မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို နာဂစ်ဆိုင်ကလုံးမုန်တိုင်း ကျရောက်ခဲ့
တာ အခုဆို နှစ်လပြည့်သွားပါပြီ။ ပြည်တွင်းရော ပြည်ပကပါ မုန်တိုင်း
ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက်
လုပ်ခဲ့ကြလို့ ကူညီရေးလုပ်ငန်းတွေ အချို့ အောင်အောင်မြင်မြင်ရှိခဲ့တယ်
ဆိုပေမယ့် ပြန်လည်ထူထောင်ရေးအတွက်တော့ လအတန်ကြာ အချိန်ယူရဦး
မှာဖြစ်ပြီး ဒီအတွက် ရန်ပုံငွေပြတ်လတ်မှုတွေ ရှိနေတယ်လို့ အဓိက
အထောက်အပံ့တွေ ကူညီပေးနေတဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က သတိ
ပေးခဲ့ပါတယ်။ WFP ကနေ အခု နာဂစ်အလွန် နှစ်လအခြေအနေ ဘယ်လို
များ သုံးသပ်ထားပါသလဲဆိုတာ စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြ
ပေးထားပါတယ်။
နာဂစ်မုန်တိုင်းကျရောက်ခဲ့တာ အခု နှစ်လကြာပြီဆိုပေမယ့် အပျက်အစီး
အတော်များများကတော့ ရှိနေဆဲပဲလို့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက
သုံးသပ်ထားပါတယ်။ မိုးရာသီရောက်လာတာနဲ့အမျှ လယ်မြေဧက အတော်
များများ ရေလွှမ်းခံထားရတာမို့ သုံးမရဖြစ်နေတာကြောင့် စာနပ်ရိက္ခာ
အထောက်အပံ့တွေ လုပ်အပ်နေတုန်းပဲလို့လည်း တွက်ဆထားပါတယ်။
ဒါ့အပြင် မိုးတွင်းကျရောက်တာကြောင့် ကျန်းမာရေးအခြေအနေတွေလည်း
စိုးရိမ်စရာဖြစ်လာတယ်လို့ WFP နယူးယောက်ခ်ရုံး ပြောခွင့်ရသူ ဘက်တင်
လူရှာ (Bettin Luescher) က ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“နေရာအတော်များများကို ရဟတ်ယာဉ်တွေ ကုန်တင်တုန်ကင်းတွေနဲ့ပဲ
သွားလာလို့ရပါတယ်။ ဒီ တုန်ကင်းတွေ မော်တော်တွေနဲ့ စားစရာတွေ
အထောက်အပံ့တွေကို ပို့ပေးနေပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေကတော့
ကူးစက်ရောဂါတွေ ဖြစ်လာမယ့်ကိစ္စပါ။ အခု မိုးတွင်း မိုးရွာသွန်းတာက
အိုးအိမ်မဲ့ဖြစ်နေသူတွေ၊ နောက် သူတို့မှာကျန်ရှိတဲ့ အစားအစာတွေကို
ထိခိုက်တာတွေရှိတဲ့အပေါ် အခြားကူးစက်ရောဂါတွေဖြစ်လာမှာ စိုးရိမ်ရပါ
တယ်။”
အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို အတော်အတန် ဆောင်ရွက်ပြီးစီး
ခဲ့ပြီဆိုပေမယ့် လာမယ့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ပိုပြီး
ငွေကြေးကုန်ကျမယ်၊ ပိုပြီးတော့ အချိန်ယူရမယ်လို့လည်း WFP က တွက်ဆ
ထားပါတယ်။ မုန်တိုင်းသင့် မြစ်ဝကျွန်းပေါ်ဒေသဟာ လယ်ယာလုပ်ငန်းတွေ
ကို အားထားရတာဖြစ်ပြီး အခုအခြေအနေမှာ လယ်သမားတွေကိုယ်တိုင်
စိုက်ပျိုးရေးအခက်အခဲတွေ ကြုံနေရဆဲရှိတယ်လို့ WFP ပြောခွင့်ရသူက
ပြောပါတယ်။
“ဒုက္ခသည်တွေ ပြန်ပြီး နလန်ထူနိုင်ဖို့ဆိုရင် လအတန်ကြာ အချိန်ယူရဦးမှာပါ။
အခု အခြေအနေကိုကြည့်မယ်ဆိုရင် စိုက်ပျိုးရာသီ ရောက်နေပါပြီ။
လယ်သမားတွေ အတော်များများမှာ မျိုးစပါးတွေ၊ သိုလှောင်ထားတဲ့ အစား
