငါးနှစ်အတွင်း အီရတ်စစ်ပွဲအတွက် စုစုပေါင်း ဒေါ်လာသန်းပေါင်း ၆၅၀,၀၀၀
ကျော် ဖြစ်သွားအောင် ဒီဥပဒေက ဖြည့်ပေးလိုက်ပါတယ်။ အာဖဂန်နစ္စတန်အတွက်
ခန့်မှန်းသုံးငွေက အကြမ်းအားဖြင့် ဒေါ်လာသန်းပေါင်း ၂၀၀,၀၀၀ ဖြစ်လာပါတယ်။

သမ္မတ လက်မှတ်ရေးထိုးလိုက်တဲ့ ဥပဒေကြောင့် စစ်ရေးဆိုင်ရာ အားထုတ်မှုတွေကို
၂၀၀၉ ခုနှစ်ထိ ကောင်းကောင်းလုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။
နောက်အသုံးစရိတ်ကိုတော့ သမ္မတဘုရှ်ကို ဆက်ခံမယ့် သမ္မတက တောင်းဆိုရမှာ
ဖြစ်ပါတယ်။