အစာတွေ မရှိတော့ပါဘူး။ ဒါကြောင့် လာမယ့်လတွေအတွင်းမှာ ကျမတို့ရဲ့
အကူအညီပေးရေးလုပ်ငန်းတွေက အတော်အရေးကြီးပါတယ်။”
လယ်သမားတွေအတွက် မျိုးစပါးထုတ်ပေးတာတွေ၊ လယ်ထွန်ဖို့ လက်ထွန်
စက်တွေ ထုတ်ပေးတာတွေကို ကူညီရေးအဖွဲ့ အာဏာပိုင်တွေက လုပ်ပေး
နေပေမယ့် တကယ်တမ်း မျိုးစပါး အလုံအလောက်မရတာ၊ လယ်ထွန်ဖို့လည်း
ဒီဇယ်ဆီ မလုံလောက်တာတွေရှိနေပြီး အချို့လယ်မြေတွေကတော့ သုံးမရ
အောင် ရေလွှမ်းခံနေရတယ်လို့ အဲဒီဒေသကို ရောက်ခဲ့သူတွေက ဗွီအိုအေကို
ပြောထားပါတယ်။ တဖက်မှာလည်း ကူညီရေးလုပ်ငန်းတွေအတွက် ကုလ
သမဂ္ဂကိုယ်တိုင်က ငွေကြေးအခက်အခဲတွေ ရှိနေပြီး ကုလသမဂ္ဂဘက်က
အရင် နိုင်ငံတကာကို မေတ္တာရပ်ခံထားတဲ့ ငွေကြေးတောင် အပြည့်အ၀ မရခဲ့
ပါဘူး။ ဒါကြောင့်လည်း အခု ဒီလအတွင်းမှာလုပ်မယ့် ဒုတိယအကြိမ် နိုင်ငံ
တကာညီလာခံ ကျင်းပစဉ်အတွင်းမှာ ကုလသမဂ္ဂရော နိုင်ငံတကာ အန်န်ဂျီ
အိုတွေကပါ လိုအပ်ချက်တွေကို နိုင်ငံတကာအစိုးရတွေကို ထပ်မံတောင်းခံဖို့
ပြင်ဆင်နေကြပါတယ်။ ဒါနဲ့ပတ်သက်လို့ WFP ရဲ့ ပြောခွင့်ရအမျိုးသမီးက
အခုလိုပြောပါတယ်။
“အခုလာမယ့် ဇူလိုင်လုပ်မယ့် နိုင်ငံတကာညီလာခံမှာ ကုလသမဂ္ဂအနေနဲ့
ဒီအတွက် ရန်ပုံငွေတွေကို တောင်းခံဖို့ရှိပါတယ်။ အခြေအနေတွေ ပြန်လည်
ထူထောင်နိုင်ဖို့ လပေါင်းအတော်ကြာ လိုနေသေးတာမို့ ဒီအကူအညီလုပ်ငန်း
တွေအတွက် ရန်ပုံငွေတွေက တော်တော်အရေးကြီးပါတယ်။ ဒါကြောင့်
လာမယ့်ရက်အတွင်းမှာပဲ နိုင်ငံတကာ အန်န်ဂျီအိုတွေရော ဒီအစည်းအဝေး
မှာတက်ပြီး ရန်ပုံငွေကြေးရရှိရေးအတွက် ပြောဆိုဖို့ရှိပါတယ်။”
ဒီလို အခက်အခဲတွေကြားမှာပဲ WFP အနေနဲ့ကတော့ သူတို့တတ်နိုင်သ
လောက် ပြီးခဲ့တဲ့နှစ်လအတွင်း လုပ်ဆောင်နိုင်ခဲ့တာတွေ ရှိပါတယ်လို့တော့
ပြောခွင့်ရသူ ဘက်တင် လူရှာက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။
“အရေးသိပ်ကြီးတဲ့အချက်ကတော့ ကျမတို့အနေနဲ့ နိုင်ငံတကာဝန်ထမ်းတွေ
ကို မြန်မာနိုင်ငံကိုရောက်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ မုန်တိုင်းဒဏ် အဆိုး
ဆုံးခံလိုက်ရတဲ့ ဒေသတွေက လူဦးရေ ၇၃၀,၀၀၀ လောက်ကို အစားအစာ
တွေ ပို့ပေးနိုင်ခဲ့ပါတယ်။ လာမယ့်လတွေအတွင်းမှာ ဒီထက်ပိုပြီး လုပ်ဆောင်
နိုင်ဖို့လည်း ဆက်လုပ်နေပါတယ်။”
ဒါပေမယ့် အခု မုန်တိုင်းဒဏ်ခံထားရတဲ့ မြစ်ဝကျွန်းပေါ်ဒေသဟာ သွားရေး
လာရေး အခက်အခဲရှိနေပြီး ကုလသမဂ္ဂအနေနဲ့ မော်တော်တွေ၊ ရဟတ်
ယာဉ်တွေကိုတောင် ဆက်ငှားရမ်းဖို့ အခက်ကြုံနေရပြီလို့ ပြီးခဲ့တဲ့လအတွင်း
ကပဲ ပြောခဲ့ပါတယ်။ ဒါကြောင့် အခု သူတို့လုပ်နေရတဲ့ ကယ်ဆယ်ရေး
လုပ်ငန်းဟာ အခြား ကုန်တင်ထရတ်ကားတွေနဲ့ အကူအညီ အထောက်အပံ့
တွေ ပို့ပေးရတဲ့ လုပ်ငန်းတွေထက် ပိုပြီး ရှုပ်ထွေးမှုရှိတယ်လို့လည်း WFP
ပြောခွင့်ရသူက ပြောဆိုသွားပါတယ်။